by Myo Set on Saturday, August 4, 2012 at 11:59pm
·
State Sovereignty Vs UN intervention
နိုင်ငံတစ်ခုရဲ့ အချုပ်အခြာအာဏာနဲ့ပတ်သက်လို့ ကုလသမဂ္ဂမှာ တိကျပြတ်သားတဲ့မူဝါဒရှိပြီးသားဖြစ်ပါတယ်။ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေရဲ့ အချုပ်အခြာအာဏာကို ဝင်ရောက်မစွက်ဖက်ရဘူးဆိုတဲ့ မူရှိပြီးဖြစ်တယ်။ ဝင်ရောက်စွက်ဖက်ရတဲ့ အခြေအနေတွေဟာ ဘော့စ်နီးယားလိုအနေအထား၊ လစ်ဗျားလို ကိုယ့်လူကိုယ် လေယာဉ်ပျံနဲ့ ဗုံးကြဲတဲ့အနေအထားလိုနေရာမျိုးတွေကျမှပဲ စွက်ဖက်ခွင့်ရှိတာဖြစ်ပါတယ်။ ကုလသမဂ္ဂရဲ့ ဗီတိုကိုင်ထားတဲ့နိုင်ငံတွေထဲမှာ ဗီတိုပါဝါကို သုံးလိုက်ရင် ကျန်နိုင်ငံတွေက ဘယ်လောက်ပဲဆန္ဒရှိသည်ဖြစ်စေ ဗီတိုပါဝါကိုလေးစားသော အားဖြင့် လက်လျှော့ပေးရမြဲဖြစ်တယ်။ အဲ့ဒီနိုင်ငံတွေထဲက ဗီတိုပါဝါကိုင်ထားတဲ့ နှစ်နိုင်ငံဖြစ်သော တ၇ုတ်နဲ့ ရုရှားတို့ဟာ မြန်မာနဲ့ ဆက်ဆံရေးကောင်းမွန်နေကြတဲ့နိုင်ငံတွေဖြစ်ပါတယ်။ ဒါကြောင့်မို့ မြန်မာ့နိုင်ငံရေးဖြစ်စဉ်များနဲ့ ပတ်သက်လို့ ကုလသမဂ္ဂအနေနဲ့ တစ်ခုတည်းသော လမ်းကြောင်းက သံတမန်ဆက်ဆံရေးနဲ့ နိုင်ငံရေးဖိအားသာလျှင် ဖြစ်ပါတယ်။ စစ်ရေးအရ ဝင်ရောက်စွက်ဖက်မှု လုပ်ရန် ဖြစ်လည်းမဖြစ်နိုင်သလို အကြောင်းလဲမရှိပါ။
UN Policy on Stateless People
ဘယ်သူမှဝင်စွက်လို့မရ
ယနေ့မြန်မာနိုင်ငံသည် ဒီမိုကရက်တစ်နိုင်ငံလို့ ကမ္ဘာကို အသိပေးကြေငြာထားတာဖြစ်တယ်။ ဒီလို နိုင်ငံမှာ လွတ်လပ်ပြီးမျှတသော ရွေးကောက်ပွဲနဲ့ လွှတ်တော်ရှိနေရင် ဥပဒေတစ်ခုကို အဲ့ဒီလွှတ်တော်ကသာ အတည်ပြုဆုံးဖြတ်ခွင့်ရှိပါတယ်။ မြန်မာတွေက ဘင်္ဂါလီတွေအပေါ် လူမျိုးတုန်းသတ်ဖြတ်နေတာမျိုးလည်းမဟုတ်တဲ့အတွက် မြန်မာပြည်ရဲ့ နိုင်ငံသားဥပဒေကို မြန်မာပြည်ရှိ နိုင်ငံရေးပါတီကြီးများရဲ့ သဘောထားနဲ့ လွှတ်တော်အမတ်များရဲ့ ရပ်တည်ချက်က အရေးပါလာပါတယ်။ အာဏာရှင်ခေတ်မှာတောင် နိုင်ငံတော်ကောင်စီက သတ်မှတ်ပြဌာန်းခဲ့တဲ့ ဥပဒေများကို အရေးတယူ အသိအမှတ်ပြုနေရဆဲဖြစ်ပြီး ဘယ်နိုင်ငံ မှ ဝင်ရှုပ်လို့မရခဲ့ပါ။ အခုလို ဒီမိုကရေစီအသွင်ပြောင်းနေတဲ့ကာလမှာ တိုင်းပြည်ထဲက လူအများရဲ့ ဆန္ဒကို လေးစားရမယ်ဆိုတဲ့ မူကို စွဲကိုင်ထားသော ဒီမိုကရက်တစ်အနောက်ပါဝါများဟာ ပိုလို့တောင် ဝင်မစွက်နိုင်ပါ။ အပြင်ကနေ တိုက်တွန်းမှုသာ လုပ်နိုင်မှာဖြစ်ပါတယ်။
ဒီလိုအချိန်မှာ ကြံ့ခိုင်ရေးဖက်က သိသာထင်ရှားတဲ့ မူဝါဒကို လုံးဝ မပြသေးပါ။ သမ္မတဦးသိန်းစိန်သည် ကြံ့ခိုင်ရေးပါတီကို ကိုယ်စားမပြုတော့ပါ။ ဦးခင်ရီသည် နိုင်ငံ့ဝန်ထမ်းတစ်ဦးသာဖြစ်နေပါတယ်။ ဒီအချိန်မှာ ကြံ့ခိုင်ရေးအမတ် ဦးရွှေမောင် (ဘူးသီးတောင်မဲဆန္ဒနယ်) ထဲက လူတစ်ဦးရှိနေတဲ့ ပါတီအနေနဲ့ ဒီကိစ္စအပေါ် ဘယ်လို တုန့်ပြန်သင့်သလဲ ဆိုတာကို တရားဝင်မထုတ်ဖော်သေးပါ။ ထိုနည်းတူစွာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့လဲ ဒီ ဘင်္ဂါလီရိုဟင်ဂျာကိစ္စနဲ့ ၁၉၈၂ နိုင်ငံသားဥပဒေကိစ္စကိုအဆိုတင်သွင်းခြင်းကို မပြုလုပ်သေးပါဘူး။ ထင်ထင်ရှားရှားပြောတာက နိုင်ငံရေးပါတီမဟုတ်တဲ့ ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့နဲ့ NDF ပါတီတို့ပဲဖြစ်ပါတယ်။ လူထုဆန္ဒကို ကြည့််ရသလောက် ရိုဟင်ဂျာဘင်္ဂါလီတွေကို နိုင်ငံသားပေးဖို့ရာ စိတ်မဝင်စားတဲ့လူရယ်၊ ဆန့်ကျင်တဲ့လူရယ်ကပိုများပြီး လိုလားတဲ့သူ အတော်နည်းတာကိုတွေ့ရတဲ့အတွက် ဒီကိစ္စကို အဆိုတင်သွင်းရဲတဲ့ပါတီ နည်းမယ်လို့ခန့်မှန်းမိပါတယ်။ ဒါကြောင့် ဒီ ဥပဒေပြင်ဆင်ရေးကိစ္စဟာ အထူးစိတ်ပူစရာမလိုတဲ့ကိစ္စတစ်ရပ်အဖြစ်မြင်မိပါတယ်။တစ်ခု သတိပြုဖို့လိုတာက ကြံ့ခိုင်ရေးပါတီအနေနဲ့ ကိုယ့်လူကို ထိန်းနိုင်ဖို့တော့ လိုပါလိမ့်မယ်။
လိုအပ်နေသောတုန့်ပြန်မှုများ
စာရင်းဇယားများအရ ဘင်္ဂါလီ ရှစ်သိန်းကျော်ဟာ ရခိုင်ပြည်နယ်ထဲမှာ နေထိုင်ကြတာဖြစ်ပါတယ်။ လက်ခံလိုသည်ဖြစ်စေ၊ လက်မခံလိုသည်ဖြစ်စေ ဒီဘင်္ဂါလီတွေဟာ ဒီနယ်မြေထဲကိုရောက်ရှိနေကြပြီဖြစ်တယ်။ ဦးသန်းရွှေခေတ်မဟုတ်တော့တဲ့အတွက် နဂါးမင်းစစ်ဆင်ရေးလည်းထပ်လုပ်လို့မရပါဘူး။ ဒါကြောင့် ဒီအရှိတရားကို ဘယ်လို ကိုင်တွယ်ဖြေရှင်းမလဲဆိုတာသည် အဓိက ဖြစ်လာပါတယ်။ ကျနော်တို့က ဒီဘင်္ဂါလီတွေအားလုံးကို နိုင်ငံသားမဟုတ်ဘူးလို့ ငြင်းလို့မရပါဘူး။ ကြံ့ခိုင်ရေးပါတီထဲက ဘင်္ဂါလီလူမျိုးအမတ်နှစ်ဦးက ငုတ်တုတ်ကြီးရှိနေတာဖြစ်တယ်။ ဒီတော့ ကျနော်တို့ လိုအပ်တာက ဦးနု ပေးခဲ့တဲ့ နိုင်ငံသားတွေကို ပြန်လည်စိစစ်ပြီး နဂိုရှိပြီးသားနဲ့ ခိုးဝင်လာသူတွေကို ခွဲထုတ်သန့်စင်နိုင်ဖို့လိုပါလိမ့်မယ်။ ပြီးတော့မှ နိုင်ငံသားဖြစ်သူတွေက တစ်ပိုင်း၊ နိုင်ငံသားမဟုတ်ဘဲ ခိုးဝင်လာသူတွေက တစ်ပိုင်း စီမံရမှာဖြစ်ပါတယ်။
နောက်ပြီး နိုင်ငံသားမဟုတ်သူတွေပဲဖြစ်ပါစေ သူတို့ကို တိရစ္ဆာန်လို ဆက်ဆံစရာလဲမလိုပါဘူး။ ကျနော်တို့က နိုင်ငံအတွက် လူဦးရေနဲ့ ခြိမ်းခြောက်လာနိုင်တဲ့ အန္တရာယ်ကို တားနေတာဖြစ်တယ်။ လူကို လူလိုမမြင်တဲ့ စံနစ်ကို ဖန်တီးနေတာမဟုတ်တဲ့အတွက် ဒုက္ခသည်တွေအတွက် လိုအပ်မယ့် အထောက်အပံ့တွေကို ပံ့ပိုးပေးရမှာဖြစ်ပါတယ်။ ဒီလို ဆင်းရဲနေတဲ့မြန်မာပြည်မှာ ဒီလူတွေကို ဘယ်လို ပံ့ပိုးနိုင်ပါ့မလဲ။ အဲ့ဒီမှာ အခု ဖိအားပေးနေတဲ့ မွတ်စလင်နိုင်ငံတွေနဲ့ ကုလသမဂ္ဂတို့ဆီ ထိုးပေးလိုက်လို့ ရနိုင်ပါတယ်။ ဒီလူတွေအတွက် ထောက်ပံ့ကြေးတွေနဲ့ အန်ဂျီအိုတွေကို တရားဝင် ထားရှိပေးလိုက်ခြင်းအားဖြင့် အများကြီးပြေလည်သွားစရာ၇ှိပါတယ်။ ဘင်္ဂလားဒေ့ရှ်လုပ်နေတာ ဒီအချိုးပါပဲ။
၁၉၄၈ ဥပဒေ
၁၉၄၈ ဥပဒေမှာ နိုင်ငံသားပေးမှုနဲ့ပတ်သက်လို့ အားနည်းချက်တွေ ရှိနေခဲ့ပါတယ်။ နိုင်ငံသား တစ်ဦးဖြစ်ချင်ရင် မြန်မာနိုင်ငံသား/သူ တစ်ဦးကို လက်ထပ်လိုက်ရုံနဲ့ ဖြစ်နိုင်ပါတယ်။ နောက်ပြီး မြန်မာ့မြေပေါ် မွေးဖွားနေသူဖြစ်ခဲ့လျှင် လည်း ဖြစ်နိုင်ပါတယ်။ ဒါတွေဟာ နယ်စပ်လုံခြုံရေးအထူးကောင်းမွန်ပြီး သူ့ဟာနဲ့သူ စံနစ်တကျ လည်ပတ်နေတဲ့ တိုင်းပြည်တစ်ခုမှာ တွေ့ရတဲ့ ဥပဒေမျိုးတွေပဲဖြစ်တယ်။ ဒါပေမယ့် မူဂျာဟစ်သူပုန်တွေကြီးစိုးဖူးတဲ့နေရာ၊ ဒေသခံရခိုင်တွေ ဝါးမြိုခံရနိုင်တဲ့နေရာ၊ အကြမ်းဖက်အဖွဲ့အစည်းတွေနဲ့ ပတ်သက်နေကြောင်း အထောက်အထားတွေ ၇ှိနေတဲ့ဒေသက လူတွေအပေါ် ဒီလို ကျင့်သုံးလို့မဖြစ်နိုင်ပါဘူး။ ဒါ့အပြင် ဌာနေ မွတ်စလင်တွေလို မြန်မာ့ယဉ်ကျေးမှုနဲ့ အသားကျမနေတဲ့ လူတစ်အုပ်ကြီး အစိတ်စိတ်ကွဲပြီး မြန်မာနိုင်ငံထဲကို ထည့်လိုက်ရင် ပိုရှုပ်ထွေးလာမယ့်နောက်ဆက်တွကြိစ္စတွေ အများကြီးပါ။ ဒါကြောင့် A country-two policy ဆိုတာမျိုးဟာ လွှတ်တော်ထဲမှာ အကြိတ်အနယ်ဆွေးနွေးသင့်တဲ့ ကိစ္စမျိုးပဲဖြစ်ပါတယ်။ ဘင်္ဂါလီတွေအပေါ် လ.ဝ.က ဥပဒေဟာ သီးခြားဖြစ်နေခဲ့တယ်ဆို၇င်တောင် ဘာသာရေး၊ လူမျိုးရေးကြောင့်မဟုတ်ဘဲ တိုင်းပြည်ရဲ့ လုံခြုံရေး၊ ဘဏ္ဍာရေးအခြေအနေနဲ့ လူမှုရေးပဋိပက္ခတွေ ကိုရှောင်ရှားနိုင်ဖို့သာ ဖြစ်တယ်ဆိုတဲ့ တိကျ ခိုင်မာတဲ့ သံတမန်ရေးရာ ဖြေရှင်းမှုမျိုးကိုလည်း တစ်ပြိုင်နက် ထုတ်ပြန်နိုင်ရမှာဖြစ်ပါတယ်။
ချုပ်ပြောရရင် ဒီနေ့အရေးအခင်းတွေ ဖြစ်ပေါ်လာခြင်းဟာ မြန်မာအစိုးရရဲ့ လျင်မြန်ထိရောက်တဲ့ တုန့်ပြန်မှုမ၇ှိခဲ့ခြင်း၊ အတိုက်အခံအဖွဲ့များ မလူးသာမလွန့်သာ ချောင်ပိတ်မိနေခြင်း၊ ပြည်ပမီဒီယာများကို ဘင်္ဂါလီများက စီးနင်းထားနိုင်ခြင်းတို့ကြောင့် ဒီနေ့လို အနေအထားဖြစ်ခဲ့တာဖြစ်ပါတယ်။ အနောက်ကမ္ဘာအနေနဲ့ သူတို့မျက်လုံးထဲမှာ အရင်တိုင်းမယ့် ပေတံက လူ့အခွင့်အရေးချိုးဖောက်ခံရမှုဖြစ်ပါတယ်။ လူ့အခွင့်အရေးနဲ့ပတ်သက်လို့ Population Control လုပ်ရခြင်းအကြောင်းရင်းကို ကမ္ဘာသိ သတင်းစာရှင်းလင်းပွဲလုပ်ပြီး အကူအညီတောင်းခံခဲ့မယ်ဆိုရင် ဖိအားအများကြီးလျော့ကျသွားဖွယ်ရှိပါတယ်။ နောက်ပြီး ခရီးသွားလာခွင့်ကန့်သတ်ထားမှုနဲ့ပတ်သက်လို့ နယ်စပ်လုံခြုံရေးနဲ့ မစိစစ်ရသေးတဲ့ Immigration Control အနေအထားကို ထုတ်ပြပြီး ကာလတစ်ခုမှာ ဖြေရှင်းပြီးရင် နိုင်ငံသားတွေအတွက် တာဝန်ယူမှာဖြစ်တဲ့အကြောင်းကို ခပ်ပြတ်ပြတ်ပြောနိုင်ဖို့လိုပါတယ်။ တစ်ဆက်တည်းမှာပဲ နိုင်ငံသားမဟုတ်သူတွေအတွက် ဆင်းရဲသောမြန်မာနိုင်ငံကို မွတ်စလင်ကမ္ဘာကနေ အကူအညီပေးနိုင်ကြောင်း ဗြောင်ပြောလိုက်လို့ရနိုင်ပါတယ်။
ယနေ့ ရိုဟင်ဂျာကိစ္စ ဖြစ်လာတဲ့အချိန်မှာ ပြည်တွင်းမီဒီယာတွေအနေနဲ့ တရားဝင်လုပ်ပေးနိုင်တာတွေဖြစ်တဲ့ ရခိုင်ဒေသခံများရဲ့ အင်တာဗျူးတွေကို စံနစ်တကျတင်ဆက်ပေးခြင်း၊ ဗီဒီယိုအင်တာဗျူးများကို ယခုထက်သာမက မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ အင်တာနက်ပေါ်တင်ပေးနိုင်ခြင်း၊ စာရေးအားကောင်းတဲ့ စာရေးဆရာကြီးတွေအနေနဲ့ ဒီကိစ္စအပေါ် အရေးတယူနဲ့ လူထု သတိထားမိလာအောင် ရေးသားပြခြင်းတို့ကို မတွေ့ခဲ့ရပါဘူး။ အစိုးရရဲ့ပေါ့လျော့မှုတွေအနေနဲ့ နိုင်ငံတကာဖိအားတွေအပေါ်မှာ ယူအန်ဝန်ထမ်းတွေကို ဖမ်းဆီးထားခြင်းအပေါ် အမှုစစ်ဆေးတဲ့နေရာမှာ ပြည်တွင်း၊ ပြည်ပ သတင်းထောက်တွေကို ဖိတ်ခေါ်တာမျိုး၊ သတင်းစာရှင်းလင်းပွဲလုပ်ပေးပြီး ဘယ်လိုအချက်ကြောင့် ဒီလိုဖမ်းဆီးရတာဆိုတာမျိုးကို Transparency ရှိရှိ ထုတ်ဖော်ခဲ့ပြီး မွတ်စလင်နိုင်ငံသံရုံးတွေကို တရားဝင် သတင်းပေးပို့ခဲ့ရင် ဒီလို ပေါက်လွှတ်ပဲစားမှတ်ချက်တွေ ယနေ့ ကြားရချင်မှ ကြားရပါလိမ့််မယ်။ ဒါတွေအားလုံးက Strategic points of Failure ဆိုတာကို ပြနေပါတယ်။ မြန်မာပြည်ဖက်က Team Work အရမ်းနည်းပါတယ်။ အစိုးရနဲ့ အတိုက်အခံကြား ဟ နေတဲ့ အက်ကြောင်းက အရမ်းကြီးပါတယ်။ ဒီနေ့ ရိုဟင်ဂျာအရေးအခင်းက မြန်မာပြည်ကို ဝင်ကစားချင်ရင် စားချင်ရင် တံခါးဖွင့်ထားတဲ့ယနေ့လိုအချိန်မှာ အလွယ်ကလေးပဲ ဆိုတာကို ပြနေတာပဲဖြစ်ပါတယ်။
No comments:
Post a Comment