Saturday, August 11, 2012

ဘင်္ဂလီများနှင့် မြန်မာလူ့အဖွဲ့အစည်း အပိုင်း(၄)

ဘင်္ဂလီများနှင့် မြန်မာလူ့အဖွဲ့အစည်း အပိုင်း(၄)

by Myat Thein Tun on Saturday, August 11, 2012 at 5:05pm
 ·

ဘင်္ဂလီများနှင့် မြန်မာလူ့အဖွဲ့အစည်း အပိုင်း(၃)ကို ဒီနေရာကိုနှိပ်ပြီးသွားရောက်ဖတ်ရှုနိုင်ပါတယ်

ပထမဆုံးအနေနဲ့ ကျွန်တော်ရေးသားခဲ့တဲ့ မြေဒူးမူဆလင်သမိုင်းနဲ့ ပတ်သက်ပြီး ကိုရဲရင့်သစ္စာက ကျမ်းအကိုးအကားမြောက်မြားစွာနဲ့ ပြန်လည်ဖြေရှင်းသွားတာကို ဖတ်ရတာ ဗဟုသုတအများကြီး ရလိုက်တဲ့အတွက် ကျေးဇူးတကယ်တင်မိပါတယ်။ ကိုရဲရင့်သစ္စာထောက်ပြသွားတဲ့ အချက်တွေကြောင့် ကျွန်တော်ရဲ့ပြန်ကြားချက်ထဲက ပေါ့ဆမှားယွင်းမှုတွေ၊ လိုအပ်ချက်တွေ ပါဝင်နေတာကို သတိပြုမိခဲ့ပါတယ်။ ကျွန်တော်ရေးသားခဲ့တဲ့ မြေဒူးမူဆလင်တွေရဲ့ မူလအဆက်အနွယ် ဘင်္ဂလီတွေကို သံတွဲမြို့မှာ ဘုရားကျွန်အဖြစ်နေရာချထားပြီး အဲဒီက ဆံတော်၊အံတော်၊နံတော် စေတီတော်တွေကို အဲဒီဘုရားကျွန်တွေရဲ့ လုပ်အားနဲ့တည်ဆောက်ခဲ့တယ်ဆိုတဲ့အချက်ဟာ မူရင်းစာတမ်းကို ရေးခါနီးသေချာပြန်မဖတ်ပဲ ပေါ့ပေါ့ဆဆ မှားယွင်းရေးသားခဲ့တာ ဖြစ်ပါတယ်။ တကယ်တော့ ဘုရင်က အဲဒီလူမျိုးတွေကို ဘုရားမှာ အလုပ်အကျွေးပြုဖို့ထားခဲ့တာပါ။ အဲဒီစေတီတော်တွေဟာ ကိုရဲရင့်သစ္စာပြောသလို အေဒီ၈ရာစုမှာ တည်ဆောက်ခဲ့တာဖြစ်နိုင်ပါတယ်။  ဦးခင်မောင်စော ရေးသားထားတာက-
There are some Muslims living in Thandwe District. These Muslims are called "Myay Du". They are the descendants of the former "Pagoda Slaves".11 When King Min Bin (Man Ban) alias Min Bargyi (Man Bargri) reoccupied the Chittagong District in A.D. 1533, he brought back some Bengalis as prisoners of war and let them work as menial workers at Andaw, Nandaw and Sandaw Pagodas in Thandwe.

နောက်ထပ်ပေါ့ဆစွာ ရေးသားမိတဲ့ အမှားတစ်ခုက ခုနှစ်သက္ကရာဇ်အမှားဖြစ်ပါတယ်။ သံတွဲမြို့စားရဲ့ မြောက်ဦးထီးနန်းပုန်ကန်မှု အချိန်ကာလဟာ ဦးခင်မောင်စော စာတမ်းထဲမှာ ဖော်ပြထားတာက ခရစ်သက္ကရာဇ် ၁၆၀၄-ခု ဖြစ်ပါတယ်။ အဲဒါကို ကျွန်တော်က ၁၅၆၄ခုနှစ်လို့ မှားယွင်းရေးသားခဲ့ပါတယ်။ အဲဒီအတွက် မူလစာတမ်းရှင် ဦးခင်မောင်စော၊ ကျွန်တော့်ရဲ့ဆွေးနွေးဖော် ကိုရဲရင့်သစ္စာနဲ့ ဖတ်ရှုလေ့လာသူတွေအားလုံးကို အနူးအညွှတ်တောင်းပန်ပါရစေ။ နောက်ထပ်လိုအပ်ချက်တစ်ခုက ကျွန်တော်ရှာဖွေဖတ်ရှုခဲ့တဲ့ ဦးခင်မောင်စောရဲ့ စာတမ်းမှာ အကိုးအကားနှစ်ခုပါပါတယ်။ တစ်ခုက Tydd, W.D., Burma Gazetteer, Sandoway District, Vol. A, Rangoon, 1962 ဖြစ်ပြီး နောက်တစ်ခုက U Aung Thein (Publisher), Biography of Rector U Kyaw Yin (in Burmese), Pyi Daw Tha Press Rangoon, 1967, p. 187.ဖြစ်ပါတယ်။ အဲဒီထဲက ပထမတစ်ခုကိုပဲ ကျွန်တော့်စာထဲမှာ ဖော်ပြခဲ့ပါတယ်။ အဲဒီကျွန်တော်ဖော်ပြခဲ့တဲ့တစ်ခုဟာ စာတမ်းပါအကြောင်းအရာတွေကို ခိုင်ခိုင်မာမာ အထောက်အကူမပြုနိုင်ဘူးလို့ ကိုရဲရင့်သစ္စာဖတ်ရှုပြီး ထောက်ပြသွားတာ တွေ့ရပါတယ်။ အပေါ်မှာပြောခဲ့တဲ့ ကျွန်တော့်ရဲ့ပေါ့ဆမှားယွင်းမှုတွေ၊ လိုအပ်ချက်တွေကြောင့် ကျွန်တော်ကိုးကားတင်ပြခဲ့တဲ့ သမိုင်းပညာရှင် ဦးခင်မောင်စော(ဘာလင်)ရဲ့ စာတမ်းဟာ သက်သေအထောက်အထားမခိုင်လုံပဲ စာတမ်းရှင်က စိတ်ကူးယဉ်ရေးသားထားသလို ဖြစ်သွားခဲ့ရပါတယ်။ အဲဒီအတွက် ကျွန်တော့်မှာ ပြန်လည်ဖြေရှင်းဖို့ အပြည့်အ၀တာဝန်ရှိပါတယ်။
မြေဒူးမူဆလင်တွေရဲ့ မူလအဆက်အနွယ် မူဆလင်တွေ မြေဒူးအရပ်ကိုဝင်ရောက်လာပုံနဲ့ ပတ်သက်ပြီး ကိုရဲရင့်သစ္စာကBurma Gazetteer, Shwe Bo District Volume I ကို ကိုးကားထားတဲ့နေရာမှာ

" မြေဒူးမွတ်စလင်တွေရဲ့အထက်အဆက်အနွယ်တွေဟာ သတိုးဓမ္မရာဇာ သာလွန်မင်းတရားကြီး လက်ထက်က မြန်မာနိုင်ငံကိုရောက်ရှိခဲ့သူတွေဖြစ်ကြောင်း သူတို့ကိုယ်သူတို့ယုံကြည်ကြပေမယ့်၊ ပိုပြီးဖြစ်နိုင်တာကတော့ အေဒီ (၁၅၃၈-၁၅၃၉) မှာ ဘုရင့်နောင်(ကျော်ထင်နော်ရထာ) က ပဲခူးကိုချီတက်လုပ်ကြံရာကနေ ရရှိခဲ့တဲ့ စစ်သုံ့ပန်းတွေ နဲ့ အေဒီ ၁၅၄၆ မှာ တပင်ရွှေထီးမင်း က ရခိုင်ကိုကျူးကျော်ပြီး သံတွဲကို သိမ်းပိုက်ခဲ့ရာကနေ ရခဲ့တဲ့ စစ်သုံ့ပန်းတွေ ရဲ့ အဆက်အနွယ်တွေဆိုတာပါဘဲ။ ၁၁၆၄ ခုနှစ် သက္ကရာဇ်စွဲပါ သူတို့စစ်တမ်း တစ်ခုရဲ့ဖော်ပြချက် အရဆိုရင်သူတို့ရဲ့ အထက်အဆက်အနွယ်၂၈၀ ဟာ ဘုရင့်နောင်မင်းတရားကြီး လက်ထက်တော်မှာ သူတို့ဆန္ဒအလျောက် ရခိုင်နဲ့သံတွဲတို့ကနေ လာရောက်ခဲ့ကြပြီး ရွှေဘိုခရိုင်မှာရှိတဲ့ မြေဒူး၊ စည်သာ၊ စည်ပုတ္တရာ၊ ဒီပဲယင်း တို့နဲ့ တောင်ငူ ၊ ရမည်းသင်းတို့မှာပါ မြေနေရာချပေးခြင်း ခံခဲ့ရတယ်လို့   Chapter III (The People), page 64 မှာ ရေးသားမှတ်တမ်းတင်ထားပါတယ်။”

ဒီကျမ်းအကိုးအကားကို ကျွန်တော်လက်လှမ်းမှီသလောက် ရှာဖွေရရှိထားတဲ့ ကျမ်းအကိုးအကားတချို့နဲ့ ဖြေရှင်းချင်ပါတယ်။ အင်းဝမင်းဆက် ၂၃ဆက်မြောက် ရာဇမဏိစူဠစေတီဒါယကာ သတိုးသုဓမ္မရာဇာ သာလွန်မင်းတရားဟာ ခရစ်သက္ကရာဇ် ၁၆၃၂ခုနှစ်မှာ နန်းတက်ခဲ့တယ်လို့ မှတ်တမ်းများအရ သိရှိရပါတယ်။ အဲဒါကြောင့် ၁၅၃၁ခုနှစ်မှာ နန်းတက်ခဲ့တဲ့ တပင်ရွှေထီး၊ ၁၅၅၀မှာ နန်းတက်ခဲ့တဲ့ ဘုရင့်နောင်တို့က သာလွန်မင်းထက် ပိုစောပါတယ်။ အဲဒီတော့ အစောဆုံးဖြစ်တဲ့ တပင်ရွှေထီးမင်းရဲ့ ရခိုင်ကျူးကျော်စစ်ကနေ စလေ့လာကြည့်ရအောင်ပါ။ ကိုရဲရင့်သစ္စာကိုးကားတဲ့ စာတမ်းပါဖော်ပြချက်ထဲက တပင်ရွှေထီး ရခိုင်ကိုကျူးကျော်ပြီး သံတွဲကိုသိမ်းပိုက်ခဲ့တယ်ဆိုတဲ့နေရာမှာ ဒေါက်တာထင်အောင်ရဲ့ History of Burma စာအုပ်မှာ သံတွဲနဲ့ရမ်းဗြဲကို သိမ်းပိုက်နိုင်ခဲ့ပေမယ့် မြောက်ဦးမှာ ရှုံးနိမ့်ပြီး ဆုတ်ခွာခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။ အဲဒီတင်ပြချက်ကနေ စသုံးသပ်ကြည့်ပါမယ်။  ပထမဦးဆုံး ဗမာရာဇ၀င်ကျမ်းတစ်စောင်ကိုဖော်ပြပါရစေ။ ဦးဘသန်းရဲ့ ကျောင်းသုံးမဟာရာဇ၀င်ဖြစ်ပါတယ်။အောက်မှာ ဖတ်ကြည့်ပါ။




ဒေါက်တာထင်အောင်ရဲ့တင်ပြချက်ထဲမှာ သံတွဲနဲ့ရမ်းဗြဲကို သိမ်းပိုက်နိုင်ပြီး မြောက်ဦးမှာတော့ ရှုံးနိမ့်ဆုတ်ခွာခဲ့ရတယ်လို့ ရေးသားထားပေမယ့် ဦးဘသန်းရဲ့မြန်မာရာဇ၀င်မှာ စစ်ပွဲရဲ့အရှုံးအနိုင်ကို သေချာမဖော်ပြထားပါဘူး။ ဒါဗမာဖက်က ကျမ်းတွေဖြစ်ပါတယ်။ နှိုင်းယဉ်သုံးသပ်လို့ရအောင် ရခိုင်ဖက်က ကျမ်းတွေကိုလိုက်ကြည့်ရအောင်ပါ။
ရခိုင်ရာဇ၀င်ကျမ်းတွေမှာတော့ တပင်ရွှေထီးရဲ့တောင်ငူ-ဟံသာဝတီတပ်တွေကို ရခိုင်ဘုရင့်တပ်တွေ ဘယ်လိုချေမှုန်းခဲ့သလဲဆိုတာ သေချာဖော်ပြထားပါတယ်။ ပထမဆုံးအနေနဲ့ ဦးအောင်သာဦးရဲ့ ရခိုင်ရာဇ၀င်ထဲက စာမျက်နှာအချို့ကို ဖော်ပြပါရစေ။




နောက်ထပ် တပင်ရွှေထီးနဲ့ဘုရင့်နောင်တို့ ရခိုင်ဘုရင် မင်းဗာကြီးနဲ့ မင်းဖလောင်းလက်ထက်မှာ ရခိုင်ပြည်ကနေ ဘယ်လိုရှုံးနိမ့်ဆုတ်ခွာခဲ့ရတယ်ဆိုတာကို သေချာတင်ပြထားတဲ့ ဦးဖိုးသာအောင်ရဲ့ ကျမ်းထဲက စာမျက်နှာအချို့ကို ထုတ်နှုတ်တင်ပြချင်ပါတယ်။




ဒီရခိုင်ရာဇ၀င်ကျမ်းတွေကို အနှစ်ချုပ်ထားတဲ့ သမိုင်းပညာရှင်ဆရာ မောင်သာလှရဲ့ The Rakhaing စာအုပ်ထဲက စာမျက်နှာတစ်ခုကို နောက်ဆုံးအနေနဲ့ဖော်ပြပါရစေ။




မြောက်ဦးခေတ်ရဲ့ အထင်ရှားဆုံး၊အထက်မြက်ဆုံး မင်းဗာဘုရင်(၁၅၃၁)လက်ထက်မှာ ရခိုင်ရေတပ်မတော်ဟာ ပေါ်တူဂီတွေနဲ့ဖွဲ့စည်းထားပြီး ဒေသတွင်းမှာ အင်အားအတောင့်တင်းဆုံး ရေတပ်ဖြစ်ခဲ့ပါတယ်။ ကုန်းကြောင်းစစ်ဆင်ရေးမှာ အလွန်ထူးချွန်ထက်မြက်လို့ ယိုးဒယားကိုသာမက အင်ဒိုချိုင်းနားကျွန်းစွယ်တစ်ခုလုံးနီးပါးကို သိမ်းပိုက်နိုင်ခဲ့တဲ့ ဟံသာဝတီတပ်တွေဟာ ဘာဖြစ်လို့ရခိုင်ကွက်ကွက်လေးကို မသိမ်းပိုက်နိုင်ခဲ့တာလဲဆိုတဲ့ မေးခွန်းရဲ့အဖြေဟာ ရခိုင်ရေတပ်ပါပဲ။ တပင်ရွှေထီးနဲ့ဘုရင့်နောင်ဟာ ရခိုင်ကိုစစ်ချီတဲ့အချိန်မှာ ပထ၀ီအနေအထားအရ ကုန်းကြောင်းအနေနဲ့ ပြည်ဖက်က ၀င်ပြီး ရေကြောင်းအနေနဲ့ မော်တင်စွန်းကပတ်ပြီးမှသာ စစ်ချီနိုင်မှာဖြစ်ပါတယ်။ တပင်ရွှေထီးရဲ့ပထမအကြိမ်ကျူးကျော်စစ်ဟာ ပြည်မှာ ရှုံးနိမ့်ပြီးဆုတ်ခွာခဲ့ရပါတယ်။ ဒုတိယအကြိမ်ကျူးကျော်စစ်ဟာလည်း ရခိုင်ကြည်းတပ်၊ရေတပ်တွေရဲ့ ခုခံတိုက်ခိုက်မှုကြောင့် ပြေးပေါက်ပိတ်ပြီး ရဟန်းတွေများမှတဆင့် စစ်ပြေငြိမ်းဖို့ကမ်းလှမ်းရတဲ့အထိ မရှုမလှ ရှုံးနိမ့်ခဲ့ရပါတယ်။ ဒီအချက်ဟာ ဦးဘသန်း မြန်မာရာဇ၀င်မှာ ဖော်ပြထားတာနဲ့ တစ်ချို့တစ်ဝက် တူညီမှုရှိတာကို တွေ့ရပါတယ်။ ဘုရင့်နောင်ရဲ့ကျူးကျော်စစ်ဟာလည်း ရေကြောင်းတိုက်ပွဲမှာ ဘင်္ဂလားပင်လယ်တွင်းမှာ ကျင်လည်ကျက်စားနေတဲ့ ရခိုင်ဘုရင့်ရေတပ်ရဲ့တိုက်ခိုက်မှုကြောင့် ကစဥ့်ကလျားဖြစ်ပြီး လက်နက်ချအညံ့ခံတဲ့လူတွေတောင် ရှိခဲ့ပါတယ်။ ရေတပ်ပျက်တာနဲ့ ကြည်းတပ်လည်း အရေးနိမ့်ခဲ့ရတယ်လို့ ဖော်ပြထားတာကိုတွေ့ရပါတယ်။ logically သုံးသပ်ကြည့်ရင် တောင်ငူ-ဟံသာဝတီကျူးကျော်စစ်မှာ ရခိုင့်အင်ပါယာရဲု့ဒုတိယမြို့တော်ဖြစ်တဲ့ သံတွဲမြို့ကိုသာ သိမ်းပိုက်နိုင်ခဲ့မယ်ဆိုရင် အဲဒေသကိုခြေကုပ်ယူပြီး မြောက်ဦးနေပြည်တော်ကို လုပ်ကြံဖို့မခက်ခဲဘူးလို့ ယူဆမိပါတယ်။ အဲဒါကြောင့် တောင်ငူ-ဟံသာဝတီခေတ်  ဒုတိယမြန်မာနိုင်ငံတော်အတွင်းမှာ ထိုင်း၊လာအိုနဲ့ကမ္ဘောဒီယားတောင် ပါဝင်ခဲ့ပေမယ့် ဘာလို့ရခိုင်ပြည် မပါဝင်ခဲ့တာလဲဆိုတာ အဖြေကို အထက်မှာကျွန်တော်တင်ပြခဲ့တဲ့ အထောက်အထားတွေအရ လက်ခံနိုင်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်။

စစ်သုံ့ပန့်ဆိုတာ စစ်နိုင်မှသာလျှင် ဖမ်းဆီးခေါ်ဆောင်သွားနိုင်တာဖြစ်ပါတယ်။ စစ်တိုက်လို့ရှုံးတဲ့ဘုရင်ဟာ စစ်သုံ့ပန့်တွေကို ခေါ်ဆောင်သွားနိုင်ဖို့ မဖြစ်နိုင်ဘူးလို့ ယူဆမိပါတယ်။ အဲဒါကြောင့် ကိုရဲရင့်သစ္စာကိုးကားထားတဲ့ Burma Gazetteer, Shwe Bo District Volume I ထဲက တပင်ရွှေထီး သံတွဲကိုသိမ်းပိုက်ပြီးခေါ်ဆောင်လာတဲ့ စစ်သုံ့ပန့်တွေဖြစ်တယ်ဆိုတဲ့အချက်ကို ကျွန်တော့်အနေနဲ့ Historically၊Logically ငြင်းပယ်ရပါလိမ့်မယ်။ ပဲခူးဟံသာဝတီဘုရင် သုရှင်တကာရွတ်ပိကို တောင်ငူ ဘုရင့်နောင်ကျော်ထင်အနော်ရထာ ချီတက်လုပ်ကြံအောင်မြင်လို့ ရရှိလာတဲ့ မူဆလင်စစ်သုံ့ပန့်တွေကို မြေဒူးအရပ်မှာနေရာချပေးတယ်ဆိုတာနဲ့ ပတ်သက်ပြီးကျွန်တော့်မှာ  ဆွေးနွေးဖို့ လက်လှမ်းမှီတဲ့ ကျမ်းအကိုးအကားမရှိတဲ့အပြင် ရခိုင်ဒေသက ဘင်္ဂလီတွေနဲ့ပတ်သက်ခြင်း ရှိမရှိသဲသဲကွဲကွဲမသိရှိလို့ အငြင်းပွားစရာမရှိသေးပါဘူး။

နောက်တစ်ချက်ဖြစ်တဲ့ သံလျှင်စား ပေါ်တူဂီငဇင်ကာ ငှားရမ်းထားတဲ့ ကုလားပသီ၂၀၀၀ကျော်နဲ့ပတ်သက်ပြီး ကျွန်တော့်ဆီမှာ လောလောဆယ် နှိုင်းယှဉ်သုံးသပ်စရာ ကျမ်းအကိုးအကား လက်လှမ်းမမှီသေးပါဘူး။ ဒါပေမယ့် တစ်ခုစဉ်းစားစရာရှိတာက ငဇင်ကာဟာ သံလျှင်ကိုမရောက်ခင် ရခိုင်ဘုရင်ရဲ့ရေတပ်ဗိုလ်ဖြစ်ခဲ့ပါတယ်။ တနည်းအားဖြင့်ပြောရရင် ဘင်္ဂလားဖက်က ကျွန်တွေကို ဖမ်းဆီးရောင်းချတဲ့နေရာမှာ အဓိကလူတစ်ယောက်ဖြစ်နိုင်ပါတယ်။ အဲဒီတော့သူ သံလျှင်ကိုသွားရောက်တပ်စွဲတဲ့အခါ ဘင်္ဂလီကျွန်တွေပါမသွားနိုင်ဘူးလို့ ပြောလို့မရပါဘူး။ ပသီဆိုတာ အရှေ့အလယ်ပိုင်းက ပါရှမ်း(အီရန်)လူမျိုးလို့ ကြားဖူးနားဝမှတ်သားဖူးပါတယ်။ အဲဒီပသီလူမျိုးတွေရဲ့ မြန်မာပြည်ထဲဝင်ရောက်လာပုံနဲ့ ပတ်သက်ပြီး မိုရှေရေဂါရဲ့စာအုပ်ထဲမှာ မြန်မာပြည်ကသမိုင်းဆရာတွေရဲ့ ရေးသားချက်တချို့ကို ကိုးကားတင်ပြထားတာကို တစွန်းတစဖတ်ဖူးပါတယ်။ အဲဒီအချက်နဲ့ပတ်သက်ပြီး တိတိကျကျသိရဖို့ အာရပ်၊ပါရှမ်းတွေရဲ့ အရှေ့တောင်အာရှ ဟင်းခတ်အမွှေးအကြိုင်ကုန်သွယ်မှု သမိုင်းကြောင်းတွေကို အခွင့်အရေးရရင် သေချာလေ့လာကြည့်ပါအုန်းမယ်။

ကိုရဲရင့်သစ္စာ ကိုးကားတင်ပြသွားသမျှကို ခြုံငုံစဉ်းစားကြည့်တဲ့အခါ ကျွန်တော့်ရဲ့ပြန်ကြားချက်ထဲက သံတွဲကဘုရားကျွန် ဘင်္ဂလီလူမျိုးတွေ အင်းဝသို့ခိုလှုံခြင်းဆိုတဲ့အချက်ကို ငြင်းပယ်ထားတာတွေ့ရပါတယ်။ နောက်ပြီးတော့ စနေမင်းလက်ထက်မှာခိုလှုံခဲ့တဲ့ မူဆလင်တွေဟာ ဘင်္ဂလီမဟုတ်ဘူးလို့ပြောထားတာတွေ့ရပါတယ်။ ရခိုင်ရာဇ၀င်ကျမ်းတွေအရ ရခိုင်ပြည်က မူဆလင်တွေကို ကမန်၊မြေဒူး၊ဘင်္ဂလီလို့ ခွဲခြားဖော်ပြထားတယ်ဆိုတော့ခါ မြေဒူးမူဆလင်ဟာ အင်းဝက မြေဒူးမြို့ကိုအစွဲပြုပြီးခေါ်တာဖြစ်လို့ အင်းဝဘုရင်ဆီကိုခိုလှုံသွားတဲ့ မူဆလင်တွေရဲ့  မူလဇစ်မြစ်ဟာ တစ်နေရာရာဖြစ်ဖို့လိုပါတယ်။ အဲဒီမြေဒူးမူလဆင်ဟာ ပသီကဆင်းသက်လာတာလား၊ ဘင်္ဂလီကဆင်းသက်လာတာလား အဖြေထုတ်ဖို့လိုပါတယ်။ ကျွန်တော့်အနေနဲ့ ဗမာမူဆလင်တိုင်းဟာ ဘင်္ဂလီကဆင်းသက်လာတယ်လို့ အထောက်အထားခိုင်ခိုင်လုံလုံမရှိပဲ ပြောလို့မရသေးပါဘူး။ ဒါပေမယ့် ကျွန်တော့်ဆီမှာရှိတဲ့ အထောက်အထားတွေအရ သံတွဲကနေ အင်းဝကိုထွက်ပြေးခိုလှုံသွားတဲ့ မူဆလင်တွေဟာ ဘင်္ဂလီကျွန်တွေဖြစ်ကြပါတယ်။ ပထမဆုံးအကိုးအကားအနေနဲ့ ရခိုင်သမိုင်းသုတေသီ ဦးစံရွှေဘုရဲ့ စိုင်းတင်နယ်စား ရခိုင်စာဆိုတော်ပညာရှိ ဥဂ္ဂါပျံ(U Ga Byan-Governor of Sindin,Arakan) စာတမ်းထဲက စာပိုဒ်တစ်ခုကို ကောက်နုတ်တင်ပြချင်ပါတယ်။
Sometime after this Hanthawaddi was invested by the Arakanese. While this was going on and at the instigation of his guardian the prince attempted another assassination of his father. This again having fortunately failed the culprits fearing the king’s anger went over to the side of the enemy where they were received with every mark of joy and respect. But one of Min Khamaung’s wives who accompanied him pointed out that if death was to be their punishment it was far better to receive it at the hands of his father than be a friend of one who was the enemy of his own country. So the prince with his followers though opposed by overwhelming odds cut their way through and gained their own lines. The prince’s valour and might was so conspicuous on this occasion that everybody concerned in the attempt on Razagri’s life was entirely forgiven.
The next scene is laid at Sandoway. The prince went there with the avowed purpose of
worshipping at the sacred shrine; but on arrival U Ga Byan his evil genius told him that
two attempts at assassination had already failed and a third was not to be thought of. It was therefore decided upon to resort to open rebellion with thousands of dis-contented men who then resided at Sandoway. There he got together all the pagoda slaves – several thousands - who consisted of prisoners of war and under his personal command marched on Myauk-U the capital. The royal forces met and crushed the rebels, the majority of whom fled to Burma.

အိမ်ရှေ့မင်းသားရဲ့ သံတွဲကဘုရားကျွန်တွေကို စုစည်းပြီး မြောက်ဦးထီးနန်းကို ပုန်ကန်မှုနဲ့ပတ်သက်ပြီး ရာဇ၀င်ကြောင်း အထောက်အထားအနေနဲ့ ဓည၀တီအရေးတော်ပုံကျမ်းထဲက စာမျက်နှာတစ်ခုကို ဖတ်ရှုကြည့်စေချင်ပါတယ်။



မောရစ်ကောလစ်ရဲ့ မြောက်ဦးခေတ်နန်းဆက်ဇယားအရပဲဖြစ်ဖြစ်၊ ရိုဟင်ဂျာသမိုင်းဆရာ AFK.Jilani ရဲ့ဇယားအရပဲဖြစ်ဖြစ် ရခိုင်ဘုရင်မင်းရာဇာကြီး(၁၅၉၃-၁၆၁၂)လက်ထက် သားတော်အိမ်ရှေ့မင်းသား မင်းခမောင်းရဲ့ သံတွဲပုန်ကန်မှုကြောင့် ၁၆၀၄ခုနှစ်မှာ အင်းဝဘုရင်ထံခိုလှုံခဲ့ရတဲ့ ဘင်္ဂလီဘုရားကျွန်တွေရဲ့ သမိုင်းနဲ့ ကိုရဲရင့်သစ္စာတင်ပြထားတဲ့ ၁၆၉၈ခုနှစ်မှာမှ နန်းတက်လာတဲ့ အင်းဝဘုရင်စနေမင်းလက်ထက် ၁၇၀၈ခုနှစ်နဲ့ ကိုက်ညီမှုမရှိပါဘူး။ ဒီနေရာမှာ ၁၉၉၇ခုနှစ် စာပေဗိမာန်စာမူဆုရ မြေဒူးမူဆလင်သမိုင်းပြုစုသူဟာ ထင်ရှားတဲ့ ရခိုင်နိုင်ငံရေးသမား၊ ကွန်မြူနစ်ဟောင်းတစ်ဦးဖြစ်တဲ့ ဘုံပေါက်သာကျော်ရဲ့ ၁၉၉၃ခုနှစ်ထုတ် ပြည်ထောင်စုမြန်မာနိုင်ငံနှင့် ရိုဟင်ဂျာအန္တရာယ်ဆိုတဲ့ စာအုပ်ကို ကိုးကားခဲ့တာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ အဲဒီစာအုပ်ရဲ့ စာမျက်နှာ၈၆မှာ -

မြေဒူးများသည်  နှစ်ပေါင်း ၆၀ခန့် အဒီ၁၇၂၃ခုနှစ်ထိ သံတွဲတွင် အခြေချနေထိုင်ခဲ့ကြသည်။၎င်းတို့သည် အခန်း(၃/၄)တွင်ဖော်ပြခဲ့သည့်အတိုင်း စန္ဒ၀ိဇယခေတ်မှာ သံတွဲမှ မြေဒူးထွက်ပြေးသွားသည့် မူဆလင်များဖြစ်သည်။ ၎င်းတို့၏ ဇာတိအရပ်မှာ အရှေ့ဘင်္ဂလား သောင်းထီးကျွန်းဖြစ်သည်။ မင်းဗာဘုရင် ဘင်္ဂါ၁၂မြို့ကို ချီတက်အောင်ပွဲခံ၍ ပြန်လာချိန်တွင် သောင်းထီးကျွန်းမှ စစ်သုံ့ပန့်များကို ခေါ်ဆောင်လာပြီး သံတွဲတွင်နေရာချထားခဲ့သည် လို့ရေးသားဖော်ပြထားပါတယ်။ ဒီထဲမှာ တင်ပြထားတဲ့ မြေဒူးမူဆလင်တွေအင်းဝကို ၀င်ရောက်ခိုလှုံတဲ့ခုနှစ်ဟာ ဆရာမောင်ကျော်ရှင်းရဲ့ မြေဒူးမူဆလင်သမိုင်းထဲက ခုနှစ်နဲ့၁၅နှစ်လွဲနေပါတယ်။ အင်းဝမင်းဆက်ဇယားကိုပြန်ကြည့်တဲ့အခါ အဲဒီအချိန်အင်းဝမှာ စနေမင်းနောက်က တနင်္ဂနွေမင်းနန်းတက်တဲ့အချိန်ဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် မြေဒူးမူဆလင်တိုင်းဟာ ရခိုင်က၀င်လာတဲ့ ဘင်္ဂလီဘုရားကျွန်တွေမဟုတ်ဘူးဆိုတဲ့အချက်ကို လောလောဆယ်မှာ ကျွန်တော့်အနေနဲ့ logically လက်ခံနိုင်ပါတယ်။ ဒါပေမယ့် မြေဒူးမူဆလင်အဖွဲအစည်းမှာ ရခိုင်ကဘင်္ဂလီတွေလုံးဝမပါဘူးဆိုတာကိုတော့ အပေါ်မှာတင်ပြထားတဲ့ သမိုင်းအထောက်အထားတွေအရ လက်မခံနိုင်ပါဘူး။

အဲဒီလိုမျိုး သံတွဲဘုရားကျွန် ဘင်္ဂလီအဆက်အနွယ်တွေ ပါဝင်နေတာကြောင့် နောက်နှစ်နှစ်ရာကျော်ကြာတဲ့အချိန် ဘိုးတော်ဘုရားရဲ့ ရခိုင်ကျူးကျော်စစ်မှာ ပါဝင်ခဲ့ပြီးတော့ ဗမာတပ်တွေပြန်ဆုတ်သွားတဲ့အချိန်မှာ တချို့ဟာ သံတွဲမှာပြန်အခြေချတဲ့အတွက် ရခိုင်ပြည်နယ်အတွင်း ဗမာစကားပြော မြေဒူးမူဆလင်ဆိုပြီး ခုရှိနေတဲ့ ဘင်္ဂလီရီုဟင်ဂျာတွေနဲ့မတူတဲ့ ဘာသာတရားကိုးကွယ်မှုကလွဲလို့ ကျန်တဲ့မြန်မာနိုင်ငံသားတွေနဲ့ လူနေမှုစရိုက်၊စိတ်နေသဘောထားထပ်တူညီတဲ့ မျိုးနွယ်စုတစ်ခုရှိနေခဲ့တာဖြစ်ပါတယ်။ ခုလောက်ဆိုရင် ဦးခင်မောင်စော(ဘာလင်)ရဲ့ Religion of Arakan စာတမ်းထဲက မြေဒူးမူဆလင်သမိုင်းတင်ပြချက်ဟာ ကျမ်းကိုးစာရင်း ပြည့်ပြည့်စုံစုံဖော်ပြဖို့ လိုအပ်ခဲ့တာကလွဲလို့ စာတမ်းရှင်ရဲ့ အထောက်အထားမရှိပဲ စိတ်ကူးဥာဏ်ကွန့်မြူးပြီး ရေးထားတာမဟုတ်ဘူးဆိုတာကို လက်ခံနိုင်လိမ့်မယ်လို့မျှော်လင့်မိပါတယ်။

နောက်ထပ် ကိုရဲရင့်သစ္စာရဲ့ ပြန်ကြားချက်ထဲမှာ ဌာနေတိုင်းရင်းသားဆိုတဲ့ အသုံးအနှုန်းနဲ့ပတ်သက်ပြီး ကျွန်တော့်ကို မေးခွန်းထုတ်ထားတာ တွေ့ရပါတယ်။ ဌာနေတိုင်းရင်းသားအဖြစ် သတ်မှတ်ဖို့ ကျွန်တော်တို့ သမိုင်းဦးဘုံမြေခေတ်ကို ပြန်သွားစရာမလိုဘူးထင်ပါတယ်။ ဌာနေတိုင်းရင်းသားအဖြစ်သတ်မှတ်ခြင်းဟာ သတ်မှတ်နိုင်တဲ့အခွင့်အာဏာရှိသူ မင်း၊အစိုးရနဲ့ သက်ဆိုင်ရာလူ့အဖွဲ့အစည်းက သတ်မှတ်ခဲ့တဲ့အတွက် ပေါ်ပေါက်လာရတာလို့ ယူဆမိပါတယ်။ ပထမဆုံးအထောက်အထားအနေနဲ့ မြန်မာ့သမိုင်းမှာ ပထမဦးဆုံးအခွန်တော်ကောက်ယူခြင်း စစ်တမ်းတစ်စောင်ဖြစ်တဲ့ ဘိုးတော်ဘုရား(ဗဒုံမင်း)စစ်တမ်းနဲ့ ပတ်သက်ပြီး ကြားဖူးနားဝမှတ်သားဖူးတာလေးတွေကို ပြန်ပြောပြပါရစေ။ ဘိုးတော်ဘုရားဟာ သူ့ပိုင်နက်အတွင်းက တိုင်းသူပြည်သားများကို အခွန်ကောက်ယူဖို့အတွက် လူမျိုးနဲ့လူဦးရေစာရင်းကောက်ခံတဲ့နေရာမှာ လူတွေကို အတန်းအစားလေးမျိုး ခွဲခြားသတ်မှတ်ပြီး ကောက်ယူခဲ့ပါတယ်။ အဲဒီအတန်းအစားလေးမျိုးကတော့ အသည်၊အလာ၊၀င်နေ နဲ့ ကပ်ပါးတို့ပဲဖြစ်ကြပါတယ်။ အဲဒီထဲမှာ ပထမဆုံးဖြစ်တဲ့ အသည်မျိုးဆိုတာက တိုင်းပြည်မှာနေထိုင်ကြတဲ့ ဗမာအပါအ၀င် ခုဌာနေတိုင်းရင်းသားအဖြစ် သတ်မှတ်ခံထားရတဲ့ လူမျိုးစုတွေဖြစ်ကြပါတယ်။ သူတို့ဟာ တိုင်းရင်းသား၊နိုင်ငံသားစစ်စစ်တွေအဖြစ် သတ်မှတ်ခံခဲ့ရတယ်လို့ သိရပါတယ်။ အလာဆိုတာကတော့ နိုင်ငံရပ်ခြားက ၀င်လာအမှုထမ်းနေတဲ့ နိုင်ငံခြားသားတွေ ဒေသခံမြန်မာတွေနဲ့အိမ်ထောင်ကျပြီး နိုင်ငံသားဖြစ်ခွင့်ရရှိထားသူတွေဖြစ်ကြပါတယ်။ အဲဒီထဲမှာ ကုလား၊ပသျှူး၊ကသည်း၊ပေါ်တူဂီ၊အာမေးနီးရမ်း စတဲ့လူမျိုးတွေ အကုန်ပါမယ်ထင်ပါတယ်။ နောက်ထပ်တစ်မျိုးဖြစ်တဲ့ ၀င်နေ ကျတော့ ရေကြည်ရာမြက်နုရာ ရွေ့ပြောင်းအခြေချလာကြတဲ့ တရုတ်၊ကုလား အနွယ်တွေပါဝင်ပါတယ်။ အဲဒီလူတွေကတော့ နိုင်ငံသားမဟုတ်တဲ့အခွန်ဆက်လူတန်းစားဖြစ်ကြပါတယ်။ နောက်ဆုံးတစ်မျိုးဖြစ်တဲ့ ကပ်ပါးကျတော့ စစ်သုံ့ပန့်၊ကျွန်တွေ ဖြစ်ကြပါတယ်။ ဒီလူတန်းစားကတော့ အခွန်ဆက်ရလိမ့်မယ်မထင်ပါဘူး။ အဲဒီစစ်တမ်းကိုအခြေခံပြီး ၁၉၈၂ နိုင်ငံသားဥပဒေကို ရေးဆွဲခဲ့တယ်လို့ ကြားဖူးနားဝမှတ်သားဖူးပါတယ်။ အပေါ်မှာပြောခဲ့သမျှကို ခြုံငုံပြီးပြောရရင် ဌာနေတိုင်းရင်းသားဖြစ်ခြင်းဆိုတာ ခေတ်အဆက်ဆက် အစိုးရမင်းများရဲ့ သတ်မှတ်ခြင်းကြောင့်ဖြစ်ပေါ်လာရတာဖြစ်ပါတယ်။ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်၊မျိုးနွယ်စုတစ်ခုက ကိုယ့်ဘာသာ သတ်မှတ်ချင်တိုင်းသတ်မှတ်လို့မရပါဘူး။ အဲဒါကြောင့် ရိုဟင်ဂျာဆိုတဲ့လူမျိုးဟာ သမိုင်းကြောင်းအရပဲဖြစ်ဖြစ်၊ အစိုးရသတ်မှတ်ချက်အရပဲဖြစ်ဖြစ် ဌာနေတိုင်းရင်းသား လုံးဝမဟုတ်ဘူးဆိုတာ ထင်ရှားနေပါတယ်။ ဘင်္ဂလီတွေဟာ မြောက်ဦးခေတ်ရခိုင်ဘုရင့်နိုင်ငံတော်မှာ တချို့တလေ နိုင်ငံသားဖြစ်ခွင့်ရရှိခဲ့ကြပါတယ်။ ဒါပေမယ့် တိုင်းရင်းသားဖြစ်တယ်ဆိုတဲ့ အထောက်အထားမတွေ့ရပါဘူး။ အနီးစပ်ဆုံးသမိုင်းအထောက်အထားအနေနဲ့ ခွဲခြားမှုမရှိပဲ တိကျလှပါတယ်ဆိုတဲ့ အင်္ဂလိပ်ကိုလိုနီခေတ်စစ်တမ်းတစ်ရပ်မှာတောင် ဘင်္ဂလီကို တိုင်းရင်းသားအဖြစ်ထည့်သွင်းဖော်ပြတာမျိုး မရှိခဲ့ပါဘူး။ 1906 Akyab District Gazetteer မှာ ခုလိုဖော်ပြထားတာတွေ့ရပါတယ်။

Indigenous Races: - Arakanese (239,649), Burmese (35,751), Kamis (11,95), Mros (10,074), Chins(9,415),Diangnets (3,412),Chaungthas(247)and Thets(232).     
Non-Indigenous Races: - British(209), Eurasians(158), Chinese(4390), Shaikhs (152,074), Saiyyads (1,254), Pathans (126), Zairbadis (108), other Muslims (1,325), Sudras (6,016), Kayasths (2,888), Uriyas (625), Brahmans (398), Chatris (377), Dhobis (263), Waddars (233), Nats (226), Burua Maghs (165), Chettis (164), Doms (143), Malas (142), Marabans (125), Banias (114) and other Hindus Castes (2,104).

အားလုံးကို ခြုံငုံပြီးသုံးသပ်ရမယ်ဆိုရင် မြောက်ဦးခေတ်ကတည်းက စစ်သုံ့ပန့်၊ကျွန်အဖြစ် ၀င်ရောက်လာတဲ့ ဘင်္ဂလီတွေဟာ ဒီနေ့အချိန်မှာ မြန်မာနိုင်ငံသားအဖြစ် အများစုဟာ တရားဝင်အသိအမှတ်ပြုခံထားရပြီး မြန်မာနိုင်ငံအနှံ့အပြားက မြန်မာမူဆလင် လူ့အဖွဲ့အစည်းတွင်းမှာ တခြားဗုဒ္ဓဘာသာမြန်မာတွေနဲ့ လိုက်လျောညီထွေနေထိုင်နေကြတဲ့ မြန်မာမူဆလင်တွေဖြစ်ကုန်ကြပါပြီ။ ခုလက်ရှိရခိုင်ဒေသတွင်းမှာ သန်းနဲ့ချီပြီး အလုံးအရင်းရှိနေကြတဲ့ ရိုဟင်ဂျာခေါ် ဘင်္ဂလီတွေကတော့ ကိုလိုနီခေတ်တွင်းနဲ့ ပါလီမန်ခေတ်ဦး မြန်မာပြည်ကောင်းစားစဉ်ကာလက ပြောင်းရွေ့အခြေချခဲ့ကြတဲ့ ဘင်္ဂလီတွေရဲ့မျိုးဆက်တွေဖြစ်ကြပါတယ်။ အဲဒီထဲမှာ နဂိုရှိနေတဲ့ ဘင်္ဂလီဦရေအနည်းအကျဉ်းပါကောင်းပါနေနိုင်ပါတယ်။ ဒါပေမယ့်မျိုးဆက်သုံးလေးဆက်အတွင်း စစ်တကောင်းဘင်္ဂလီတွေနဲ့ရောနှောသွားတဲ့အတွက် စီစစ်ရွေးချယ်ဖို့မဖြစ်နိုင်တဲ့အနေအထားကို ရောက်သွားတယ်လို့ ယူဆမိပါတယ်။ 

၁၉၄၂ ကုလား-ရခိုင်အဓိကရုန်းနဲ့ ၁၉၄၇ မူဂျာဟစ်ဆူပူအုံကြွမှုအကြောင်းကို ဘင်္ဂလီများနှင့် မြန်မာလူ့အဖွဲ့အစည်း အပိုင်း(၅)မှာ ဆက်လက်ရှင်းလင်းပါအုန်းမယ်။


                                                                                             လေးစားစွာဖြင့်
                                                                                             မြတ်သိန်းထွန်း(၁၁၊၈၊၂၀၁၂)

လာရောက်ဖတ်ရှုလေ့လာကြတဲ့ မိတ်ဆွေအပေါင်းအသင်းများကို တစ်ခုမေတ္တာရပ်ခံပါရစေ။ကျွန်တော်နဲ့ကိုရဲရင့်သစ္စာတို့ရဲ့ အချိန်ပေးပြီး ကြိုးစားလေ့လာရေးသားတင်ပြထားတာတွေကို အသိအမှတ်ပြုတယ်ဆိုရင် ကျွန်တော်တို့နှစ်ယောက်ဆွေးနွေးနေတဲ့ သမိုင်းအကြောင်းအရာတွေနဲ့ဆက်စပ်မှုမရှိတဲ့ ဘာသာရေးငြင်းခုန်ခြင်းတွေကို ကျေးဇူးပြုပြီးလာမရေးကြပါနဲ့။ အဲဒီဘာသာရေးငြင်းခုန်ခြင်း၊ လူမျိုးရေးတိုက်ခိုက်စော်ကားခြင်းတွေရေးမယ့်အစား ခုကျွန်တော်ရေးသားတင်ပြထားတဲ့ သမိုင်းအကြောင်းအရာတွေနဲ့ ပတ်သက်ပြီး ဝေဖန်ဆွေးနွေးထောက်ပြတာမျိုးက ကျွန်တော့်အတွက်ရော၊ လာရောက်ဖတ်ရှုလေ့လာသူတွေအတွက်ပါ အကျိုးရှိစေမှာဖြစ်ပါတယ်။ တစ်ခုထပ်မှာချင်တာက ကိုရဲရင့်သစ္စာနဲ့ကျွန်တော်တို့ဆွေးနွေးမှုဟာ မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင်တွေနဲ့ ဗုဒ္ဓဘာသာဝင်တွေကြားမှာ ဖြစ်ပွားနေတဲ့ တင်းမာမှုတွေ ပြေလျှော့ပြီး အပြုသဘောဆက်ဆံရေးတွေတိုးတက်လာဖို့ ရည်ရွယ်ပြီး ခုလိုဆွေးနွေးနေတာဖြစ်တဲ့အတွက် အနှောင့်အယှက်မပေးကြဖို့ လေးစားစွာ မေတ္တာရပ်ခံပါရစေ။ ကျေးဇူးတင်ပါတယ်။

No comments:

Post a Comment