Saturday, July 7, 2012

ဘင်္ဂလီများနှင့် မြန်မာလူ့အဖွဲ့အစည်း အပိုင်း(၂)

ဘင်္ဂလီများနှင့် မြန်မာလူ့အဖွဲ့အစည်း အပိုင်း(၂)

by Myat Thein Tun on Thursday, July 5, 2012 at 3:02am ·
 
ဘင်္ဂလားဒေ့ရှ်မှာ ရှိနေတဲ့ ရခိုင်၊မရမ္မာ(ဘင်္ဂလီအခေါ် Mugh) တွေဟာ နိုင်ငံသား၊တိုင်းရင်းသားအဖြစ် အသိအမှတ်ပြုခံရမှုနဲ့ ပတ်သက်ပြီး ကျွန်တော်က ဌာနေတိုင်းရင်းသားဖြစ်လို့ဆိုတဲ့ တင်ပြချက်ကို ကိုရဲရင့်သစ္စာက ကျမ်းအကိုးအကားနဲ့ငြင်းပယ်သွားတာ တွေ့ရပါတယ်။ အဲဒီကျမ်းအလိုအရ ဒီလူမျိုးတွေဟာ ဗမာကျူးကျော်စစ်ကာလအတွင်း စစ်ဘေးကြောင့် စစ်တကောင်းကိုပြောင်းရွေ့အခြေချတဲ့ လူတွေဖြစ်တယ်၊ ဘင်္ဂလီတွေဟာ သူတို့ထက်စောပြီး စစ်တကောင်းမှာ အခြေချနေထိုင်ခဲ့တယ်လို့ ပြောထားပါတယ်။ အဲတော့ခါ စစ်တကောင်းဆိုတဲ့နာမည်ကို စဉ်းစားကြည့်ရအောင်ပါ။ ဒီနာမည်ဟာ ရခိုင်နာမည်လား၊ ဘင်္ဂလီနာမည်လား။ ဒီဒေသမှာ ဘင်္ဂလီထက်ရခိုင်တွေ စောပြီးနေထိုင်ခဲ့တာလို့ ကျွန်တော်မပြောခဲ့ပါဘူး။ ဒါပေမယ့် ဒီဒေသဟာ အစ္စလာမ်ဘာသာ မ၀င်ရောက်ခင် ရာစုနှစ်အတန်ကြာ ရခိုင်ဘုရင့်ပိုင်နက်အတွင်းမှာ ရှိနေခဲ့တယ်ဆိုတဲ့ သမိုင်းကြောင်းတွေ အများကြီးရှိပါတယ်။ နောက်တစ်ချက်က မရမ္မာလူမျိုးတွေဟာ ပဲခူး ဟံသာဝတီကို မြောက်ဦးဘုရင် မင်းရာဇာကြီးလက်ထက်က ၁၅၅၉ခုနှစ်မှာ အောင်မြင်ခဲ့လို့ အဲဒီကမြန်မာလူမျိုးတွေကို ရခိုင်ကိုခေါ်ဆောင်လာပြီး စစ်တကောင်းမှာအခြေချစေရာကနေ ရခိုင်အသံထွက် ရရစ်သံနဲ့ မြန်မာကနေ မရမ္မာလို့ဖြစ်လာတယ်ဆိုပြီး မှတ်သားဖူးပါတယ်။ ဒီလူမျိုးတွေရဲ့ ပထမဆုံးနယ်ပယ်ရှင်က ဗိုလ်မင်း(Bohmong-ရခိုင်သံ)  မောင်စောဖြူ(၁၅၉၉-၁၆၃၁)ဖြစ်တယ်လို့ သိရပါတယ်။ ခုချိန်ထိ ဘုရင့်နောင်မျိုးဆက်ရဲ့ နောက်ဆုံးလက်ကျန် ဗိုလ်မင်းတစ်ယောက်ဟာ အဲဒီနယ်ရဲ့ နယ်ပယ်ရှင် ရာဂျာအဖြစ် ဘင်္ဂလားဒေ့ရှ်အစိုရရဲ့ အသိအမှတ်ပြုမှုကို ခံထားရပါတယ်။ဒီဟာအတွက် ခုသက်ရှိထင်ရှားရှိနေတဲ့ နယ်ပယ်ရှင် ဗိုလ်မင်းအောင်ရွှေဖြူနဲ့ ၀ီကီပီဒီယားကလွဲရင် တခြားခိုင်မာတဲ့ ကျမ်းအကိုးအကား လက်လှမ်းမမှီနိုင်သေးတဲ့အတွက် ကိုရဲရင့်သစ္စာ ပြောသွားတဲ့အချက်ကို စောဒကတက်ဖို့ အခက်အခဲရှိနေတာကို ၀န်ခံလိုပါတယ်။


၁၉၄၆ခုနှစ်က ဗိုလ်မင်းတောင်နယ်ပယ်ရှင် ဗိုလ်မင်းကျော်ဇောစံကို အိန္ဒိယဘုရင်ခံချုပ် လာရောက်တွေ့ဆုံတဲ့ပုံဖြစ်ပါတယ်။


Raja AUNG SHWE PRU CHOWDHURY
ဒါကတော့ လက်ရှိနယ်ပယ်ရှင် ဗိုလ်မင်းအောင်ရွှေဖြူဖြစ်ပါတယ်။

အဲဒီလူမျိုးတွေကို ရခိုင်တွေက မရမ္မာလို့ခေါ်ပြီး ဘင်္ဂလီတွေကတော့ မရမ္မာနဲ့ရခိုင်ကို Magh လို့ တစ်ခုတည်းပေါင်းခေါ်ကြပါတယ်။ မရမ္မာဟာ မြန်မာ(ဗမာ)အဆက်အနွယ်တွေဖြစ်လို့  သူတို့ဟာ ကမန်လိုပဲ ရခိုင်စကားပြောတဲ့ ရခိုင်မဟုတ်တဲ့ မျိုးနွယ်စုတစ်ခုပါ။ နိုင်ငံတော်အစိုးရကတော့ မရမ္မာအပါအ၀င် ရခိုင်ပြည်နယ်က ကမန်၊မြို၊ခမီစတဲ့ တခြားမျိုးနွယ်စုတွေကိုလည်း ရခိုင်မျိုးနွယ်စုထဲမှာ ထည့်သွင်းဖော်ပြခဲ့ပြီး အဲဒီလိုထည့်သွင်းဖော်ပြတာကို ရခိုင်လူမျိုးတွေက လိုလိုလားလား လက်ခံခဲ့ကြပါတယ်။ ရခိုင်တွေ၊မရမ္မာတွေဟာ ၁၈ရာစု ဗမာကျူးကျော်စစ်ကြောင့် ရခိုင်ပြည်ကနေထွက်ပြေးတဲ့အချိန်ကျမှ စစ်တကောင်းကို ရောက်လာတာဖြစ်တယ်၊ အဲမတိုင်ခင် ရခိုင်တွေ စစ်တကောင်းမှာ အခြေချနေထိုင်မှုဟာ ခိုင်မာတဲ့ မှတ်တမ်းမှတ်ရာမရှိဘူးလို့ ကိုရဲရင့်သစ္စာက Encyclopaedia Brittanica ရဲ့ Marma entry ကို ကိုးကားပြီး ဖော်ပြထားတာတွေ့ရပါတယ်။ နောက်တဆက်တည်း သမိုင်းကို ကျကျနနခြေရာကောက်ကြည့်မယ်ဆိုရင် ဘင်္ဂလီတွေ ရခိုင်မှာအခြေချတဲ့ ခုနှစ်က ရခိုင်တွေ ဘင်္ဂလားမှာအခြေချနေထိုင်ခဲ့တဲ့ ခုနှစ်ထက်ပိုစောတယ်လို့ ဆိုထားပါသေးတယ်။အဲဒီတော့ အဲဒီခေတ်မတိုင်ခင် စစ်တကောင်းကို ရခိုင်အုပ်စိုးမှုဟာ ပါးစပ်ရာဇ၀င်အဖြစ် သတ်မှတ်ရမလိုဖြစ်နေပါတယ်။ အဲဒီကျမ်းမှာဖော်ပြထားတဲ့ ခိုင်မာတဲ့ သမိုင်းအထောက်အထား မရှိဘူးဆိုတဲ့ သုံးသပ်ချက်အပေါ်မှာ ကျွန်တော်လက်လှမ်းမှီသလောက် ရှာတွေ့ထားတဲ့ ကျမ်းအကိုးအကားအနည်းငယ်ကို တင်ပြချင်ပါတယ်။ ပထဆုံးအနေနဲ့ ဒေါက်တာထင်အောင်ရဲ့ ၁၉၆၇ခုနှစ်က အမေရိကန်ပြည်ထောင်စု ကိုလံဘီယာတက္ကသိုလ်က  History of Burma စာအုပ်ထဲမှာပါတဲ့ အချက်အလက်အချို့ကို ပထမဆုံးထုတ်နုတ်တင်ပြချင်ပါတယ်။
Benefiting from the trade with Bengal and Malacca, Arakan became so prosperous and powerful that in 1459 its forces seized the Indian port of Chittagaung. ---ref: A History of Burma by Maung Htin Aung; Columbia University Press (USA)1967 pp 98.
ဒေါက်တာထင်အောင်ဖော်ပြထားတဲ့ ၁၄၅၉ခုနှစ်မှာ ရခိုင်တွေ စစ်တကောင်းကို သိမ်းပိုက်နိုင်ခဲ့တယ်ဆိုတော့ အဲဒီနယ်မြေကို သိမ်းပိုက်ပြီးတာနဲ့ ရခိုင်တွေမနေပဲ ဘင်္ဂလီတွေချည်းပဲ သက်သက်ထားခဲ့တာလား။ အနည်းဆုံး အခွန်ကောက်ခံဖို့ အုပ်ချုပ်ရေးအဖွဲ့နဲ့ ကူးသန်းရောင်းဝယ်ရေး လုပ်ဖို့ လူဦးရေအသင့်အတင့် နေရာချထားမှာဖြစ်ပါတယ်။ အဲဒီလိုပဲ အသိမ်းပိုက်ခံနယ်မြေက ဘင်္ဂလီတွေဟာလည်း မြောက်ဦးမြို့တော်ကို ဘုရင့်အစီအစဉ်နဲ့ရောက်ရှိလာတာ ဖြစ်ပါတယ်။ အဲဒီသမိုင်းကြောင်းကို ထပ်မံအတည်ပြုဖို့ Leiden University မှာ van Galen,Stephan Egbert Arie တို့ပြုစုခဲ့တဲ့ Arakan and Bengal : the rise and decline of the Mrauk U kingdom (Burma) from the fifteenth to the seventeeth century AD ဆိုတဲ့ ပါရဂူဘွဲ့စာတမ်းမှာ၁၅ရာစုကနေ စတင်ပြီး မြောက်ဦးခေတ် ရခိုင်ဘုရင့်နိုင်ငံတော်ရဲ့ ဘင်္ဂလားနဲ့ ပတ်သက်ဆက်ဆံမှု၊ လွှမ်းမိုးမှုတွေကို အထောက်အထားများစွာနဲ့ တင်ပြထားပါတယ်။ အဲဒီစာတမ်းရဲ့ အခန်း(၄)မှာ ဖော်ပြထားတဲ့  မြောက်ဦးဘုရင် မင်းခမောင်း(၁၆၁၂-၁၆၂၂) ရဲ့ ဒတ်ခ်ျဘုရင်ခံချုပ်ဆီကို ပေးပို့တဲ့ ရာဇသံ ပထမပိုဒ်အရ မင်းခမောင်းဟာ အရှေ့ဖက်မှာပဲခူးဟံသာဝတီနဲ့ အနောက်ဖက်မှာ စစ်တကောင်းအပြင် ဒါကာအထိ အာဏာစက်လွှမ်းမိုးမှုရှိတယ်လို့ သိရှိရပါတယ်။




အဲဒီအချက်တွေကိုကြည့်ရင် ၁၆ရာစု ရခိုင်ဘုရင့်လက်အောက်ခံ စစ်တကောင်းနယ်မှာ ရခိုင်တွေနေထိုင်မှုမရှိခဲ့ဘူးဆိုတာ logically သုံးသပ်ကြည့်ရုံနဲ့ ဖြစ်နိုင်၊မဖြစ်နိုင် သိနိုင်ပါတယ်။ ကိုရဲရင့်သစ္စာပြောတဲ့ ခိုင်မာတဲ့အထောက်အထားမရှိဘူးဆိုတဲ့ အချက်ဟာ အေဒီ၆ရာစုနဲ့၈ရာစုကြား ရခိုင်ဝေသာလီခေတ်မှာ စစ်တကောင်းဟာ ဝေသာလီလက်အောက်ခံ နယ်မြေတစ်ခုဖြစ်ခဲ့တယ်ဆိုတဲ့ အချက်ဖြစ်ပါလိမ့်မယ်။ ဒါနဲ့ပတ်သက်ပြီး ရှေးဟောင်း သုတေသနသမားတွေဆီမှာ ကျောက်စာအထောက်အထားတွေ ရှိကောင်းရှိပါလိမ့်မယ်။ လောလောဆယ် ကျွန်တော်တို့နှစ်ယောက်စလုံး လက်လှမ်းမမှီတဲ့အတွက် စောဒကတက်စရာ မရှိပါဘူး။


ဘင်္ဂလားဒေ့ရှ်နိုင်ငံ တိုင်းရင်းသားလူမျိုးများပြမြေပုံ

ရခိုင်၊မရမ္မာတွေကို ဌာနေတိုင်းရင်းသားအဖြစ် ဘင်္ဂလားဒေ့ရှ်က အသိအမှတ်ပြုခဲ့တယ်လို့ ကျွန်တော်ပြောခဲ့ပါတယ်။ အဲဒါကလည်း အပေါ်က ဘင်္ဂလားဒေ့ရှ်ရဲ့ တိုင်းရင်းသားလူမျိုးများပြမြေပုံကို ကြည့်ပြီးပြောတာပါ။ သူတို့ဘင်္ဂလားဒေ့ရှ်မှာ စတင်နေထိုင်ခဲ့တဲ့အချိန်ဟာ ရခိုင်မှာ ဘင်္ဂလီတွေ စတင်နေထိုင်ခဲ့တဲ့အချိန်နဲ့ အတူတူ ဒါမှမဟုတ် နောက်ကျတဲ့အတွက် မြန်မာဖက်မှာလည်း ဘင်္ဂလီတွေဟာ ဌာနေတိုင်းရင်းသားဖြစ်တယ်လို့ ကိုရဲရင့်သစ္စာဆိုလိုချင်ပုံရပါတယ်။ ကျွန်တော်မှားကောင်းမှားနိုင်ပါတယ်။ ဒါကလည်း  ကိုရဲရင့်သစ္စာရဲ့ပြန်ကြားချက်ထဲက အချက်အလက်အချို့ကို ခြုံငုံသုံးသပ်ပြီး ပြောကြည့်တာပါ။ ရခိုင်သမိုင်းသုတေသီ ဦးရွှေဇံက သူ့ရဲ့စာအုပ်တစ်အုပ်မှာ ဘင်္ဂလီကို ရခိုင်၊မရမ္မာတွေလို Nationals လို့ သုံးနှုန်းတင်ပြခဲ့ကြောင်း ကိုရဲရင့်သစ္စာ အထောက်အထားတစ်ခုပေးထားတာ တွေ့ရပါတယ်။ အဲဒီအချက်နဲ့ဆက်စပ်ပြီး ဦးရွှေဇံက လက်ရှိရခိုင်ပြည်နယ်ထဲက ရိုဟင်ဂျာဆိုသူတွေကို ဘယ်လိုသုံးသပ်ခဲ့တယ်ဆိုတဲ့ အထောက်အထားတစ်ခုကို ကျွန်တော်ပေးချင်ပါတယ်။



ကျွန်တော်ဗဟုသုတရှိသလောက်ပြောရရင် မြောက်ဦးခေတ်မှာ ဘင်္ဂလီတွေဟာ စစ်သုံ့ပန့်၊ကျွန်အဖြစ် ရောက်ရှိလာခဲ့တာဖြစ်ပြီး ကမန်တွေလို ဘုရင်ကသူကောင်းပြု နိုင်ငံသားဖြစ်ခွင့်ရခဲ့တာ မဟုတ်ပါဘူး။ ဒီအချက်ဟာ ဘင်္ဂလားဒေ့ရှ်က ရခိုင်၊မရမ္မာတွေရဲ့ ကနဦးအခြေအနေနဲ့ တော်တော်ကွာခြားပါတယ်။ မရမ္မာတွေဟာ စစ်တကောင်းနယ်မှာ အုပ်ချုပ်သူအပါအ၀င် လူ့အဖွဲ့အစည်းတစ်ရပ်ကို သက်ဆိုင်ရာ အာဏာပိုင် ရခိုင်ဘုရင်မင်းမြတ်ရဲ့ ခွင့်ပြုချက်နဲ့ အခြေချနေထိုင်ခွင့်ရခဲ့တာပါ။ အဲဒီဒေသဟာ သူတို့အခြေချနေထိုင်ပြီးနောက်ပိုင်း ပိုမိုဖွံ့ဖြိုးစည်ပင်လာတဲ့အပြင် ဒေသတွင်းက တခြားလူမျိုးစုတွေကိုပါ သြဇာလွှမ်းမိုးမှု ယခုအချိန်ထိရှိနေပါတယ်။ နိုင်ငံခြားသွားပြီဖြစ်ပေမယ့် သူတို့ရဲ့ရိုးရာယဉ်ကျေးမှု အစဉ်အလာကို ခုချိန်ထိ မပျောက်ပျက်အောင် ထိန်းသိမ်းထားနိုင်တဲ့အပြင် ဒေသတွင်းမှာ လူမျိုးရေး၊ဘာသာရေး ပဋိပက္ခဖြစ်မှုဟာ ခုရခိုင်မှာရှိနေတဲ့ ဘင်္ဂလီ(ရိုဟင်ဂျာ)ဆိုသူတွေနဲ့ယှဉ်ကြည့်ရင် အရမ်းကွာခြားတာကို တွေ့ရပါတယ်။ ယခုလက်ရှိ အဲဒီနယ်မှာ နှစ်စဉ်နှစ်တိုင်းပြုလုပ်နေတဲ့ ဗိုလ်မင်းအခွန်တော်ဆက်ပွဲမှာ အဲဒီနယ်မှာရှိတဲ့ရခိုင်၊မရမ္မာတွေသာမက သက်၊ခမီ၊မြို၊ဒိုင်းနက်တွေပါမကျန် ဘင်္ဂလီလူမျိုးတွေပါ လာရောက်အရိုအသေပေးကြတာကို တွေ့ရပါတယ်။ အဲဒီမရမ္မာလူမျိုးစုဟာ သက်ဆိုင်ရာအစိုးရအပေါ် သစ္စာစောင့်သိပြီး ပုန်ကန်ထကြွမှုမရှိပဲ အေးအေးလူလူနေတဲ့ မျိုးနွယ်စုတစ်ခုအဖြစ် သိရှိထားပါတယ်။ ဒီအချက်နဲ့ဆက်စပ်ပြီး ရခိုင်ကဘင်္ဂလီတွေရဲ့ အနေအထားကို ပြန်ကြည့်တဲ့အခါ ယခုလက်ရှိနိုင်ငံမဲ့ဖြစ်နေတဲ့ ဘင်္ဂလီတွေဟာ မြောက်ဦးခေတ်ကတည်းက ရောက်ရှိနေကြတဲ့ ကမန်နဲ့ ဘင်္ဂလီမျိုးနွယ် မြေဒူးမူဆလင်တွေလို အိမ်ရှင်နိုင်ငံအပေါ်မှာ သစ္စာစောင့်သိပြီး အေးအေးချမ်းချမ်းနေခဲ့ကြမယ်ဆိုရင် ခုချိန်မှာ သူတို့ဟာ မြန်မာနိုင်ငံသားတွေဖြစ်ပြီး မြန်မာ့လူနေမှုစရိုက်နဲ့ အံဝင်ဂွင်ကျဖြစ်နေလောက်ပါပြီ။ အဲဒီလိုမဟုတ်ပဲ သူများနယ်မှာ တစ်စင်ထောင်ဖို့ကြိုးစားခဲ့လို့ ခုလိုအခြေအနေတွေ ဖြစ်လာရတာပါ။ နှစ်ပေါင်းဘယ်လောက်ပဲကြာကြာ နေထိုင်ခဲ့တယ်ပြောပြော ဧည့်သည်ဟာ အိမ်သားဖြစ်ချင်ရင် အိမ်ရှင်ကိုလေးစားဖို့ မဖြစ်မနေလိုအပ်ပါတယ်။ လူနည်းစုအခွင့်အရေးကို ရှေ့တန်းတင်ပြောချင်ရင် တစ်နိုင်ငံလုံးရဲ့အကျိုးစီးပွားဖြစ်တဲ့ နိုင်ငံတော်လုံခြုံရေးကို မထိခိုက်ဖို့လိုပါတယ်။

ကိုရဲရင့်သစ္စာရဲ့ ပြန်ကြားချက်တစ်ခုမှာ ဒီရိုဟင်ဂျာဆိုသူတွေကို တိုင်းရင်းသားအဖြစ် ၀န်ကြီးချုပ်ဦးနုက တရားဝင်ကြေငြာသွားတယ်လို့ ပြောခဲ့ပါတယ်။ ဒါပေမယ့် လွှတ်တော်ရဲ့ အဆုံးအဖြတ်ကို ခံယူခဲ့တာမျိုး မရှိကြောင်းကိုလည်း ဖခင်ကြီးနဲ့ဆရာဆီမှာ မေးမြန်းပြီး သိခဲ့ရတယ်လို့ အမှန်အတိုင်း ရိုးသားစွာပြောသွားတာကို တွေ့ပါတယ်။ ပါလီမန်ဒီမိုကရေစီ စနစ်မှာ လွှတ်တော်ရဲ့ဆုံးဖြတ်ချက်သာလျှင် တရားဝင်ဖြစ်ပြီး ၀န်ကြီးချုပ်ကပြောတာပဲဖြစ်ဖြစ်၊သမ္မတကပြောတာပဲဖြစ်ဖြစ် မဲဆွယ်ကာလကတိစကားဟာ တရားဝင်မဟုတ်ပါဘူး။ ဒီမိုကရေစီနိုင်ငံတွေမှာ ရွေးကောက်ပွဲမတိုင်ခင် အရွေးခံနေတဲ့ သမ္မတက ပြည်သူတွေရဲ့ မဲဆန္ဒကို လိုချင်လို့ ပြောတတ်တာ ဓမ္မတာပါ။ သမ္မတ ဂျော့ဘုရှ်ဆိုရင် ရွေးကောက်ပွဲမတိုင်ခင်က “Read my lips, I won’t raise taxes” ကျနော်ပြောတာကို သေသေချာချာ နားထောင်ကြပါ ကျနော်သမ္မတဖြစ်လာခင် ပြည်သူ့အခွန်ကို တိုးမကောက်ပါဘူးလို့ ဆိုပြီး တိုးကောက်ခဲ့လို့ သူ့ရဲ့သမ္မတသမိုင်းမှာ အမဲစက်စွန်းထင်းခဲ့ရပါတယ်။ ယခုဖြစ်နေတဲ့ပြဿနာတွေဟာလည်း သမိုင်းတရားခံဦးနုရဲ့ ရှေ့နောက်မဆင်ခြင်ပဲ ပြောခဲ့တဲ့ မဲဆွယ်စကားကြောင့်ပါ။ ဒီအကြောင်းအရာကို ထပ်ပြီးပြောရတာဟာ ကိုရဲရင့်သစ္စာက ရိုဟင်ဂျာဖက်ကထောက်ခံပြောဆိုနေလို့ ဆိုတဲ့သဘောမျိုးမဟုတ်ပဲ ပြည်ပအခြေစိုက် ရိုဟင်ဂျာခေါင်းဆာင်ဆိုသူတွေ အမြဲလိုလို စွဲကိုင်ပြောဆိုနေတဲ့အတွက် မြန်မာမူဆလင်တချို့ ထင်ယောင်ထင်မှားမဖြစ်အောင် ထပ်ပြောရတာပါ။


နောက်တစ်ချက်က မြန်မာနိုင်ငံက မူဆလင်အမျိုးသမီးတချို့ရဲ့ အာရပ်စတိုင်ဝတ်စားဆင်ယင်မှုနဲ့ ပတ်သက်ပြီး ကျွန်တော်ရဲ့ အယူသည်းတယ်လို့ မြင်တဲ့အမြင်အပေါ်မှာ ကိုရဲရင့်သစ္စာက ယခုခေတ်လူငယ်အချို့ဝတ်ဆင်နေတဲ့ ခေတ်လွန်ဖက်ရှင်တွေ နှိုင်းယှဉ်မေးခွန်းပြန်ထုတ်သွားတာ တွေ့ရပါတယ်။ ဒီနေရာမှာ ကျွန်တော်ပြောတဲ့ အယူသည်းခြင်းဆိုတဲ့အမြင်ဟာ အဲဒီဘာသာရေးဝတ်စားဆင်ယင်မှုအပေါ် တစ်စုံတစ်ရာ ဝေဖန်ပုတ်ခတ်လိုစိတ်မရှိပဲ မျက်မှောက်ခေတ်အနေအထားအရ မြန်မာ့လူနေမှုစရိုက်နဲ့ လိုက်လျောညီထွေမရှိတဲ့အပေါ်မှာ မူဆလင်မဟုတ်တဲ့ လူတစ်ယောက်ရဲ့အမြင်ကို ရိုးသားစွာတင်ပြခြင်းသာဖြစ်ပါတယ်။ ၀တ်စားဆင်ယင်မှုနဲ့ပတ်သက်ပြီး ကျွန်တော်အနေနဲ့ ခေတ်လွန်ဝတ်စားဆင်ယင်မှုပုံစံတွေကို မနှစ်မြို့သလို ခေတ်နောက်ပြန်ဆွဲပြီး လက်ရှိခေတ်အနေအထားနဲ့ မကိုက်ညီတဲ့ ၀တ်စားဆင်ယင်မှုမျိုးကိုလည်း သဘောမကျပါဘူး။ အိန္ဒိယအမျိုးသမီးတစ်ယောက် ဆာရီဝတ်တာ၊ မူဆလင်အမျိုးသမီးတစ်ယောက် ခေါင်းစွပ်ဝတ်တာ၊ ပန်ချာပီတစ်ယောက် ခေါင်းပေါင်းဆောင်းတာ၊ဆံထုံးထုံးတာနဲ့ ပတ်သက်ပြီး ကျွန်တော့်အနေနဲ့ ဘယ်လိုမှထူးထူးခြားခြား မခံစားရပါဘူး။ အမျိုးသမီးတစ်ယောက်အနေနဲ့ လုံလုံခြုံခြုံဝတ်ပြီး ဘာသာရေးအရခေါင်းစွပ်ဆင်မြန်းတဲ့ ဖက်ရှင်ဟာ အရှေ့တောင်အာရှမှာ မထူးဆန်းတဲ့ဖက်ရှင်ပါ။ မလေးရှား၊အင်ဒိုနီးရှားက အမျိုးသမီးတွေရဲ့ ခေါင်းစွပ်ရောင်စုံလေးတွေနဲ့ ဖက်ရှင်ဟာ သူ့ဟာနဲ့သူ လှပခေတ်မှီနေပါတယ်။ ဒါပေမယ့် တကိုယ်လုံးအနက်ရောင်တစ်မျိုးတည်း ၀တ်ဆင်ပြီး မျက်နှာဖုံး၊ခြေအိတ်၊လက်အိတ်စွပ်ပြီး အပြင်ထွက်တာမျိုးကြတော့ ကျွန်တော်တို့နိုင်ငံမှာ အထူးအဆန်းဖြစ်နေပါတယ်။ နွေရာသီလိုပူအိုက်တဲ့အချိန်မျိုးဟာ ကျွန်တော့်အတွက်တော့ အဲဒီအမျိုးသမီးဟာ တော်တော်ဂရုဏာသက်စရာ ဖြစ်နေပါတယ်။ နောက်တစ်ချက်က မျက်မှောက်ခေတ် လူမှုပေါင်းသင်းဆက်ဆံရေးနယ်ပယ်မှာ မျက်နှာထားအကဲခတ်ပြီး ပေါင်းသင်းဆက်ဆံရတာမျိုးတွေ ရှိပါတယ်။ အဲတော့ခါ ဘယ်သူဘယ်ဝါ identity မသိရပဲ မျက်နှာဖုံးကြီးနဲ့ဆိုတော့ တော်တော်ဂွကျမယ်ထင်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ကိုရဲရင့်သစ္စာအနေနဲ့ ဘာသာရေးရှုထောင့်ကနေ အကြောင်းပြချက်မြောက်မြားစွာရှိမှာပါ။  ကျွန်တော့်အနေနဲ့ ဒီကိစ္စကို ကန့်ကွက်နေတာမဟုတ်ဘူးဆိုတာကို နားလည်ပေးစေချင်ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ ဘာသာရေးဆိုင်ရာနေရာတွေကလွဲလို့ လွတ်လပ်စွာဝတ်စားဆင်ယင်ခွင့်ရှိပါတယ်။ ဒါပေမယ့် လွတ်လပ်စွာဝတ်စားဆင်ယင်ခွင့်၊ ဘာသာရေးလွတ်လပ်ခွင့်ဆိုတဲ့နေရာမှာ အိန္ဒိယကဂျိမ်းဘာဘာတွေလို အ၀တ်ဗလာနဲ့ နေတာမျိုးကျတော့ မြန်မာလူ့အဖွဲ့အစည်းနဲ့ ဘယ်လိုမှ အံဝင်ဂွင်ကျရှိမှာမဟုတ်ပါဘူး။

ကျွန်တော်မသိတဲ့ ကိုရမ်ကျမ်းထဲက အကြောင်းအရာတချို့ကို ဥပမာပေးပြီး နားလည်အောင်ရှင်းပြပေးသွားတဲ့အတွက် ကျေးဇူးတင်တဲ့အကြောင်း ထပ်မံပြောကြားပါရစေ။ ဒါပေမယ့် လက်ရှိအခြေအနေတွေကို လေ့လာကြည့်တဲ့အခါ ကိုရဲရင့်သစ္စာရဲ့ ပုဂ္ဂိုလ်တစ်ဦးချင်းရဲ့ လုပ်ရပ်ကိုဥပမာပေးပြီး ရှင်းပြသွားတဲ့ ပုံစံနဲ့သိပ်အံဝင်ဂွင်ကျမဖြစ်ဘူးလို့ ယူဆမိပါတယ်။ ခုရခိုင်မှာဖြစ်နေတဲ့ပြဿနာဟာ လူ့အဖွဲ့အစည်းနှစ်ခုရဲ့ ပြဿနာဖြစ်ပါတယ်။ အဖွဲ့အစည်းနှစ်ဖက်စလုံးမှာ သနားစရာကောင်းတဲ့ အပြစ်မဲ့သူတွေ ကိုယ်စီရှိနေကြပါတယ်။ အဲဒီလိုပဲ ရန်ငြိုးဒေါသနာကျည်းမှုတွေနဲ့ ပြည့်လျှံနေတဲ့လူတွေလည်း အများကြီးရှိနေပါတယ်။ သွေးဆာပြီး သတ်ဖြတ်လိုစိတ်ပြင်းထန်နေတဲ့ လူတွေလည်းရှိနေကြပါတယ်။ အဲဒီအနေအထားမှာ ဘယ်သူကကောင်းတယ်၊ ဘယ်သူကမကောင်းဘူးဆိုတာကို ခွဲခြားရခက်တဲ့ အနေအထားမှာရှိနေပါတယ်။ နောက်တစ်ခုက သနားစရာကောင်းတဲ့ အပြစ်မဲ့သူတွေဟာလည်း အပြန်အလှန်သတ်ဖြတ်မှုတွေကြားမှာ သွေးဆာနေတဲ့လူသတ်သမားတွေအဖြစ် အချိန်မရွေးပြောင်းလဲသွားနိုင်တဲ့ အနေအထားမှာ ရှိနေပါတယ်။ ဒီအချိန်မှာ တချို့လူတွေပြောနေသလို အကြမ်းဖက်မှုတွေကို ရှုံ့ချပါတယ်လို့ပြောနေခြင်းက တကယ်တမ်းအလုပ်မဖြစ်တဲ့ ကြားနေမှုလို့ပဲ ကျွန်တော်သုံးသပ်မိပါတယ်။ အဲဒီတော့ အလုပ်ဖြစ်မယ့်နည်းလမ်းက ဘာဖြစ်နိုင်မလဲ။ ကျွန်တော်တို့ဘယ်ဖက်ကရပ်သင့်သလဲ။ လက်ရှိအနေအထားအရ ရခိုင်ပြည်နယ်မှာ ဒီလူမျိုးစုနှစ်မျိုးထဲက တစ်မျိုးမျိုးမရှိတော့မှသာ အေးချမ်းမယ့်သဘောမှာရှိတယ်လို့ မြင်မိပါတယ်။ အဲဒီတော့ ပြည်ထောင်စုတစ်ရပ်လုံးရဲ့ သဘောထားက ဘယ်လိုနေမလဲ။ ကျွန်တော့်အမြင်ပြောရရင် ဒီဘင်္ဂလီလူမျိုးတွေ ခုလိုရခိုင်ပြည်နယ်တွင်းမှာ အစုလိုက်အပြုံလိုက်ရှိခြင်းဟာ အချိန်မရွေးပေါက်ကွဲနိုင်တဲ့ မီးတောင်တစ်ခုလိုဖြစ်နေတယ်လို့ မြင်ပါတယ်။ အပြန်အလှန်ရန်ငြိုးတွေကြားမှာ တရားဥပဒေစိုးမိုးအောင် ဘယ်လောက်ပဲလုပ်လုပ် အခန့်မသင့်တာနဲ့ သွေးမြေကျမှုတွေ ထပ်ဖြစ်လာမှာဖြစ်ပါတယ်။ အဲဒီတော့ ကိုရဲရင့်သစ္စာရဲ့ နည်းလမ်းသုံးခုက အံဝင်ဂွင်ကျမဖြစ်တဲ့အတွက် နောက်ထပ်နည်းလမ်းအသစ်တစ်ခုကို စဉ်းစားကြည့်ရအောင်ပါ။

ဒီဘင်္ဂလီတွေကို နိုင်ငံမဲ့ဒုက္ခသည်အဖြစ်ဆက်ထားခြင်းဟာ ကမ္ဘာ့အလည်မှာ နိုင်ငံ့သိက္ခာကိုကျဆင်းစေတဲ့အပြင် အစွန်းရောက်အကြမ်းဖက်အဖွဲ့အစည်းတွေ၊ နိုင်ငံရေးလုပ်စားသူတွေ၊ လူမှောင်ခိုသမားတွေရဲ့ အသုံးချခံဘ၀ကို ရောက်စေပါတယ်။ လာမယ့်ရွေးကောက်ပွဲကာလတွေမှာ နိုင်ငံရေးပါတီတွေရဲ့ လွန်ဆွဲမှုတွေအတွင်း အဂတိလိုက်စားမှုတွေရဲ့ အသုံးချခံဖြစ်လာနိုင်ပြီးတော့ အဲဒီဟာတွေနဲ့ ဆက်နွယ်ပြီး ဒေသတွင်းတည်ငြိမ်အေးချမ်းမှုကို ထိခိုက်လာနိုင်တဲ့အတွက် ဖွံ့ဖြိုးမှုလမ်းကြောင်းပေါ်တက်လှမ်းခါစ ကျွန်တော်တို့နိုင်ငံအတွက်လည်း ထိခိုက်နစ်နာမှုတွေအများကြီး ဖြစ်ပေါ်စေပါလိမ့်မယ်။ အဲဒီတော့နှစ်ဦးနှစ်ဖက် အကျိုးရှိအောင် ကုလသမဂ္ဂအကူအညီနဲ့ တတိယနိုင်ငံတွေကို လွှဲပြောင်းအခြေချဖို့ စီစဉ်နိုင်မယ်ဆိုရင် ခုဖြစ်နေတဲ့ပြဿနာတွေ နိဂုံးချုပ်သွားလိမ့်မယ်လို့ ရိုးသားစွာထင်မြင်ယူဆမိပါတယ်။ ဒီအခြေအနေတွေဖြစ်ပေါ်လာစေဖို့ အဓိကတာဝန်ယူဆောင်ရွက်နိုင်သူကတော့ ကျွန်တော်တို့ရဲ့ နိုင်ငံတော်အစိုးရပဲဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိအာဏာရအစိုးရဟာ ယခင်အာဏာရှင် အစိုးရတွေလက်ထက်က နာမည်ပျက်မှုတွေကြောင့် နိုင်ငံတကာမှာ ထောက်ခံမှုလုံလုံလောက်လောက် မရနိုင်တဲ့အနေအထားမှာ ရှိနေပါတယ်။ အဲဒါကြောင့် နိုင်ငံတကာထောက်ခံမှုကို အပြည့်အ၀ရရှိထားတဲ့ အတိုက်အခံအင်အားစုတွေပါ ဒီကိစ္စကို အစိုးရနဲ့ပူးပေါင်းပြီး နိုင်ငံတကာကို အကူအညီတောင်းဖို့ လိုအပ်လာပါပြီ။ ဒါနဲ့လုံလောက်ပြီလားဆိုတော့ မလုံလောက်သေးပါဘူး။ ပြည်သူတစ်ရပ်လုံးကပါ ပူပေါင်းပါဝင် အရေးဆိုဖို့လိုအပ်ပါတယ်။ အဲဒီနေရာမှာ အဓိကအကျဆုံးက ပြည်တွင်းက မြန်မာမူဆလင် လူ့အဖွဲ့အစည်းပဲ ဖြစ်ပါတယ်။ ခုလက်ရှိအချိန်မှာ ကမ္ဘာ့မူဆလင်အသိုင်းအ၀ိုင်းမှာ ရိုဟင်ဂျာအရေးလှုပ်ရှားနေတဲ့ ပြည်ပအခြေစိုက် လူ့အခွင့်အရေးနာမည်ခံအဖွဲ့အစည်းတွေ၊ ဘင်္ဂလီခေါင်းဆောင်တွေကြောင့် သမိုင်းအတု၊သတင်းအတုအယောင်တွေနဲ့ နားလည်မှုလွဲမှားတာတွေ အများကြီးရှိနေပါတယ်။ အဲဒီလို သူတို့ကို ဌာနေတိုင်းရင်းသားအဖြစ် နားလည်မှုလွဲမှားပြီး မြန်မာနိုင်ငံအတွင်းမှာ တိုင်းရင်းသားအခွင့်အရေးရရှိရေးအတွက် ထောက်ခံနေတာဟာ ဒီလူမျိုးတွေကို ဒီနိုင်ငံအတွင်းမှာ ဆက်လက်ဒုက္ခခံခိုင်းပြီး သူတို့ရဲ့ပြည်ပရောက်ခေါင်းဆောင်တွေရဲ့ အိတ်ကပ်ထဲကို အလာဟသပိုက်ဆံထည့်ပေးနေတာနဲ့ အတူတူဖြစ်နေပါတယ်။ အဲဒါကြောင့် မြန်မာမူဆလင်အသိုင်းအ၀ိုင်းတစ်ခုလုံး ဒီအရေးမှာ နိုင်ငံတော်နဲ့အတူ တစ်ဖက်တည်းရပ်ဖို့လိုအပ်ပါတယ်။ အဲဒီလိုပူးပေါင်းလုပ်ဆောင်မှသာလျှင် ရိုဟင်ဂျာတွေလည်း နိုင်ငံမဲ့ဘ၀ကနေလွတ်မြောက်ပြီး မြန်မာနိုင်ငံထက်တိုးတက်တဲ့ နိုင်ငံတွေမှာ လူတန်းစေ့ဘ၀ကို ပိုင်ဆိုင်ခွင့်ရမှာဖြစ်သလို ပြည်တွင်းကမြန်မာမူဆလင်တွေအနေနဲ့လည်း တခြားမြန်မာတိုင်းရင်းသားတွေရဲ့ နိုင်ငံအပေါ်သစ္စာစောင့်သိမှုနဲ့ ပတ်သက်ပြီး အထင်မြင်လွဲမှားနေမှုတွေကို ချေဖျက်ပြီးသား ဖြစ်သွားပါလိမ့်မယ်။ အနီးစပ်ဆုံးဥပမာအနေနဲ့ ၈၈ကျောင်းသားခေါင်းဆောင် ကိုမြအေးရဲ့ ရပ်တည်ချက်နဲ့ သူ့ရဲ့ရပ်တည်ချက်အပေါ် မူဆလင်မဟုတ်တဲ့ လူထုရဲ့တုန့်ပြန်မှုကို ကြည့်ရင် ကျွန်တော်အဆိုပြုတဲ့ကိစ္စဟာ ဖြစ်နိုင်ခြင်းရှိမရှိ သုံးသပ်ကြည့်နိုင်ပါတယ်။ ခုတင်ပြသွားသမျှအကြောင်းအရာတွေဟာ ကိုရဲရင့်သစ္စာရဲ့ ကျွန်တော့်အပေါ် တလေးတစားပြန်ကြားမှုတွေကနေ အထင်အမြင်လွဲမှားမှုတွေ ပပျောက်ပြီး အပြုသဘောစဉ်းစားမိလာတဲ့ မျှော်လင့်ချက်တွေဖြစ်ပါတယ်။ တစ်နေ့နေ့တချိန်ချိန်မှာ အမုန်းတရားတွေကင်းစင်ပြီး ကမ္ဘာ့အလယ်မှာ စံပြဒီမိုကရေစီနိုင်ငံတစ်ခုကို မြင်တွေ့ခွင့်ရပါစေလို့ ဆုတောင်းရင်း……

ကိုရဲရင့်သစ္စာရဲ့ မွေးနေ့ရက်မြတ်မှာ အလ္လာအရှင်ရဲ့ ကောင်းချီးမင်္ဂလာ ပိုင်ဆိုင်နိုင်ပါစေ။

                                                                                                                   မြတ်သိန်းထွန်း(၄.၇.၂၀၁၂)

No comments:

Post a Comment