Tuesday, September 18, 2012

နိုင်ငံတော်အစိုးရ သမ္မတထံသို့ မောင်တောမြို့နယ်မြို့မိမြို့ဖများက တင်သွင်းသည့် အစီအရင်ခံစာ အပိုင်း(၁)

နိုင်ငံတော်အစိုးရ သမ္မတထံသို့ မောင်တောမြို့နယ်မြို့မိမြို့ဖများက တင်သွင်းသည့် အစီအရင်ခံစာ အပိုင်း(၁)

by Won Thar Nu on Wednesday, September 19, 2012 at 12:58am ·

ဝ:၀:၁  နိဒါန်း
မြန်မာနိုင်ငံအနောက်မြောက်ပိုင်းတွင် လက်ငင်းဖြစ်ပွားနေသော လူမျိုးရေးအသွင်ဆောင်သည့် အရေးအခင်းကို သေချာစွာစီစစ်ကြည့်လျှက် ယခုအစီအရင်ခံစာကို ရေးသားတင်သွင်းရခြင်းဖြစ်ပါသည်။ ရည်ရွယ်ချက်မှာ
(၁)        စတင်ဖေါက်ခွဲသည့်အကြမ်းဖက်သမားများ၏ နောက်ဆုံးရည်မှန်းချက်ကို စီစစ်ဖေါ်ထုတ်ရန်။
(၂)        နောင်အလားတူမဖြစ်ပေါ်စေရေးအတွက် ကြိုတင်ဆောင်ရွက်ရမည့် လုပ်ငန်းမျာကို   စီစစ်တင်ပြရန်
(၃)        စိတ်ချရသော လုံခြုံရေးအခြေအနေများ အစဉ်တည်ရှိနိုင်ရေးအတွက် ဒေသခံများက ပူးပေါင်း ဆောင်ရွက်နိုင်သည့် စီမံချက်များ ချမှတ်အကောင်အထည်ဖေါ်သွားရန် တို့ဖြစ်ပါသည်။

ဝ:၀:၂  လတ်တလော အကြောင်းအချက်များ
၂၈.၅.၁၂ နေ့က  ရမ်းဗြဲမြို့နယ်အတွင်းဖြစ်ပွားခဲ့သော တိုင်းရင်းသူအမျိုးသမီးတစ်ဦးအား မူဆလင်လူငယ်တစ်စုက အကြမ်းဖက် သတ်ဖြတ်ခဲ့မှုကိုအကြောင်းပြု၍ ရခိုင်ပြည်နယ်အတွင်း ဆက်တိုက်ဖြစ်ပွားခဲ့သော အရေးအခင်းကြီးများမှာ နိုင်ငံတော်၏ အချုပ်အခြာအာဏာကိုထိပါးသည့်လတ်တလောအကြောင်းအချက်များပင်ဖြစ်ပါသည်။ သို့သော် ဤရမ်းဗြဲ အဖြစ်အပျက်ကို အပေါ်ယံဆင်ခြင်ကြည့်ပါက ပြစ်မှုဆိုင်ရာဥပဒေချိုးဖောက်မှုပင် ဖြစ်သည်ဟု ထင်မြင်နိုင်ပါသည်။
            အမှန်တကယ်မှာ ဤပြစ်မှုနောက်ကွယ်တွင် လွန်ခဲ့သောနှစ်ပေါင်းများစွာကပင် အခြေတည်ခဲ့သော အကြောင်းချက်များရှိပါသည်။

ဝး၀း၃ တကယ့်အကြောင်းချက်များ
            မောင်တောမြို့နယ်အတွင်း အလားတူလတ်တလောဖြစ်ပွားခဲ့သည့်အကြောင်းချက်(၄)ရပ် ရှိခဲ့သည်။
(၁)        ၁၉၄၂ ခုနှစ် ဖြစ်ပွားခဲ့သော ကုလား၊ ရခိုင် အဓိကရုဏ်း
(၂)        ၁၉၈၈ ခု၊ မေ ၁၃ ရက်နေ့ ဖြစ်ပွားခဲ့သော ဒီမိုကရေစီ အရေခြုံထားသည့်မြို့နယ်လုံးကျွတ်သတ်ဖြတ်ရန်ကြိုးပမ်းမှု
(၃)        ၁၉၉၄ ခု၊ ဧပြီ ၂၄ ရက်နေ့ ဖြစ်ပွားခဲ့သော မောင်တောမြို့အား ဗုံး(၁၂)လုံးဖောက်ခွဲတိုက်ခိုက်မှု
(၄)        ၂၀၁၂ ခု၊ ဇွန် ၈ ရက်နေ့ ဖြစ်ပွားခဲ့သော မြို့နယ်လုံးကျွတ်သတ်ဖြတ်ရန်ကြိုးပမ်းမှု
တင်ပြခဲ့သော အကြောင်းအချက်(၄)ရပ်လုံး၏နောက်ကွယ်တွင် (၁) မူဆလင်အကြမ်းဖက်သမား သောင်းကျန်းသူများ၊ (၂) ပြည်တွင်းနေ သောင်းကျန်းသူသြဇာခံ(UG)များက ဥပဒေတွင်း၊ ဥပဒေပ ချိန်ကိုက်လှုပ်ရှားမှုများ၊ တကြိတ်တည်း တဥာဏ်တည်း ဆက်သွယ်ကြံစည်မှုများရှိနေကြောင်း ထင်ထင်ရှားရှား တွေ့ရပါသည်။

ဝး၃း၁ (၄၂)ခုနှစ်ဖြစ်ပွားခဲ့သော ကုလား၊ ရခိုင်အဓိကရုဏ်း
          ဤအဓိကရုဏ်းဖြစ်ပွားရခြင်း အကြောင်းအရင်းများ၌ ဗြိတိသျှအုပ်ချုပ်သူတို့က လယ်ယာစီးပွားတိုးချဲ့ရေးကို အကြောင်းပြု၍ ရခိုင်ပြည်နယ်သို့ စစ်တကောင်းသား ဘင်္ဂါလီအများအပြားကို တံခါးမရှိ၊ ဒါးမရှိဝင်ထွက်ခွင့်ပြုခဲ့ခြင်းသည် အဓိကအကြောင်းတစ်ခုဖြစ်သည်။ ၎င်းကို စုံစမ်းရေးကော်မရှင်၏အစီရင်ခံစာတွင် အတိအလင်းဖော်ပြခဲ့သည်။ ဖြစ်ပွားစဉ်က အခြေအနေမှာ အင်္ဂလိပ်အဆုတ်၊ ဂျပန်အတက် အုပ်ချုပ်ရေးမဲ့နေသည့်ကာလဖြစ်၍ ရခိုင်တိုင်းရင်းသားများ မြို့နယ်လုံးကျွတ် တိမ်းရှောင်ထွက်ပြေးခဲ့ရသည်။ ဗြိတိသျှခေတ်ထိရှိခဲ့သော ရခိုင်ကျေးရွာပေါင်း(၁၄၀)လုံး သေကြေပျက်စီးခဲ့ရသည်။ (Akyab District Gazetteer Vol.b) မြို့နယ်ကို ဘင်္ဂါလီကုလားများဖွဲ့စည်းသည့်ငြိမ်းချမ်းရေးကော်မတီကအုပ်ချုပ်ခဲ့သည်။ ငြိမ်းချမ်းရေး ကော်မတီသည် မဆီမဆိုင်ဘဲနိုင်ငံ့အာဏာတစ်စိတ်တစ်ပိုင်းကို အချောင်နှိုက်ခဲ့သည်ဟုပြောနိုင်သည်။ ဥပဒေအရ ရှုမြင်ပါက နိုင်ငံတော်ပုန်ကန်မှုဖြစ်သည်။ ၎င်းငြိမ်းချမ်းရေးကော်မတီသည် နောင်တွင် မူဂျာဟစ်သောင်းကျန်းသူအဖွဲ့အစည်းဖြစ်လာသည်။ BIA မှဖွဲ့စည်းပေးသည့်ငြိမ်းချမ်းရေးအဖွဲ့ကို လက်မခံဘဲ ကိုယ်ပိုင်ငြိမ်းချမ်းရေးအဖွဲ့ ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။
            ၁၉၄၂ ခု၊  ဇွန် ၈ ရက်နေ့က မြန်မာ့လွတ်လပ်ရေးတပ်မတော် ရခိုင်စစ်ကြောင်းမှူး ဗိုလ်ရန်အောင်တပ်ဖွဲ့မှ BIA တပ်သား(၃၀)ခန့်ကို ဘင်္ဂါလီကုလားငြိမ်းချမ်းရေးအဖွဲ့မှ ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွင်း လုပ်ကြံသတ်ဖြတ်ခဲ့မှုတစ်ရပ်ဖြစ်ပွား ခဲ့သည်။ ယင်းသတ်ဖြတ်မှုမှာ မောင်တောကညင်တန်းရွာ(ယခုအထကကျောင်းဝင်းအနီး ဗလီနေရာ)တွင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ (သခင် တင်မြ၏ဘုံဘ၀မှာဖြင့် တတိယတွဲ)

ဝး၃း၂ ၁၉၈၈ ခု၊ မေ ၁၃ ရက်နေ့ ဖြစ်ပွားခဲ့သော ဒီမိုကရေစီ အရေခြုံထားသည့်မြို့နယ်လုံးကျွတ်သတ်ဖြတ်ရန်ကြိုးပမ်းမှု
            အထက်ပါအရေးအခင်းကို တဘက်နိုင်ငံအခြေစိုက် RSO သောင်းကျန်းသူအဖွဲ့မှ ကြိုးကိုင်ပြီး ပြည်တွင်းနေ UG များ၏ လှုံ့ဆော်မှုဖြင့် ဖောက်ခွဲခဲ့ခြင်းဖြစ်သည်။ မူဆလင်အကြမ်းဖက်သမား ငါးသောင်းကျော်က မြို့တွင်းဝင်ပေါက်အသီးသီးမှ ၀င်ရောက်ပြီး မီးရှို့လုယက်သတ်ဖြတ်ရန်ကြိုးစားခဲ့ခြင်းဖြစ်သည်။ ၄ မိုင်၊ အမှတ်(၂)လူထိန်းတပ်ရင်းမှ အချိန်မှီရောက်လာသဖြင့် သာ ဟန့်တားနိုင်ခဲ့ခြင်းဖြစ်သည်။ မောင်တောမြို့မှ မီးရှို့သည်ကိုမြင်ပါက နယ်ရှိ ရခိုင်ကျေးရွာများအား အပျောက်ရှင်းရန် ဖြစ်သည်။ ၎င်းတို့၏ရည်မှန်းချက်မှာ မောင်တောနှင့်ဘူးသီးတောင်မြို့နယ်များ၌ မူဆလင်ရာနှုန်းပြည့်ဖြစ်ရေး၊ ယင်းမှတဆင့် မူဆလင်ပြည်နယ်ထူထောင်ရေးဖြစ်သည်။ မောင်တောမြို့အား ရုတ်တရက်ဝင်ရောက်စီးနှင်းပြီးသည်ချက်ချင်း တဘက်နိုင်ငံမှ ဘင်္ဂါလီကုလား နှစ်သိန်းခွဲကို ချက်ချင်းသွင်းယူပြီး၊ မူဆလင်နယ်မြေအဖြစ်သိမ်းပိုက်ကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏အစိတ်အပိုင်း အဖြစ်သွတ်သွင်းရန် ကြီးမားယုတ်မာသော ကြံစည်မှုကြီးဖြစ်သည်။ (မောင်တောသံဃနာယကအဖွဲ့၏ ၂၈.၉.၈၈ နေ့တင်ပြစာ)
            ယင်းအရေးအခင်းကို ဒေါက်တာထွန်းအောင်(ခ)အဒူလောက်က မြန်မာနိုင်ငံတွင် ပထမဆုံးသော ဒီမိုကရေစီလှုပ်ရှားမှု ဖြစ်ကြောင်း၊ ၆.၉.၈၈ နေ့ ကညင်တန်းရွာ၊ အထကကျောင်းကွင်းလူထုဟောပြောပွဲတွင် ဂုဏ်ယူစွာဟောပြောခဲ့သည်။ မြို့နယ်ရခိုင်တို့အား ရှင်းပစ်ရန်ကြံစည်မှုကို မူဆလင်ခေါင်းဆောင် ဒေါက်တာထွန်းအောင်က ဒီမိုကရေစီတောင်းဆိုဆန္ဒပြပွဲဟု လူထုရှေ့မှောက်၌ ဗြောင်ကျကျလိမ်ညာဟောပြောခြင်းဖြစ်သည်။
            ၎င်းကို ပြည်ပအခြေစိုက် ဘင်္ဂါလီသောင်းကျန်းသူ(RSO)ခေါင်းဆောင် ဒေါက်တာ ယူနို့စ်နှင့် AFK Jilani တို့ကလည်း ဂုဏ်ယူဝင့်ကြွားစွာအမွှန်းတင်ခဲ့ကြသည်။ (The Rohingyas of Arakan, P-327)

ဝး၃း၃ ၁၉၉၄ ခု၊ ဧပြီ ၂၄ ရက်နေ့ ဖြစ်ပွားခဲ့သော မောင်တောမြို့အား ဗုံး(၁၂)လုံးဖောက်ခွဲတိုက်ခိုက်မှု
            ၎င်းနေ့ ည(၁၁း၃၀)မှ (၁၄း၀၀)အတွင်း ၁၅ မိနစ်စီခြား၍ ဗုံး(၉)လုံး မြို့ပေါ်နေရာအနှံ့ဆက်တိုက်ပေါက်ကွဲခဲ့သည်။ မြို့လူထုသည်ခြေမကိုင်မိ၊ လက်မကိုင်မိဖြစ်ကာ ဟိုပြေး သည်ပုန်း ၀ရုန်းသုဉ်းကားဖြစ်ခဲ့သည်။ ပေါက်ကွဲခဲ့သည့်ဗုံး(၉)လုံးမှာ (၁) မီးသတ်ကား၊ (၂) သီရိမင်္ဂလာခန်းမ၊ (၃) မြို့မီးစက်၊ (၄) ငါးလုပ်ငန်းဦးစီးဌာနရုံး၊ (၅) အမှတ်(၁)ရပ်ကွက်ရှိ အမက(၆)၊  (၆) မြို့နယ်ဆေးရုံဝန်ထမ်းလိုင်း၊ (၇) ရဲမြို့နယ်မှူးရုံး၊ (၈) စာရင်းစစ်ရုံး၊ (၉) စည်ပင်သာယာရုံး တို့ဖြစ်သည်။ မပေါက်ကွဲသည့် နေရာများမှာ (၁) အထက၊ (၂) အကျဉ်းဦးစီးဌာနအရာရှိနေအိမ်၊ (၃) မဟာဗန္ဓုလပန်းခြံရှိကြေးရုပ် တို့ဖြစ်သည်။
            ဤဖောက်ခွဲမှုနှင့်ပတ်သက်၍ သက်ဆိုင်ရာမှလိုက်လံဖမ်းဆီးရာ တဘက်နိုင်ငံသို့တိမ်းရှောင်ထွက်ပြေးသွားသူ တစ်ဦးမှာ ၈.၆.၁၂ နေ့က လက်ငင်းဖြစ်ပွားနေသည့်အရေးအခင်းကိုကြိုးကိုင်သူတစ်ဦးဖြစ်သည့် AFK Jilani ပင်ဖြစ်သည်။ သက်ဆိုင်ရာမှတ်တမ်းများတွင်ကြည့်ရှုနိုင်ပါသည်။

ဝး၃း၎ ၂၀၁၂ ခု၊ ဇွန် ၈ ရက်နေ့ ဖြစ်ပွားခဲ့သော မြို့နယ်လုံးကျွတ်သတ်ဖြတ်ရန်ကြိုးပမ်းမှု
          ၈.၆.၁၂ နေ့ မောင်တောမြို့နယ်လုံးရှိ မူဆလင်ဗလီများတွင် တောင်ကုတ်အရေးအခင်းကိုအကြောင်းပြုလျှက် ဘာသာရေးဆုတောင်းပွဲများ ကျင်းပခွင့်ကိုခုတုံးလုပ်၍ ၎င်းကျောင်းများမှပင် ဂျီဟစ်စစ်ပွဲကြေညာကာ လှုံ့ဆော်သွေးထိုးပေးခံ ထားရသော မူဆလင်လူငယ်လူရွယ်အစုအဝေးသည် ဂျီဟစ် ဂျီဟစ် ဟုတစ်မျိုး၊ ဘင်္ဂလာဒေ့ရှ်ဂျိန်နာဘတ်ဟုတစ်မျိုး၊ ပြိုင်တူကြွေးကြော် ထွက်လာကြပြီး၊ ရခိုင်တွေ့လျှင် သတ်၊ အိမ်ကိုမီးရှို့၊ မြင်မြင်သမျှလုယက် ဖျက်ဆီး၊ ဆူပူအုံကြွခဲ့ကြသည်။ ဤအရေးအခင်းမှာ မြို့ရောနယ်ပါ တပြိုင်တည်းဆူပူအုံကြွခဲ့ကြသည့်အရေးအခင်းဖြစ်၍ လျှို့ဝှက်အချိန်ကိုက်ကြိုတင်ကြံစည်မှု ပင်ဖြစ်ကြောင်း အလွယ်သိနိုင်သည်။ အထက်ကတင်ပြခဲ့သည့်အရေးအခင်းများ၏နောက်ဆက်တွဲလုပ်ရပ်လည်းဖြစ်သည်။ ဤလုပ်ရပ်ဖြစ်ပေါ်ရန် ရမ်းဗြဲ၊ တောင်ကုတ်အရေးအခင်းသည် ၎င်းတို့အတွက် ဖောက်ခွဲမည့်အခွင့်အရေးတစ်ရပ်အဖြစ် အချိန်ကိုက်အသုံးချသွားခြင်းသာဖြစ်သည်။ ရမ်းဗြဲ၊ တောင်ကုတ်အရေးအခင်းသည် ရုတ်တရက်ဖြစ်ပေါ်လာသော အကြောင်းအချက်သက်သက်သာဖြစ်၍ အမှန်တကယ်မှာ ပြည်ပမှလေ့ကျင့်မြှပ်နှံထားသော Burma Campaign အစိတ်အပိုင်းတစ်ရပ်သာဖြစ်သည်။ ထို့ကြောင့် လက်ငင်းဖြစ်ပေါ်ခဲ့၊ ဖြစ်ပေါ်ဆဲ (Crisis)မှာ ကုလား၊ ရခိုင်အရေးအခင်းမဟုတ် ဘဲ နိုင်ငံ့အချုပ်အချာအာဏာကို ထိပါးစော်ကားသည့်စိန်ခေါ်မှုပင်ဖြစ်သည်။ သို့ဖြစ်၍ မြန်မာတစ်မျိုးသားလုံးနှင့် တိုက်ရိုက် တာဝန်ရှိသက်ဆိုင်သည်။ အမျိုးသားရေးအရေးအခင်းကြီးပင်ဖြစ်ပါသည်။

ဝး၄းဝ မြေအောက်လှုပ်ရှားမှုများ
ဝး၄း၁ ၁၉၅၁ ခု၊ အလယ်သံကျော်ညီလာခံ
            မြေအောက်လှုပ်ရှားမှုဆိုသည်မှာ ဥပဒေတွင်း/ဥပဒေပ မှ ဘင်္ဂါလီအနွယ်စစ်တကောင်းသား အကြမ်းဖက်သမားများ၏ လှုပ်ရှားမှုများကိုဆိုလိုခြင်းဖြစ်ပါသည်။ ဥပဒေတွင်း တွင် လွှတ်တော်အမတ်များနှင့် လူမှုရေး၊ ဘာသာရေးအသင်းအဖွဲ့များ၏ မြန်မာနိုင်ငံအနောက်မြောက်ဘက် ဘူးသီးတောင်၊ မောင်တောနှင့် ရသေ့တောင်မြို့နယ် တစ်စိတ်တစ်ပိုင်းကို သီးခြားမူဆလင် နယ်မြေအဖြစ်ရယူရေး ကြိုးပမ်းမှုများ၊ ဥပမာ-၁၉၅၁ ခု၊ ဇွန်လတွင်ကျင်းပခဲ့သည့် မောင်တောမြို့နယ်တောင်ပိုင်း အလယ်သံကျော်ညီလာခံမှ မြန်မာနိုင်ငံအစိုးရသို့ ဖွဲ့စည်းပုံပြောင်းလဲပေးရန် အိတ်ဖွင့်တောင်းဆိုစာ(Charter Of The Constitutional Demands Of The Arakani Muslims)အရ
(၁)ရခိုင်တိုင်းမြောက်ပိုင်းကို ရှမ်းပြည်နယ်၊ ကရင်ပြည်နယ် တို့နည်းတူ လွတ်လပ်သော မူဆလင်နယ်မြေအဖြစ် အမြန်ဆုံးဖွဲ့စည်းပေးရန်၊ ယင်းမူဆလင်ပြည်နယ်တွင် ပြည်နယ်စစ်တပ်၊ ပြည်နယ်ရဲတပ်ဖွဲ့နှင့် ပြည်နယ်လုံခြုံရေးတပ်ဖွဲ့များလည်း ဖွဲ့စည်းပေးရန်၊ (၂)မြန်မာနိုင်ငံဗဟိုအစိုးရအဖွဲ့တွင် ရခိုင်တိုင်း မြောက်ပိုင်းမူဆလင်ပြည်နယ်မှ ကိုယ်စားလှယ်တစ်ဦးကို ဗဟိုအစိုးရအဖွဲ့တွင် မူဆလင်ရေးရာဝန်ကြီးအဖြစ် ခန့်ထားပေးရန်၊
(၃)ပြည်ထောင်စုအစိုးရ၏လက်နက်ကိုင်အဖွဲ့အစည်း အမြဲတမ်းတပ်ဖွဲ့၊ ယာယီတပ်ဖွဲ့၊ ရဲတပ်ဖွဲ့၊ ပညာရေးဝန်ထမ်းနှင့် တရားရေး ၀န်ထမ်းအပါအ၀င် ဗဟိုဝန်ထမ်းအဖွဲ့အစည်းများတွင် မူဆလင်များအား သင့်တင့်မျှတသော အချိုးအစားအလိုက် ခန့်ထား ပေးရန်အတွက် အာမခံချက်ပေးရန်၊
(၄)အစ္စလာမ်အထက်တန်းကျောင်းနှင့် ကောလိပ်ကျောင်းများကိုလည်း တည်ထောင် ခွင့်ပြုရန်၊ ထိုကျောင်းများတွင် အာရ်ဗီစာများ၊ အစ္စလာမ်ယဉ်ကျေးမှုများကိုလည်း သင်ကြားခွင့်ပြုရန်၊ မူဆလင် မူလတန်း၊ အထက်တန်းကျောင်းများတွင် ဘာသာအားလုံးကို အူရ်ဒူဘာသာဖြင့်သာ သင်ကြားခွင့်ပြုရန်၊ မူဆလင်များအား ယင်းတို့၏ဆန္ဒ၊ သဘောထားမပါဘဲ အခြားစာပေကို အတင်းအကြပ်မသင်ကြားစေရန်စသည့် တောင်းဆိုချက်(၁၄)ရပ်ပါရှိပါသည်။

ဝး၄း၂ လိမ်လည်၍အတင်းတီထွင်ထားသော ရိုဟင်ဂျာဆိုသည့်လူမျိုး*
            ၎င်းအပြင် ဘူးသီးတောင်မြို့နယ်၊ လွှတ်တော်အမတ်ဖြစ်သူ အဗ္ဗဒူဂါဖားနှင့် တဟီဘသာတို့သည် ဂါဒီယန်သတင်းစာ တွင် မြန်မာနိုင်ငံရောက်ဘင်္ဂါလီများမှာ ရိုဟင်ဂျာ(ခ)မြန်မာနိုင်ငံတိုင်းရင်းသားဖြစ်ကြောင်း သမိုင်းလိမ်ဆောင်းပါးများ ရေးသား လှုံ့ဆော်ခဲ့ကြသည်။ ရိုဟင်ဂျာအမည်ခံမူဆလင်ပညာတတ်တို့သည် မောင်တောနှင့် ဘူးသီးတောင်မြို့နယ်များမှ မူဆလင်လူထု ကို ဘင်္ဂါလီအမည်မခံဘဲ ရခိုင်မူဆလင်(သို့)ရိုဟင်ဂျာလူမျိုးဟူသော အမည်ကိုပြောင်းလဲခံယူရန် ဒေသအနှံ့သို့သွားရောက် လှုံ့ဆော်ခဲ့ကြသည်။ (ဦးရွှေဇံ၏ရခိုင်ပြည်နယ်တွင်းသို့ဝင်ရောက်လာသော ဘင်္ဂါလီမူဆလင်များနှင့်ပတ်သက်သည့် လေ့လာချက် Influx Viruses, The Illegal Muslims In Arakan, Published by Arakanese in United states, 2005,     P-47)သန်းခေါင်စာရင်းကောက်ယူသောအခါ မိမိနေရာ၌ ရခိုင်မူဆလင်ကိုဖြစ်စေ၊ ရိုဟင်ဂျာအမည်ကိုဖြစ်စေ ရေးမှတ်ရန် အတင်းတောင်းဆိုစေသည်။ ထိုမြို့နယ်နှစ်ခု၌ မူဆလင်ဦးရေအသာစီးရနေမှုကို အခွင့်ကောင်းယူပြီး၊ မူဆလင်အမည်ခံ တိုင်းရင်းသားလူမျိုးသစ်တစ်မျိုးကို လူထုအင်အားဖြင့် အတင်းဖန်တီးယူရန် တွန်းအားပေးစီမံကြခြင်းဖြစ်သည်။
            ယင်းလှုပ်ရှားမှုနှင့်တပြိုင်တည်း ရိုဟင်ဂျာအသင်းအဖွဲ့များကိုလည်း ဖွဲ့စည်းခဲ့ကြသည်။ ၁၉၅၆ ခုတွင် တည်ထောင် ခဲ့သော ရိုဟင်ဂျာညီညွှတ်ရေးအစည်းအရုံးနှင့် ၁၉၅၉ ခုတွင် တည်ထောင်ခဲ့သော ရိုဟင်ဂျာလူငယ်များအစည်းအရုံးများသည် မောင်တော၊ ဘူးသီးတောင်၌ ဌာနခွဲများဖွင့်လှစ်ခဲ့ကြသည်။ ၁၉၆၀ တွင် ရိုဟင်ဂျာကျောင်းသားများအစည်းအရုံး၊ ရိုဟင်ဂျာ အလုပ်သမားများအစည်းအရုံး၊ ရိုဟင်ဂျာတက္ကသိုလ်ကျောင်းသားများအစည်းအရုံး၊ ရိုဟင်ဂျာ ဂျမီယတ်အာလ်အူလ်မာအဖွဲ့တို့ ဖြစ်သည်။ ၎င်းအသင်းအဖွဲ့များသည် မူဆလင်ပြည်နယ်ထူထောင်ရေးနှင့် ရိုဟင်ဂျာလှုပ်ရှားမှု၏အရေးကြီးသော ရေခံမြေခံ အင်အားပင်ဖြစ်သည်။
၎င်းရေခံမြေခံအင်အားများမှထုတ်လုပ်သော နိုင်ငံတော်အစိုးရအဆက်ဆက်နှင့်ဒေသခံပြည်သူမျိုးဆက်ပေါင်းများစွာကို နေ့စဉ်ရက်ဆက် နည်းအမျိုးမျိုးဖြင့် ပုန်ကန်သောင်းကျန်းနေကြသော လက်နက်ကိုင်အဖွဲ့အစည်းများရှိသည်။ ၎င်းတို့မှာ -
(၁)        RSO (Rohingya Soliderity Organization)
(၂)        ARNO (Arakan Rohingya National Organization)
(၃)        RPF (Rohingya Patriotic Front)
(၄)        ARIF (Arakan Rohingya Islamic Front)
(၅)        RLO (Rohingya Liberation Organization) တို့ဖြစ်သည်။

* “ရိုဟင်”(Rohang)ဟူသည်မှာ ရခိုင်ကို အလယ်ခေတ်(အေဒီ ၈ ရာစုမှ ၁၈ ရာစုထိကာလ) ဘင်္ဂါလီမူဆလင်များက မပီမသ      ခေါ်ဆိုခဲ့သောအမည်ဖြစ်ကြောင်း ပါမောက္ခ ကွန်နန်ဂိုက ဆိုသည်။ (DR.SUNITI BHUSHAN QANLUNGO: A HISTORY OF CHITTAGONG, VOL-1, 1988, P-232) Rohang တွင် Ya ယ တစ်လုံးတိုး၍ ရိုဟင်ဂျာ(ရခိုင်သား)ဟု ခေါ်တွင်စေလိုခြင်းဖြစ်သည်။ ၎င်းအမည်မှာ ရုတ်တရက်အားဖြင့် သူ့အမည် သူမှည့်ခြင်းဖြစ်၍လူ့အခွင့်အရေးအရ တရားသည်ဟု ထင်မိမှားစေနိုင်ပါသည်။ ရခိုင်တို့ခါးခါးသီးသီးကန့်ကွက်ပယ်ချနေခြင်းမှာ “ရိုဟင်”ဟူသော အမည်သည် သမိုင်းအရ “ရခိုင်”ဟုတွင်ကျယ်ခဲ့ပြီးသော အမည်ဖြစ်သည်။ Rohang(ရခိုင်)ဟူသည့်အမည်ကို နားလှဥ့်ပါးရိုက်လုယူခြင်းဖြစ်၍ လူ့အခွင့်အရေး ကြေညာစာတမ်းအပိုဒ် ၂၉ (၂)ကို ဗြောင်ကျကျဆန့်ကျင်နေခြင်းဖြစ်သဖြင့် ရခိုင်တို့က ဆန့်ကျင်ပယ်ချနေရခြင်းဖြစ်ကြောင်း နားလည်ထားရန် အရေးကြီး ပါသည်။


ဝး၄း၃ ARNO ၏ ကြေညာချက်
            “စစ်အစိုးရ၏အုပ်ချုပ်မှုသည် ရခိုင်ပြည်နယ်မှ မူဆလင်တို့၏ပကတိအရှိတရားများကို အရင်းအမြစ်မှစ၍ ရှင်းလင်း ဖယ်ရှားရန် အစဉ်ကြိုးစားနေခဲ့သည်။ ရခိုင်ပြည်ရှိ မူဆလင်သမိုင်းဆိုင်ရာအချက်အလက်များကို အသွင်ပြောင်းစေခြင်း၊ ရှေးဟောင်းရုပ်ကြွင်းပစ္စည်းများ၊ ဗလီများ၊ မဒရပ်ဆာဘာသာရေးစာသင်ကျောင်းများ၊ ဗိမာန်တော်များ၊ သင်္ချိုင်းမြေများတို့အား ဖျက်ဆီးပစ်ခြင်းနှင့်အတူ မူဆလင်တို့၏အစ္စလာမ်မစ်ယဉ်ကျေးမှုတစ်ရပ်လုံးကို လက်စတုံးပယ်ဖျက်ပစ်လျှက်ရှိနေသည်။ စစ်အစိုးရသည် ကျွန်ူပ်တို့အမျိုးဘာသာတစ်ရပ်လုံးအား ကြောက်မက်ဖွယ်ရာမျိုးတုံးသတ်ဖြတ်ရေး ဆောင်ရွက်နေသည် . . .”
            အထက်ပါစွပ်စွဲချက်ကို MANIFESTO OF ARNO ကြေညာချက်အပိုဒ်(၈)၊ စာမျက်နှာ(၁၇)တွင် ရေးသားထားပါသည်။

ဝး၄း၎ မြန်မာ့နယ်မြေကို ခွဲထုတ်၍မူဆလင်နိုင်ငံသစ်တည်ထောင်ရေး
            စစ်တကောင်းနွယ် ဘင်္ဂါလီမူဆလင်များသည် မောင်တော၊ ဘူးသီးတောင်မြို့နယ်များကို အရှေ့ပါကစ္စတန်နှင့်ပေါင်း စည်းရန်ကြိုးပမ်းခဲ့ကြသည်မှာ မြန်မာနိုင်ငံလွတ်လပ်ရေးမရမီကပင်ဖြစ်သည်။ စစ်တကောင်းသား မူဆလင်များ၏မူဆလင် ပြည်နယ်ထူထောင်ရေးလှုပ်ရှားချိန်၌ အိန္ဒယရှိမူဆလင်များလည်း မူဆလင်သီးခြားနိုင်ငံထူထောင်ရေး(ပါကစ္စတန်နိုင်ငံထူထောင် ရေး)ကို ဗြိတိသျှအစိုးရထံတင်ပြတောင်းဆိုကြလေသည်။ ထိုပါကစ္စတန်နိုင်ငံထူထောင်ရေးလှုပ်ရှားမှုသည် မောင်တော၊ ဘူးသီးတောင်မြို့နယ်များမှ မူဆလင်တို့အား ကြီးစွာဂယက်ရိုက်ခဲ့သည်။ မောင်တော၊ ဘူးသီးတောင်မြို့နယ်များ၌ မူဆလင် တို့လူဦးရေအသာစီးရနေခြင်းသည် ထိုမြို့နယ်နှစ်ခုကို မြန်မာနိုင်ငံမှခွဲထုတ်ပြီး ဖြစ်ပေါ်လာ လတ္တံ့သော ပါကစ္စတန်နိုင်ငံနှင့် ပေါင်းစည်းရေးကိုရှေးရှုစေခဲ့သည်။ ထိုကိစ္စအတွက် မောင်တောမှမူဆလင်ပညာတတ်များ လျှို့ဝှက်လှုပ်ရှားခဲ့ကြသည်။ ထိုအခြေအနေကို ရခိုင်ခေါင်းဆောင်များသိရှိ၍ ဗိုလ်ချုပ်အောင်ဆန်းထံ အချိန်မှီတင်ပြနိုင်ခဲ့ကြသည်။
            ဗိုလ်ချုပ်မှာ ထိုစဉ်က မြန်မာ့လွတ်လပ်ရေးအတွက် ဗြိတိသျှဝန်ကြီးချုပ် အက်တလီ၏ဖိတ်ကြားချက်အရ လန်ဒန်သို့ သွားရန်ပြင်ဆင်နေချိန်ဖြစ်သည်။ ဤအကြောင်းကို မင်းပြားမြို့နယ်၊ ဖဆပလအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်လှဦးက အောက်ပါအတိုင်း မှတ်တမ်းတင်ခဲ့သည်။ “မောင်တောမှ မူဆလင်တစ်စုသည် ဘင်္ဂလာဒေသမှ မူဆလင်များနှင့် နီးနီးကပ်ကပ်ဆက်သွယ်လျှက် ရှိနေကြသည်။ မောင်တော၊ ဘူးသီးတောင်ဒေသကို ဖြစ်ပေါ်လာလတ္တံ့သော ပါကစ္စတန်နိုင်ငံနှင့်ပေါင်းစည်း၍ လွတ်လပ်ရေး ရယူရန် အစီအစဉ်ရှိနေကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်းအားတင်ပြခဲ့လေသည်။ ဗိုလ်ချုပ်သည် လန်ဒန်ခရီးစဉ်အတွင်း၌ ကရာချီသို့ဝင်၍ မစ္စတာ ဂျင်နာ(Jinnah)နှင့်တွေ့လေသည်။ သူ့အား ဘူးသီးတောင်၊ မောင်တောကိစ္စကိုတင်ပြရာ ဂျင်နာက မြန်မာပိုင်နယ်မြေကို တစ်လက်မမျှ ပါကစ္စတန်မှရယူမည်မဟုတ်ပါ ဟူသောပြန်ကြားစာတစ်စောင်ကို ထုတ်ပြန်ခဲ့လေသည်။ ပါကစ္စတန်သည် အိမ်နီးချင်းမြန်မာနိုင်ငံ၏မိတ်ဆွေနိုင်ငံအဖြစ်ရှိနေမည်ဟုလည်း ကြေညာခဲ့လေသည်။” (Kyaw Hla U, Arakan, as she is known and discovered.1975 P-36) (typing copy) ဦးကျော်လှဦး၏အထက်ပါကိုယ်တွေ့မှတ်တမ်းအရ မောင်တောမှ မူဆလင်ပညာတတ်များမှာ မောင်တောနှင့် ဘူးသီးတောင်မြို့နယ်များကို မြန်မာနိုင်ငံမှခွဲထုတ်၍ အရှေ့ပါကစ္စတန် နှင့်ပေါင်းစည်းရန် မြန်မာ့လွတ်လပ်ရေးမရမီကပင် ကြိုးပမ်းခဲ့ကြကြောင်း ပေါ်လွင်နေသည်။
            သုတေသီ မူရှေယေဂါ(Moshe Yegar)ကလည်း ဗိုလ်ချုပ်အောင်ဆန်းအား ပါကစ္စတန်ခေါင်းဆောင် ဂျင်နာက မောင်တောဒေသမှမူဆလင်များ၏အကြံကိုမထောက်ခံနိုင်ကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်းအား အာမခံချက်ပေးခဲ့သည်ဟု အောက်ပါအတိုင်းမှတ်တမ်းတင်ထားသည်။
“မူဆလင်တို့သည်မောင်တောဒေသကို မြန်မာနိုင်ငံမှဖဲ့ထုတ်ယူရန်မျှော်မှန်းကြသည်။ ကုလားတန်မြစ်နှင့် မယူမြစ် ကြား၌ လွတ်လပ်သောမူဆလင်ပြည်နယ်ထူထောင်ရန် (သို့) ပါကစ္စတန်နှင့်ပေါင်းရန် စိတ်ကူးကြသည်။ အလားတူစိတ်ကူးမျိုး ကို ၁၉၄၆ ခု၊ မေလတွင် ဂျင်နာအား အသေးစိတ်ရှင်းလင်းတင်ပြဖူးကြသည်။ ထိုဒေသအား ဖြစ်ပေါ်လာလတ္တံ့သော ပါကစ္စတန် နိုင်ငံနှင့်ပေါင်းစည်းရေးအတွက် ၎င်း၏အကူအညီကိုတောင်းခံခဲ့ကြသည်။ နောက်နှစ်လအကြာ၌ ရခိုင်ပြည်မြောက်ပိုင်းမူဆလင် အဖွဲ့ချုပ်ကို စစ်တွေမြို့၌ဖွဲ့စည်းခဲ့ကြသည်။ ထိုအဖွဲ့ကလည်း ပါကစ္စတန်နှင့်ပေါင်းစည်းရေးဟူသော အလားတူတောင်းခံမှုမျိုးကို ပြုခဲ့ကြသည်။ ဂျင်နာကိုယ်တိုင်က ထိုအကြံကိုမထောက်ခံကြောင်း ဗိုလ်ချုပ်အောင်ဆန်းအား အာမခံချက်ပေးခဲ့လေသည်။” (The Muslim of Burma, P-86-87)

ဝး၄း၅ မူဂျာဟစ်၏ ဂျီဟတ်(Jihad by Mujahid)

ဥပဒေတွင်းမှ မူဆလင်ပညာတတ်များ၊ လွှတ်တော်အမတ်များက ယင်းသို့မြေအောက်၌ လျှို့ဝှက်လှုပ်ရှားနေကြစဉ် ဥပဒေပြင်ပမှ စစ်တကောင်းသားမူဂျာဟစ်တို့သည် မြန်မာပြည်အပေါ် ဘာသာရေးစစ်ပွဲ(Jihad)ကြေညာလိုက်ကြသည်။ မူဂျာဟစ်သောင်းကျန်းမှုသည် မြန်မာပြည်လွတ်လပ်ရေးမရမှီကပင် ဖြစ်ပေါ်နေခဲ့သည်။ မောင်တောမြို့ပေါ်အခြေစိုက်ထားသည့် Jamia-Tul-Ulema အသင်း၏သန္ဓေသားပင်ဖြစ်သည်။ (မူလက Peace Commette ဖြစ်ပြီး ဂျပန်အုပ်ချုပ်စဉ်က Peace Commette ကို ဖျက်သိမ်းခိုင်းသောအခါ ဂျီမီယတ်တူအူလေမာအသင်းဟူ၍ဖြစ်လာသည်။) ဘူးသီးတောင်နှင့် မောင်တော မြို့နယ်များတွင် စစ်ဘေးဒုက္ခသည်များပြန်လည်နေရာချထားရေးအစီစဉ်ကို မူဂျာဟစ်တို့က နည်းမျိုးစုံဖြင့် နှောင့်ယှက်ဖျက်ဆီး ခဲ့ကြသည်။ တိုင်းရင်းသားရခိုင်မျိုးနွယ်စုတို့အား အတင်းအဓမ္မခြိမ်းခြောက်နှင်ထုတ်ခဲ့ကြသည်။ ဤလုပ်ရပ်များကြောင့် ဘူးသီးတောင်မှ ရခိုင်မျိုးနွယ်စုများသည် ရခိုင်တောင်ပိုင်းမြို့နယ်များသို့ အိုးအိမ်မြေယာစွန့်၍ IDP ဘ၀ဖြင့် ထွက်ပြေးခိုလှုံခဲ့ကြ ရသည်။ အလားတူ မောင်တောနယ်ရခိုင်မျိုးနွယ်စုတို့မှာ အရှေ့ဘင်္ဂလားပြည်၊ ဒိုင်နာစပူမြို့(Dinajpur)တို့ ဒရောသောပါး ပြေးဝင်ခိုလှုံခဲ့ကြသည်။
            စစ်ကြီးပြီးဆုံးပြီးနောက်တွင် ဗြိတိသျှတို့၏အုပ်ချုပ်ရေးကို ပြန်လည်ထူထောင်ခဲ့ကြသော်လည်း ရခိုင်တိုင်းရင်းသား မျိုးနွယ်စုတို့မှာ မူဂျာဟစ်တို့ရန်ကြောင့် မိမိတို့၏ဇာတိနေရင်းရပ်ဆီသို့ ပြန်လည်အခြေချရန်မဖြစ်နိုင်ခဲ့ပါ။

ဝး၄း၆ လန်ဒန်မြို့အမျိုးသားမော်ကွန်းတိုက်ရှိ သံတမန်ရေးဆိုင်ရာမှတ်တမ်းများ၏အထင်အရှားသက်သေများ *
            “ဤသို့ဖြစ်ရခြင်းမှာ မူဆလင်တို့၏ခြိမ်းခြောက်မှု ညအချိန်ရွာအနီးအနားသို့လာရောက်ပြီး စက်သေနတ်များဖြင့် ပစ်ခတ်မှုတို့ကြောင့်ဖြစ်သည်။” (ကိုးကားချက်-ရခိုင်ပြည်နယ်မင်းကြီးရုံးအစီရင်ခံစာ၊ ရက်စွဲ-၁၉၄၇ ခုနှစ်၊ ဧပြီ ၁၈)
            ၁၉၄၇ ခု၊ သြဂုတ်တွင် မောင်တောလက်ထောက်ခရိုင်အရာရှိ ဦးထွန်းဦးအား မူဆလင်တို့က ရက်စက်ကြမ်းကြုတ်စွာ သတ်ဖြတ်လိုက်ကြသည်။ ဤကိစ္စနှင့်စပ်လျဉ်း၍ ရခိုင်ပြည်မင်းကြီးက အောက်ပါအတိုင်းအစီရင်ခံခဲ့ပါသည်။ “ဤကိစ္စသည် မူဆလင်တို့က အချိန်ကြာမြင့်စွာအားပေးလှုံ့ဆော်ထားသော လူအုပ်စု၏မလိုမုန်းထားမှုကြောင့်ဖြစ်ပေါ်လာသည့် အကျိုးဆက် ဖြစ်ကြောင်း ကျွန်ူပ်သံသယမရှိပါ။ မူဆလင်ရဲအရာရှိများက လူသတ်မှုကျူးလွန်သူများအား စေခိုင်းခြင်းဖြစ်သည်ဟု အခိုင်အမာ
သံသယရှိပါသည်။ လူသတ်သမားများသည် ပြင်းထန်သော မူဆလင်အယူအဆများကိုခံယူလျှက် ဒေသတစ်ခုလုံးကို လွှမ်းမိုးထားကြသည်။

 * “ဤသံတမန်ရေးဆိုင်ရာ သက်သေအထောက်အထားများကို Dr.Aye Chan: Barma’s Western Border as Reported by the Diplomatic Correspondence (၁၉၄၇-၁၉၇၅) မှ ရယူ၍ဘာသာပြန်ဖော်ပြပါသည်”

ယခုအဖြစ်အပျက်များမှာ မြန်မာအစိုးရ၏တရားဝင်အာဏာပိုင်အဖွဲ့အပေါ် ဘူးသီးတောင်နှင့် မောင်တော မြို့နယ်များမှ မူဆလင်တို့က တိုက်ရိုက်စော်ကား၍ ဗြောင်ကျကျစိန်ခေါ်လိုက်မှုပင်ဖြစ်သည်။ ဤမူဆလင်တို့အား တိုင်းပြည်၌ စီးပွားရေးအရ ကျူးကျော်ဝင်ရောက်မှုပြုလုပ်ရန် ဗြိတိသျှတို့အုပ်စိုးစဉ်က အားပေးအားမြှောက်ပြုလုပ်ခဲ့ကြသည်။ အစိုးရကို ဤကဲ့သို့ အယုတ်မာဆုံးမထီမဲ့မြင်ပြုလုပ်ခြင်းအား ပြတ်ပြတ်သားသားကိုင်တွယ်ဖြေရှင်းမှုမပြုလုပ်ပါက ဤတိုင်းတပါးသားများ သည် ဘူးသီးတောင်၊ မောင်တောဒေသအား ပါကိစ္စတန်နှင့်ပူးပေါင်းရန် ကြိုးစားလာကြလိမ့်မည်ဖြစ်သည်။ သို့တည်းမဟုတ် ဤသို့ ပူးပေါင်းရန်အတွက် ပါကိစ္စတန်အား သွေးထိုးလှုံ့ဆော်မှုပြုလုပ်လာကြပေလိမ့်မည်။”(ကိုးကားချက်-ရခိုင်ပြည်မင်းကြီး၏ သြဂုတ် လအတွက် လစဉ်အစီရင်ခံစာ၊ ရက်စွဲ-၁၉၄၇ ခုနှစ်၊ စက်တင်ဘာ ၁၃)

၁၉၄၈ ခုနှစ်၊ လွတ်လပ်ရေးရပြီးနောက် သမ္မတမြန်မာနိုင်ငံအား နိုင်ငံတကာသတင်းစာများ၌ “ရန်ကုန်အစိုးရ”ဟူ၍ လှောင်ပြောင် သရော်ခဲ့ကြသည်။ ဤသို့သောအခြေအနေတွင် မူဂျာဟစ်တို့အား နှိမ်နှင်းတိုက်ခိုက်ရန်အတွက် တပ်ရင်း(၅)မှ တပ်သားတစ်ရာကျော်၊ နှစ်ရာခန့်မျှကိုသာ စေလွှတ်နိုင်ခဲ့သည်။ ဘူးသီးတောင်၊ မောင်တောမြို့တို့အား အစိုးရတပ်များက ထိန်းချုပ်ထားနိုင်သော်လည်း မြို့အနီးဝန်းကျင်နှင့် ကျေးလက်ဒေသများမှာ မူဂျာဟစ်သောင်းကျန်းသူတို့၏လက်ထဲ၌သာ ရှိခဲ့သည်။ မူဂျာဟစ်တို့၏ရည်မှန်းချက်နှင့်ပတ်သက်၍ ဗြိတိသျှသံရုံး(ရန်ကုန်)က လန်ဒန်ရှိနိုင်ငံခြားရေးရုံးသို့ ၁၉၄၉ ခု၊ ဖေဖော်ဝါရီ ၁၂ ရက်နေ့စွဲဖြင့် အောက်ပါအတိုင်းအစီရင်ခံထားခဲ့ကြောင်းတွေ့ရပါသည်။

            “မူဆလင်တို့၏ အန္တိမရည်မှန်းချက်အနေဖြင့် ၎င်းတို့၏သီးခြားပြည်နယ်အား ပြည်ထောင်စုနှင့်ပူးတွဲထားမည် (သို့) မထားမည်ဆိုသည်ကို ပြောရခက်ပါသည်။ သို့သော် ပြည်ထောင်စုအတွင်းမှ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ဖြစ်သည့် တိုင်အောင် ပါကိစ္စတန်ဖက်သို့ သေချာပေါက်ဆွဲယူမည့်လက္ခဏာပေါ်နေပါသည်။ မူဂျာဟစ်များသည် အောက်တိုဘာလ လောက်ကပင် လက်နက်စွဲကိုင်ပြီးဖြစ်ဟန်ရှိသည်။ တချို့ကမြေအောက်လက်နက်ကိုင် ပုန်ကန်ခြင်းမပြုလုပ်ဘဲ သွေးထိုး လှုံ့ဆော်မှုဖြင့် သာလျှင် ရည်မှန်းချက်အောင်မြင်အောင်ကြိုးစားကြလိမ့်မည်ဟုခန့်မှန်းကြသည်။ လက်နက်ကိုင်မူဆလင်အရေအတွက် (၅၀၀) ခန့်ရှိနိုင်သည်။ လှုပ်ရှားမှုကိုထောက်ခံပံ့ပိုးသူအရေအတွက်မှာ ပိုမို၍များပြားပါသည်။” (ကိုးကားချက်-ဗြိတိသျှသံရုံး(ရန်ကုန်)မှ နိုင်ငံခြားရေးရုံး(လန်ဒန်)သို့ပေးစာ၊ ရက်စွဲ-၁၉၄၉ ခု ဖေ ၁၂)

             အစီရင်ခံစာတစ်စောင်တွင် ၀န်ကြီးချုပ်ဦးနုနှင့် ဗမာ့တပ်မတော်တပ်မှူး ဒုတိယဗိုလ်ချုပ်ကြီး စမိတ်ဒွန်(Smith Dum) စစ်တွေမြို့သို့ ၁၉၄၈ ခု အောက်တိုဘာတွင် ရောက်ရှိလာခြင်းအကြောင်းကို အသေးစိတ်ဖော်ပြထားပါသည်။ ဤသို့ လာရောက်ခြင်းသည် အရှေ့ပါကိစ္စတန်ဘက်မှ ဒေသခံအရာရှိများက သောင်းကျန်းသူများအား နယ်စပ်ကိုဖြတ်ကျော်လျှက် သတင်းအချက်အလက်များနှင့်အတူ အကူအညီများထောက်ပံ့လျှက်ရှိကြောင်း အထင်အရှားပြသနေပါသည်။ မူဂျာဟစ် ခေါင်းဆောင်နှစ်ဦးဖြစ်သော ဇာဖာမျှာ(Jaffar Meah)နှင့် အူမော်မျှာ(Omra Meah)တို့သည် မြန်မာပြည်နယ်စပ်အရှေ့ ပါကိစ္စတန်ဖက်ရှိ ဘာတူခါလီ(Batukhali)ရွာတွင် ခိုအောင်းလျှက်ရှိနေကြောင်း၊ ကောက်ဘဇား(Cox’s Bazaar)ရခိုင်အခေါ် (ဖလောင်းချိတ်)မှ လက်ထောက်ခရိုင်အရာရှိနှင့် မြို့နယ်အရာရှိတို့က မူဆလင်သောင်းကျန်းသူများအား လက်နက်ခဲယမ်းများ ထောက်ပံ့နေကြောင်း ဒဏ်ရာရလာသူများအား ကောက်ဘဇားဆေးရုံတွင် ဆေးကုသမှုခွင့်ပြုပေးနေကြောင်း သေချာစွာ သိရသည်။ (ကိုးကားချက်-စစ်တကောင်းတောင်တန်းဒေသလက်ထောက်မင်းကြီး၏အစီရင်ခံစာ၊ ရက်စွဲ-၁၉၄၉ ခု      ဖေဖော်ဝါရီ ၇)

                ဗြိတိသျှသံရုံး(ရန်ကုန်)မှ ပါကိစ္စတန်ရှိ ယူနိုက်တက်ကိန်းဒင်းမဟာမင်းကြီးထံသို့ ၁၉၄၉ ခုနှစ်၊ ဖေဖော်ဝါရီ ၂၈ နေ့စွဲဖြင့် လျှို့ဝှက်စာတစ်စောင်ပေးပို့ခဲ့သည်။ ဤစာတွင် ဒေသခံပါကိစ္စတန်အရာရှိများအနေဖြင့် နယ်စပ်၏တစ်ဘက်သို့ (မြန်မာပြည် ဘက်သို့)ရန်စမှု၊ လှုံ့ဆော်မှု၊ အနှောင့်အယှက်ပေးမှုများ ပြုလုပ်နိုင်ဖွယ်ရှိကြောင်း အောက်ပါအတိုင်းဖော်ပြပါရှိပါသည်။

                “ပါကစ္စတန်ဗဟိုအစိုးရက မှန်ကန်သောသဘောတရားရှိသော်လည်း ဒေသခံအရာရှိများ (ဥပမာ-ကောက်ဘဇားမှ အရာရှိများ)က မူဆလင်သောင်းကျန်းသူတို့အား တက်တက်ကြွကြွအကူအညီပေးနေကြောင်း ခိုင်လုံသောသတင်း အချက်အလက်များရရှိထားသည်။ ပါကိစ္စတန်ခရိုင်အရာရှိများတွင်လည်း သောင်းကျန်းသူများအား ထောက်ခံသောသဘော ထားရှိနေကြောင်း မဟာမင်းကြီးအနေဖြင့်ကောင်းစွာသိရှိနားလည်ထားပြီးဖြစ်ပါသည်။

                 ပါကစ္စတန်အစိုးရကလည်း ထိုနည်းအတိုင်းပင်နားလည်ထားပြီးဖြစ်ပါသည်။ ဤအရာရှိတို့၏လုပ်ရပ်အား ထိန်းချုပ် ဟန့်ထားမှုမပြုလုပ်ပါက စစ်တွေခရိုင်အတွင်းတွင် မူဆလင်ဆန့်ကျင်ရေး ဆူပူအုံကြွမှုများဖြစ်လာအောင် ဆွပေးနေသလို ဖြစ်နေ ပါလိမ့်မည်။ စစ်အတွင်းကဖြစ်ပေါ်ခဲ့သော ဆူပူအုံကြွမှုကဲ့သို့ပင် အခြေအနေဆိုးဝါးနိုင်ပါသည်။” (ကိုးကားချက်-စစ်တကောင်း တောင်တန်းဒေသ လက်ထောက်တိုင်းမင်းကြီး၏အစီရင်ခံစာ၊ ရက်စွဲ-၁၉၄၉ ခုနှစ်၊ ဖေဖော်ဝါရီ ၇)

မူဂျာဟစ်ပါတီ၏ဘဏ္ဍာရေးအတွက် အဓိကအရင်းအမြစ်မှာ ရခိုင်ပြည်မှအရှေ့ပါကိစ္စတန်သို့ ဆန်စပါးမှောင်ခိုတင်ပို့မှု လုပ်ငန်းဖြစ်သည်။ ဆန်စပါးတင်ပို့မှုအား မြန်မာအစိုးရကတားမြစ်ထားသည်ဖြစ်ရာ ထိုတားမြစ်ချက်ကို ကပျက်ယပျက်လုပ်ရန် မူဂျာဟစ်တို့က မဟာဗျူဟာချမှတ်ထားကြသည်။  ယခုကဲ့သို့ဆန်စပါးမှောင်ခိုလုပ်ငန်းဖြင့် ဘဏ္ဍာငွေရှာဖွေခြင်းသည် ထိုမဟာ ဗျူဟာ၏အစိတ်အပိုင်းတစ်ခုပင်ဖြစ်သည်။ ဤတရားမ၀င်နယ်စပ်ကုန်သွယ်မှုလုပ်ငန်းတွင် မူဆလင်ခေါင်းဆောင်နှစ်ဦးဖြစ်သော စူလတန်အာမတ်(Sultan Ahmed)နှင့် အူမော်မျှာ(Omrameah)တို့ပါဝင်ပတ်သက်နေကြောင်း သတင်းရရှိထားသည်။ (ကိုးကားချက်-အထက်ပါအစီရင်ခံစာ၊ ရက်စွဲ-၁၉၄၉ ခု၊ ဖေဖော်ဝါရီ ၇)

မူဂျာဟစ်သောင်းကျန်းမှု၏အဓိကရည်ရွယ်ချက်မှာ မြန်မာပြည်အနောက်ဘက် နယ်ခြားဒေသအား အရှေ့ပါကိစ္စတန်၏ ပိုင်နက်အဖြစ် သိမ်းသွင်းရေးပင်ဖြစ်သည်။ ၁၉၄၉ ခုနှစ်၊ မေ ၁၈ ရက်နေ့ထုတ် ဟိန္ဒူစတန် စတန်းဒါး(The Hindustan Standard)သတင်းစာတွင် မူဂျာဟစ်တို့၏လုပ်ရပ်ကို ဤသို့ဖော်ပြထားသည်။

           “ဤတိုက်ခိုက်မှု၏အန္တရာယ်ကြီးသောအချက်မှာ နိုင်ငံတကာလက္ခဏာဆောင်နေခြင်းဖြစ်သည်။ မူဆလင် သောင်းကျန်းသူများသည် ပါကိစ္စတန်နိုင်ငံအလံကို ကိုင်ဆောင်လွှင့်ထူထားကြသည်။ သောင်းကျန်းသူအများစုက ရခိုင်ပြည်၏ အနောက်ဘက်စွန်းဒေသကို ပါကိစ္စတန်နှင့်ပူးပေါင်းရေးအတွက် ပွက်ပွက်ညံအောင် တောင်းဆိုနေကြသည်။ လက်နက်များကို နယ်စပ်ဖြတ်သန်းလျှက် ရယူနေကြကြောင်း သံသယရှိသည်။ ဤမူဆလင်ဆိုသူတို့၏ ဧရာမအများစုမှာ စစ်တကောင်းမှ ပါကိစ္စတန် နိုင်ငံသားများသာဖြစ်သည်။ အချို့မှာ ဤဒေသ၌မျိုးဆက်တစ်ခုစာကာလမျှ အခြေချနေထိုင်ပြီးဖြစ်ကြသော်လည်း လူဦးရေ(၁၃၀၀၀၀)တို့အနက် (၈၀၀၀၀)တို့မှာ ပါကိစ္စတန်နိုင်ငံသားများသာဖြစ်နေကြသည်။” (ကိုးကားချက်-၁၉၄၉ ခုနှစ်၊ မေ ၂၈ ရက်နေ့ကုန်ဆုံးသောကာလအတွင်း ပါကိစ္စတန် ဒက္ကားမြို့ လက်ထောက်မဟာမင်းကြီး၏အစီရင်ခံစာအမှတ် ၂၁ တွင် ဤသတင်းစာဖြတ်ပိုင်းကိုပူးတွဲထားသည်)

အပိုင်း(၂)ကို ဆက်လက်ဖတ်ရှုပါရန်

         

No comments:

Post a Comment