Saturday, September 29, 2012

ရခိုင် - ဘင်္ဂလီ ပဋိပက္ခမှ ရှုမြင်ချက်များ - အပိုင်း (၁)

မစ္စတာ ကင်တာနားအား သတင်းစာရှင်းလင်းပွဲတစ်ခုတွင် တွေ့ရစဉ်

ဆောင်းပါးရှင် - ဗိုလ်မှူးကျော်ကျော်ခိုင်

စာရေးသူ အနေဖြင့် ရခိုင်-ဘင်္ဂလီ ပဋိပက္ခနဲ့ ပတ်သက်သော ဆောင်းပါးများကို ရေးသားတင်ပြရာမှာ အကောင်းချည်းမြင် အဆိုးချည်းမြင် အစွန်းနှစ်ဘက်ကို ရှောင်ကြဉ်၍၎င်း၊ ဘာသာရေး လူမျိုးရေးကို အခြေခံပြီး ရေးသားခြင်းကို ရှောင်ကြဉ်၍၎င်း အမှန်တရားပေါ်မှာသာ အခြေခံထား ရေးသားတင်ပြခဲ့ပါတယ်။ ဘက်လိုက်သည်ဟု ဆိုလျှင်လည်း စာရေးသူသည် ရခိုင်တိုင်းရင်းသား တစ်ဦးမဟုတ်ပါ။ သို့သော် ဘက်မလိုက်ခြင်းသည် မှန်ကန်တယ်လို့ ထင်ရပေမယ့် အမှန်တရားဘက်မှ ရပ်တည်ပေးခြင်းကသာ ပိုမို၍ မှန်ကန်ပါသည်ဟု စာရေးသူ ယူဆပါတယ်။ ပြည်ပရောက် မြန်မာအချို့နှင့် မီဒီယာသမားအချို့သည် အခန်းကဏ္ဍ တော်တော်များများတွင် မိမိနိုင်ငံတော်၊ မိမိနိုင်ငံသား နှင့် အမှန်တရားဘက်မှ ရဲရဲဝံ့ဝံ့ မရပ်တည်ဝံ့သည်ကို အံ့သြဖွယ်ရာ တွေ့ရှိရပါတယ်။ ဤကဲ့သို့သော အချိန်တွင် စစ်သဘောနှင့်ပြောလျင် ကိုယ့်တပ်ကိုယ်ပြန် နင်းနေသည်ကို စက်ဆုပ်ရွံ့ရှာမိသဖြင့် စကားလုံးအနည်းငယ် ကြမ်းတမ်းမှု ပါရှိခဲ့ပါက စာရေးသူအပေါ် နားလည်ပေးပါရန် မေတ္တာရပ်ခံပါတယ်။ စာရေးသူ၏ အမြင်အချို့ကို ဆက်လက် တင်ပြသွားလိုပါတယ်။
ယခု ရခိုင်ပြည်နယ်အရေးမှာ ပထမအချက်အားဖြင့် သမိုင်းအစဉ်အလာ ရှိခဲ့တဲ့ ရခိုင်ပြည်နယ်ဒေသမှာ ရခိုင်တိုင်းရင်းသားများသည် မူရင်းဒေသခံများသာ ဖြစ်ကြပါတယ်။ ဒုတိယအချက်အားဖြင့် တစ်ဘက်နိုင်ငံမှ ဘင်္ဂလီများက မတရား ဝင်ရောက် နေရာလုယူကာ ကောင်းမွန်စွာ နေထိုင်ခြင်း မပြုပဲ အစဉ်အဆက်ကပင် ရခိုင်နယ်မြေဒေသကို အပိုင်သိမ်းပိုက်ရေးအတွက် ကြံစည် အားထုတ်နေကြသူများ ဖြစ်ပါတယ်။
ဘင်္ဂလီများဟာ တစ်ဘက်က ရခိုင်နယ်မြေအတွင်း လူသတ်၊ မုဒိန်းကျင့်၊ ရွာမီးရှို့၊ သောက်ရေအဆိပ်ခပ် အစရှိတဲ့ အကြမ်းဘက်လုပ်ရပ်များ လုပ်နေပြီး တစ်ဘက်တွင်လည်း နိုင်ငံတကာ၌ လုပ်ကြံဇာတ်လမ်းထွင်ကာ ငိုပြခြင်းဖြင့် ပြဿနာများ လုပ်နေခဲ့ကြပါတယ်။ အိန္ဒိယနယ်စပ်တွင်လည်း ထို့အတူပင် မဟုတ်ပါလား။ အဓိက အကြောင်းရင်းကတော့ ရခိုင်ဒေသကို အပိုင်စီးရေးပင် ဖြစ်ပါတယ်။ နိုင်ငံတိုင်းသည် Globalization ခေတ်ဟု ပြောနေသော်လည်း နယ်မြေဒေသ ပိုင်ဆိုင်မှုနှင့် ပတ်သက်၍မူ နည်းနည်းမှ အထိမခံသည်ကို ယခုလတ်တလော တရုတ်၊ ဖိလစ်ပိုင်၊ ဂျပန်နိုင်ငံတို့၏ ကျွန်းများပိုင်ဆိုင်မှုနှင့် ပတ်သက်ပြီး အကြီးအကျယ် ပြဿနာတက်နေသည်ကို လက်တွေ့ ကြည့်နိုင်ပါတယ်။ ဂျပန်နှင့်တရုတ် အငြင်းပွားမှုဆိုလျှင် စစ်ပင်ဖြစ်နိုင်သည်ဟု ထင်ကြေး ပေးထားကြပါတယ်။ ယခု ရခိုင်တိုင်းရင်းသားများ အနေနှင့် ဘင်္ဂလီများက ကိုယ့်နိုင်ငံ ကိုယ့်ဒေသအပေါ်ကိုပင် ရောက်ရှိနေပြီး နယ်မြေဒေသ အပိုင်စီးခံနေရမှုကို လက်မခံနိုင်ကြသည်မှာ သဘာဝကျပါတယ်။ ထို့ကြောင့် အခြေခံအားဖြင့် တွေးလျင်ပင် မိမိတို့ မြန်မာနိုင်ငံသား တိုင်းရင်းသားစစ်စစ်ဖြစ်သော ရခိုင်တိုင်းရင်းသားများသည် အမှန်တရားဘက်ကဖြစ်ကြောင်း ကလေးတစ်ယောက်ကပင် ကောင်းစွာ နားလည် သဘောပေါက်နိုင်ပါတယ်။
ရခိုင်ပြည်နယ် ပဋိပက္ခကာလအတွင်း မြင်ကွင်းတစ်ခု

၎င်းအပြင် ရခိုင်ပြည်နယ် အရေးကိစ္စသည် မြန်မာနိုင်ငံတော်တစ်ခုလုံး မြန်မာပြည်သူလူထု တရပ်လုံးရဲ့ အရေးကိစ္စပင် ဖြစ်ပါတယ်။ ရခိုင်တိုင်းရင်းသားများသည် မြန်မာနိုင်ငံသား မြန်မာများသာ ဖြစ်ကြပါတယ်။ ထိုကြောင့် မိမိတို့အိမ်သား တိုင်းရင်းသားများနှင့် တခြားအိမ်သား လူမျိုးခြားတို့ နှိုင်းယှဉ်လာလျင် မြန်မာနိုင်ငံသား မြန်မာလူမျိုးမှန်လျင် မိမိတို့အိမ်သား တိုင်းရင်းသားများဘက်ကသာ ဦးစွာ ရပ်တည်ကြရမှာ သဘာဝပဲ ဖြစ်ပါတယ်။ ယနေ့ ကမ္ဘာအခြေအနေကို ကြည့်ပါ။ နိုင်ငံမတူ လူမျိုးမတူ ဘာသာတူရုံမျှနှင့်ပင်လျှင် အမှားအမှန် မခွဲခြားပဲ ဘက်လိုက် ရပ်တည်ပေးနေတာကို တွေ့နိုင်ပါတယ်။ ယနေ့ဖြစ်ပေါ်နေသော ကမ္ဘာ့အခြေအနေ အရပ်ရပ်ကို မြန်မာမျိုးမချစ် လူပေါ်လူဇော် လုပ်လိုသူများ မိမိကိုယ်ကို မှန်ကန်မျှတ ယဉ်ကျေးသူများ လူ့အခွင့်အရေး နားလည်သူများဟု အမှတ်ဝင်ယူလိုသူ အခွင့်အရေးသမားများ အားလုံးလည်း မျက်မြင်ကိုယ်တွေ့ သိရှိခဲ့ကြပြီး ဖြစ်ပါတယ်။
၁။ မြန်မာနိုင်ငံတော်သည် အာဏာရှင်အုပ်ချူပ်ရေးမှ ဒီမိုကရေစီအုပ်ချူပ်ရေးသို့ အသွင်ကူးပြောင်းပြီ ဖြစ်ပါတယ်။ အစိုးရပင်လျှင် ဒီမိုကရေစီ နည်းလမ်းတကျ ပြည်သူက တင်မြှောက်သော ပြည်သူ့အစိုးရအဖြစ် ကြွေးကြော်နေပြီ ဖြစ်ပါတယ်။ ပြည်သူ့ဆန္ဒအရ ပြည်သူတင်မြှောက်သော အစိုးရက အုပ်ချူပ်ရသည်မှာ ဒီမိုကရေစီပင် ဖြစ်ပါတယ်။ ဤရခိုင် - ဘင်္ဂလီအရေးတွင် ပြည်တွင်းပြည်ပရှိ မြန်မာနိုင်ငံသား တိုင်းရင်းသားအားလုံး၏ ဆန္ဒသည် တူညီစွာ တသဘောတည်း ဖြစ်နေသည်ကို တွေ့ရမှာ ဖြစ်ပါတယ်။ ထိုဆန္ဒမှာ ဘာဆိုသည်ကိုလည်း မပြောလည်း သိနိုင်ကြပါတယ်။ ရခိုင်ကိစ္စနှင့် စပ်လျဉ်းပြီး သမ္မတအား ထောက်ခံဆန္ဒပြပွဲမှ ကြွေးကြော်သံများ ဆောင်ပုဒ်များက ပြည်သူလူထု၏ ဆန္ဒကို ဖေါ်ပြနေပါတယ်။ အကောင်အထည်ဖေါ် ဆောင်ရွက်ပေးရန်မှာ ပြည်သူ့အစိုးရ၏ တာဝန်သာ ဖြစ်ပါတယ်။ မြန်မာပြည်သူ ပြည်သားများ၏ ဒီမိုကရေစီနည်းကျသော တောင်းဆိုချက်ကိုလည်း သမ္မတ တစ်ဦးတည်း သဘောဖြင့် မဆုံးဖြတ်ပဲ ပြည်သူလူထုက ရွေးချယ်တင်မြှောက်ထားသော ပြည်သူ့လွှတ်တော်မှသာ ဆုံးဖြတ်အတည်ပြုချက်ယူ၍ လုပ်ကိုင် ဆောင်ရွက်သင့်ပါတယ်။ အခြေအနေ အချိန်အခါကို စောင့်ကြည့်ဆောင်ရွက်ရန် လိုသော်လည်း အချိန်မဆွဲသင့်ပါ။ ဥရောပသမဂ္ဂက ပြည်သူ့လွှတ်တော်ကို ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေအား ပြန်လည်ပြင်ဆင်ပေးရန် တောင်းဆိုမှုအား ပြည်သူ့လွှတ်တော်က ပယ်ချလိုက်တာဟာ ၀မ်းမြောက်ဂုဏ်ယူ ကြိုဆိုသင့်ပါတယ်။ လွှတ်တော်အတွင်း ဆောင်ရွက်မည့် အခြေအနေကို ပွင့်လင်းပြတ်သားစွာ ဆွေးနွေး ညှိနှိုင်းသင့်ကြပါတယ်။ မြန်မာနိုင်ငံကို ဒီမိုကရေစီနိုင်ငံ ဖြစ်စေလိုသော ကုလသမဂ္ဂနှင့် ကမ္ဘာ့နိုင်ငံ အသီးသီး အနေဖြင့်လည်း ဘင်္ဂလီများကိစ္စနဲ့ ပတ်သက်ပြီး မြန်မာပြည်သူလူထု၏ သဘောဆန္ဒကို ဒီမိုကရေစီ နည်းလမ်းအတိုင်းပဲ သဘောတူထောက်ခံ အားပေးကြသင့်တယ်လို့ ယူဆမိပါတယ်။
ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေး ပုဂ္ဂိုလ် မစ္စတာ Vijay Nambiar က ကုလသမဂ္ဂအနေဖြင့် နိုင်ငံများတွင် အလုပ်လုပ်ရာမှာ ပြည်တွင်းရေးစွက်ဖက်တယ် ဆိုတာမျိုးကြောင့် အခက်အခဲဖြစ်ရကြောင်း ပြောကြားခဲ့တာ တွေ့ရပါတယ်။ ဒီလိုပါပဲ မြန်မာနိုင်ငံအနေနှင့်လည်း တရားဥပဒေ နည်းလမ်းတကျ မှန်ကန်စွာ ဆောင်ရွက်တာတောင်မှ လူ့အခွင့်အရေးဆိုတဲ့ စကားကြောင့် စိတ်အနှောက်အယှက်ဖြစ်ပြီး အခက်အခဲဖြစ်ရကြောင်း ကုလမှ မြန်မာနိုင်ငံနှင့်ပတ်သက်သော တာဝန်ရှိသူများအား သိစေရန် ပြုလုပ်သင့်ပါတယ်။
၂။ UN special rapporteur Tomas Quintana သည် သူ့တာဝန်အရ စာအုပ်ကြီးအတိုင်း ပြောသွားသည်ကို လက်ခံနိုင်သော်လည်း မလာခင်ကပင် သက်သေအထောက်အထားများ ရထားသည်ဆိုပြီး တဘက်သတ် ပြောဆိုခြင်း၊ လူ့အခွင့်အရေး အစီရင်ခံစာတွင် တချိန်က ဘင်္ဂလီများက ရခိုင်တိုင်းရင်းသားတို့အား သတ်ဖြတ်ပစ်ခဲ့ဖူးသည်ကို ထိန်ချန်ပေးထားခြင်း၊ ဘင်္ဂလီများ နိုင်ငံသားဖြစ်စေဖို့အတွက် မြန်မာပြည်သူလူထုကသာ ဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့ ၁၉၈၂ နိင်ငံသားဥပဒေကို ပြင်ဆင်ခိုင်းတာကိုလည်း ပြင်းပြင်းထန်ထန် ကန့်ကွက်ဖို့ လိုကြောင်း ထင်မြင်မိပါတယ်။ ၎င်းကပြင်ဆင်ဖို့ ပြောခြင်းကလည်း ဘင်္ဂလီများအတွက် ရည်ရွယ်ပြောတာဟာ ထင်ရှားလွန်းလှပါတယ်။ ကင်တားနား မြန်မာပြည်ကို လာကတည်းက ကမ္ဘာနှင့် မူဆလင်အသိုင်းအဝန်းက စောင့်ကြည့်နေခဲ့တာ ဖြစ်ပါတယ်။ ကင်တားနားရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားချက်တွေဟာ တရားမျှတမှန်ကန်ခြင်းကို မဖြစ်စေသည့်အပြင် ဘင်္ဂလီဘက်ကို ယိမ်းယိုင်တဲ့ စကားများ ဖြစ်တာကြောင့် လှုံ့ဆော်လိုက်သလိုဖြစ်သွားပြီး အခြေအနေ ပိုမိုဆိုးရွားခဲ့ရတယ်လို့ မြင်ပါတယ်။
ကင်တားနားဟာ လူသတ်မှု မုဒိန်းမှု ကျူးလွန်ခဲ့တဲ့ တရားခံဘက်က လိုက်မိတဲ့ ရှေ့နေလိုပါပဲ။ သူ့အမှုသည်က လူသတ်မှု မုဒိန်းမှုတွေ ကျူးလွန်ထားတာကို ကိုယ်တိုင်သိပေမယ့် ကိုယ့်အမှုသည် အနိုင်ရရေးအတွက် အကာအကွယ် ပေးနေတဲ့အဖြစ်နဲ့ တူနေပါတယ်။ နောက်ဆုံး ဘယ်လိုမှ ငြင်းမရရင်တောင် ကျူပ်အမှုသည်လေးကတော့ စိတ်ရောဂါ ဝေဒနာရှင်ကလေးပါဆိုပြီး အမှုသက်သာအောင် လုပ်မယ့်သူပါပဲ။
ရှုထောင့်အနေဖြင့်လည်း အဓမ္မပင် လူ့အခွင့်အရေးဆိုတာပဲ ပြောချင်ပုံရတော့ မြန်မာရှေးပုံပြင်လေးထဲက မျက်မမြင်ပုဏ္ဏား ခြောက်ယောက်အကြောင်းကို ပြောပြပေးဖို့တော့ လိုပါလိမ့်မယ်။ အစွယ်စမ်းမိသူက လှံနဲ့တူတယ် ကိုယ်လုံးစမ်းမိသူက နံရံကြီးနဲ့တူတယ် နားရွက်စမ်းလိုက်သူက ယပ်တောင်နဲ့တူတယ်နဲ့ ကိုယ်မြင်ရာသာ ကိုယ်ပြောနေသလို ဖြစ်နေမှာပေါ့။ ဆင်တစ်ကောင်လုံးကိုကြည့်ပြီးမှာ ဒါဟာဆင်လို့ ဆုံးဖြတ်ရမယ့် အခြေအနေဆိုတာကို UN special rapporteur Tomas Quintana ကို သိစေအပ်ပါတယ်။
ပါတီအချို့ကတော့ ကင်တားနားနေရာမှာ အခြားတစ်ယောက် ခန့်ထားပေးဖို့ တင်ပြထားခဲ့ပြီး ဖြစ်ပါတယ်။ မြန်မာပြည်သူလူထု အနေနဲ့လည်း ကုလသမဂ္ဂကို ဝိုင်းဝန်း တင်ပြသင့်ပါတယ်။ ထပ်မံပြီး မစ္စတာကင်တားနားကို ပြောချင်မေးချင်တာ တစ်ခုကတော့ ဘင်္ဂလီတွေကို နိုင်ငံသားပေးလိုက်ရင် ဤပြဿနာ ဤတွင် ပြီးစီးသွားမည်ဟု ယူဆပါသလား ၊ အာမရောခံနိုင်ပါသလား ဆိုတာကိုပါ။ အစိုးရက အဲဒီမေးခွန်းကို ကင်တားနားအား မေးသင့်ပြီး ဆင်ဝှေ့ရန်ရှောင် လုပ်နေတာကိုတော့ အံ့သြမိပါတယ်။ လူထုနဲ့ပါတီအချို့က တောင်းဆိုတာကို အစိုးရက ကင်တာနားအား လူစားထိုးဖို့ တင်ပြသင့်ပါတယ်။
ဆောင်းပါးရှင် - ဗိုလ်မှူးကျော်ကျော်ခိုင်ရဲ့ ရခိုင် - ဘင်္ဂလီ ပဋိပက္ခမှ ရှုမြင်ချက်များ - အပိုင်း (၂) ကို www.phoetayokeking.org မှဆက်လက် ဖော်ပြသွားပါမည်။

No comments:

Post a Comment