These people are staying now in a Monastery , Maung Daw Town who were affected from violent Riot Contions in Northern Rakhine State & they lost their homes, their places, theirs daily lives & their occupational & educational status. ရခိုင်ပြည်နယ် မောင်တောမြို့ ဘုန်းတော်ကြီးကျောင်း တစ်ကျောင်းရှိ ကယ်ဆယ်ရေးစခန်းတွင် နေထိုင်နေရသော အဓိကရုဏ်း ဒဏ်သင့် ရခိုင်တိုင်းရင်းသား ဒုက္ခရောက် ပြည်သူများ | ||||
|
အပိုင်း(၁)
လူ့အခွင့်အရေးဆိုတာက လူသားများဂုဏ်သိက္ခာရှိစွာ ရပ်တည်နေထိုင်နိုင်ရေးလို့ စာရေးသူ အနေဖြင့် ထင်မြင်မိပါသည်။ လူ့သားများ ဂုဏ်ကိက္ခာရှိစွာ ရပ်တည်ရာတွင် တစ်ဦး၏ အခွင့်အရေးကို တစ်ဦးက မချိုးဖောက်ရန် အလွန်အရေးကြီးပါသည်။ ထိုအတူ တစ်ဦး၏အခွင့်အရေးကိုလည်း လေးစား လိုက်နာရန် အလွန်အရေးကြီးပါသည်။ လူတစ်ဦးချင်းသာမက လူအုပ်စု၊ လူမျိုးအုပ်စုများမှာလည်း ထိုနည်းတူစွာ တစ်အုပ်စုကို တခြားတစ်အုပ်စုက လေးစားရန်နှင့် မချိုးဖောက်မိစေရန် အလွန်အရေး ကြီးပေသည်။ သို့သော် ချိုးဖောက်ပါကလည်း အရေးယူမှုများ ပြုလုပ်နိုင်ရန်အတွက် ယနေ့ ကမ္ဘာကြီးတွင် စာချုပ်များ၊ အဖွဲ့အစည်းများကို ဖွဲ့စည်းပြီး လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေး အဖွဲ့များမှာလည်း ကမ္ဘာအနှံ ပေါ်ပေါက်နေပြီး ဖြစ်ပါသည်။
သို့သော်တစ်ခါတစ်ရံမှာ လူ့အခွင့်အရေး အဖွဲ့အစည်းများအနေဖြင့် လေ့လာစုံစမ်းမှုများ လိုအပ်နေသည်များကိုလည်း တွေ့ရသည်။ လူ့အခွင့်အရေးအဖွဲအစည်းများသည် သေချာစုံစမ်းမှုများ မလုပ်ဘဲ သတင်းဌာနများမှ သတင်းများကို အားကိုးမှုမှာကောင်းသော်လည်း တချို့သော သတင်းများ မှာ လုပ်ကြံဖန်တီးမှုသတင်း၊ ပေါ်ပြူလာဖြစ်မှုကို ဦးစားပေး၍ အင်တာဗျူးလုပ်ထားသောသတင်း၊ လူမျိုးတစ်မျိုးမှ ငွေကြေး၊ အသိုင်းအဝိုင်းအားကောင်း၍သော်လည်းကောင်း စနစ်တကျ ထိုးဖောက်ပြီး လုပ်ကြံဖန်တီးထားသော သတင်းများနှင့် ဘာသာရေးဘက်လိုက်ပြီး တမင်တကာ ဖန်တီးထားသော သတင်းများမှ အချက်အလက်များ ရယူမိလျှင်တော့။ သတင်းလက်ဦးမှု၊ အသိုင်းအဝိုင်းကောင်းမှု၊ ငွေကြေးတတ်နိုင်မှု၊ သာသာရေး၊ လူမျိုးရေးဘက်လိုက်မှု အားသာသောလူမျိုးမှာ အသာစီး အလိုလျှောက်ရသည်ကိုလည်း တွေ့နေရပါသည်။ မည်မျှပင် သူတို့မှားစေကာမှု သူတို့သာလျှင် အဖိနှိပ်ခံ၊ သူတို့သာလျှင် အေးချမ်းတည်ငြိမ်မှုကို လိုလားသည့်လူမျိုးဟု အထင်ခံရမည် ဖြစ်သည်။ တစ်ကမ္ဘာလုံးကလည်း သူတို့ကို ဂရုဏာသက်ကြမည်ဖြစ်သည်။ အမှန်တကယ် ဖိနှိပ်ခံရသူ၊ သတ်ဖြတ်ခြင်း၊ ဝါးမျိုးခြင်း ခံရသည့်လူမျိုးမှာ မိမိတို့ကိုယ်မိမိတို့ ကာကွယ်ခြင်းကိုပင်အစွန်းရောက်များ၊ လူသတ်သမားများဟုပင် အထင်ခံရတတ်ပြီး တစ်ကမ္ဘာလုံး၏ ကဲ့ရဲ့ရှုတ်ချခြင်းကိုလည်း ခံရမည် ဖြစ်သည်။ တစ်ခါတစ်ရံ လူ့အခွင့်အရေး ချိုးဖောက်ခံနေရသူများအနေဖြင့်လည်း ဗဟုသုတနည်းပါး သည်ကတစ်ကြောင်း လူ့အခွင့်အရေးချိုးဖောက်ခံရမှုကို တင်ပြ၊ ပြောပြ၊ တိုင်ကြားနိုင်စွမ်း၊ နိုင်ငံတကာကသိအောင် လုပ်နိုင်စွမ်းမရှိသောလူများ၊ လူမျိုးများလည်း ရှိနေသေးသည်ကို တွေ့ရပါသည်။ ထို့အပြင် လူ့အခွင့်အရေး ချိုးဖောက်ခံရမှုကိုပင် ချိုးဖောက်ခံနေရမှန်း မသိသောလူများ၊ လူမျိုးများလည်း အများအပြားပင်။ အထူးသဖြင့် ကျွန်တော်တင်ပြလိုသည်မှာ ဘင်္ဂလားဒေ့ရှ်-မြန်မာနှင့် အိန္ဒိယသုံးနိုင်ငံနယ်စပ်တွင် ဖြစ်ပျက်နေသော လူ့အခွင့်အရေး ချိုးဖောက်မှုများကို တင်ပြလိုပါသည်။ အထက်တွင် ပြောခဲ့သည်အတိုင်း လူ့အခွင့်အရေး ချိုးဖောက်ခံရသည်ကို ခံနေရမှန်းမသိ၊ စာပေလည်း မတတ်၊ ဗဟုသုတလည်းနည်းပါး၊ ငွေးကြေးလည်းဆင်းရဲ၊ အသိုင်းအဝိုင်းလည်းမရှိ၊ မီဒီယာနှင့် နိုင်ငံ တကာ ထိုးဖောက်နိုင်သူဟု၍လည်း တစ်ယောက်တစ်လေမျှ မရှိသည့်လူမျိုးများသည် အဆိုပါသုံးနိုင်ငံ နယ်စပ်တစ်လျှောက်တွင် ကျီးလန့်စာ စားနေထိုင်နေကြရပါသည်။ လူ့အခွင့်အရေး ချိုးဖောက်ခံ နေရမှုများကိုမတင်ပြမီ အဆိုပါဒေသများတွင် နေထိုင်သည့်လူမျိုးများအကြောင်းကို အနည်းငယ် တင်ပြလိုပါသည်။
ဤသုံးနိုင်ငံနယ်စပ်တွင် ရှေ့ယခင်နှစ်ပေါင်းထောင်ချီ၍ နေထိုင်လာခဲ့ကြသည့် တိုင်းရင်းသားများမှာ မြန်မာနိုင်ငံဘက်တွင် ရခိုင်၊ သက်၊ ခမီး၊ မြို၊ ဒိုင်းနက်၊ မရာမာ၊ ကမန် လူမျိုးများ နေထိုင်ကြပါသည်။ ဘင်္ဂလားဒေ့ရ်ုနိုင်ငံဘက်တွင် ရခိုင်၊ သက်၊ ခမီး၊ မြို၊ မာရမာ၊ ဘူးရဝါး၊ လင်းဂေး စသည့် လူနည်းစုတိုင်းရင်းသားများနှင့် အိန္ဒိယနိုင်ငံဘက် အခြမ်းတွင် သက်၊ ခမီး၊ မြို၊ ချင်း၊ မေဇူ၊ ထရီပူရ(ရခိုင်)၊ နာဂ၊ ကသဲ့၊ လူချိုင်း၊ ဇူမီး၊ မဏိပူရိ စသည့်တိုင်းရင်းသား လူနည်းစုများ နေထိုင်လာခဲ့ကြပါသည်။ အထက်တွင်ဖေါ်ပြခဲ့သည့် တိုင်းရင်းသားလူမျိုးစုများထဲတွင် ရခိုင်လူမျိုးမှာ လူဦးရေးအများဆုံး ဖြစ်သည့်အပြင် နှစ်ပေါင်း(၅၀၀၀)ကျော်တိုင်တိုင် ကိုယ့်မင်းကိုယ်ချင်းနှင့် အချုပ်အခြာအာဏာပိုင် သီးသန့်နိုင်ငံတစ်ခုအဖြစ် ၁၇၈၄ ခုနှစ်အထိ တည်တံ့ခဲ့ပါသည်။
ရခိုင်လူဦးရေသည် ယနေ့အထိ အဆိုပါသုံးနိုင်ငံ နယ်စပ်အသီးသီးတွင် (၅)သန်းကျော် လောက် နေထိုင်နေကြပြီး တစ်ကမ္ဘာလုံးတွင် ရခိုင်လူဦးရေ(၆)သန်းကျော် နေထိုင်နေကြပါသည်။ ရှေ့ဟောင်းယဉ်ကျေးမှုအမွေအနှစ်များစွာ ပိုင်ဆိုင်ထားသည့် လူမျိုးတစ်မျိုးလည်းဖြစ်ပါသည်။ ရှေ့ဟောင်းယဉ်ကျေးမှုများအနက် မြောင်ဦးရှေ့ဟောင်းမြို့မှာ အထင်ရှားဆုံးဖြစ်ပါသည်။ ရခိုင့်ဘုရင့် နိုင်ငံသည် ၁၇၈၄ ခုနှစ်တွင် အမရပူရ ဘိုးတော်ဘုရား(ဘိုးတော်မောင်ဝိုင်း)က တိုက်ခိုက်သိမ်းယူခြင်း ခံခဲ့ရသောကြောင့် ယခုအချိန်အထိ မြန်မာနိုင်ငံထဲတွင် ပါဝင်သွားခဲ့ခြင်းဖြစ်ပါသည်။
အဆိုပါသုံးနိုင်ငံနယ်စပ်တွင် တိုင်းရင်းသားလူမျိုးများ ရှေ့ပဝေသနီကပင် နေလာခဲ့သော်လည်း မည့်သည့်ပြဿနာမှမရှိခဲ့ပါ။ တိုင်းရင်းသားများနေထိုင်ရာ နယ်မြေများတွင် မြေလွတ် မြေရိုင်းများပေါများသည့်ဒေသဖြစ်သည်။ ဒုတိယကမ္ဘာစစ်ပြီး ၁၉၄၇ ခုနှစ်နောက်ပိုင်း အိန္ဒိယ၊ မြန်မာ၊ အရှေ့ပါကိစ္စတန်(ယခုဘင်္ဂလားဒေ့ရှ်)တို့သည် လွတ်လပ်ရေးအသီးသီးရပြီး နောက်ပိုင်းတွင် အရှေ့ပါကိစ္စတန်(ယခုဘင်္ဂလားဒေ့ရှ်)နိုင်ငံတွင် စီးပွားရေးကျဆင်းမှု၊ ဆင်းရဲမွေတေမှု အလွန်များပြား ခဲ့သည်။ ၁၉၄၇ ခုနှစ်မှစ၍ ၁၉၇၁ ခုနှစ်အထိ အနောက်ပါကိစ္စတန်နယ်မှ ပါကိစ္စတန်(ပထန်း) လူမျိုးများက အုပ်ချုပ်သူများဖြစ်နေပြီး အရှေ့ပါကိစ္စတန်တွင် နေထိုင်သည့် ဘင်္ဂလီ၊ စစ်တကောင်း (ဘင်္ဂလီ)လူမျိုးများက အုပ်ချုပ်ခံအဖိနှိပ်ခံများဖြစ်နေလေရာ ဘင်္ဂလီနှင့် စစ်တကောင်းသား(ဘင်္ဂလီ) ကုလားများမှာ ဆင်းရဲမွေးတေမှုကြောင့် အိမ်နီးချင်း အိန္ဒိယနိုင်ငံနှင့် မြန်မာနိုင်ငံအတွင်းသို့ အသီးသီး ခိုးဝင်လာခဲ့ကြသည်။ ၁၉၇၁ ခုနှစ်တွင် အရှေ့ပါကိစ္စတန်မှာ လွတ်လပ်ရေးရပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဖြစ်လာသည်။ လွတ်လပ်ရေးရခါစ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ စစ်ဘေးစစ်ဒဏ်ကြောင့် ဆက်လက်ဆင်းရဲ နေလေရာ ထိုနိုင်ငံမှ ဘင်္ဂလီလူမျိုး(ရိုဟင်ဂျာအမည်ခံ)များမှာ မြန်မာနိုင်ငံထဲသို့ ခိုးဝင်နေခဲ့ကြပါသည်။
ထိုအချိန်က အိန္ဒိယနိုင်ငံနှင့် မြန်မာနိုင်ငံသည် နယ်မြေအုပ်ချုပ်ရေး စနစ်ညံ့ဖျင်းသည်က တစ်ကြောင်း၊ လူဝင်မှုကြီးကြပ်ရေးကို အတိအကျမဆောင်ရွက်နိုင်ခဲ့သည်က တစ်ကြောင်း၊ ခြစားမှုများနှင့် ပြည်တွင်းစစ်ဖြစ်နေခြင်းတို့ကြောင့် အရှေ့ပါကိစ္စတန်(ယခုဘင်္ဂလားဒေ့ရှ်)မှ ခိုးဝင်လာ သူများကို မတားဆီးနိုင်ခဲ့ပေ။ အထူးသဖြင့်မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးနောက် ၁၉၄၉ ခုနှစ်တွင် မြန်မာနိုင်ငံသည် ပြည်တွင်းစစ်မီး တဟုန်းဟုန်းတောက်လောင်နေခဲ့ရာ အရှေ့ပါကိစ္စတန်(ယခုဘင်္ဂလားဒေ့ရှ်)နိုင်ငံမှ ခိုးဝင်လာသူ ဘင်္ဂလီမူဆလင်(ရိုဟင်ဂျာအမည်ခံ)များ ကိုမတားဆီနိုင်ခဲ့ချေ။ ထိုအချိန်က မြန်မာ့တပ်မတော်မှာ တပ်ရင်းစုစုပေါင်း (၁၀)ရင်းသာရှိသည်။ ထို့ကြောင့် မြန်မာနိုင်ငံ အနောက်ဘက်ဒေသရှိ ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များကို မြန်မာ အစိုးရမှာ လှည့်မကြည့်နိုင်ခဲ့ပေ။ နယ်စပ်ဒေသတလျှောက်တွင်နေထိုင်သူ တိုင်းရင်းသားများမှာလည်း တစ်ဘက်နိုင်ငံမှ ထမင်းငတ်၍ လာသူများဆိုပြီး ဂရုနာသက်ကာတားဆီးမှုကို မပြုလုပ်ခဲ့ကြပေ။ မိမိတို့၏ စိုက်ပျိုးရေးလုပ်ငန်းများတွင် လယ်ကုလီအဖြစ်ပင် ငှားရမ်းလုပ်ကိုင် စေခဲ့ကြပါသည်။ မြန်မာ နိုင်ငံအနောက်ဘက်ဒေသမှာ ၁၉၇၈ ခုနှစ်အထိ ငြိမ်သက်မှုမရှိခဲ့ပေ။ သူပုန်များ၊ သောင်းကျန်းသူများ ပေါများရာဒေသကြီး ဖြစ်နေခဲ့ပါသည်။ ဗြိတိသျှကိုလိုနီခေတ်မှ ၁၉၄၈ ခုနှစ်အထိ လာရောက်အလုပ် လုပ်ကိုင်နေသူ ဘင်္ဂလီမူဆလင်(ရိုဟင်ဂျာအမည်ခံ)လူဦးရေးမှာ (၃၀၀၀၀)ဝန်းကျင်မှ လွတ်လပ်ရေး ရပြီးနောက်ပိုင်း တစ်စတစ်စခိုးဝင်လာသူများမှာ များပြားလာပြီး ဘင်္ဂလီမူဆလင် (ရိုဟင်ဂျာအမည်ခံ) လူဦးရေတစ်သိန်းခန့်ဖြစ်လာကာ ၁၉၅၁ ခုနှစ်တွင် ပါကိစ္စတန်အစိုးရ၏ အကူအညီဖြင့် ဘင်္ဂလီ မူဆလင်(ရိုဟင်ဂျာအမည်ခံ) မူဂျာဟစ်သောင်းကျန်းသူများ ပေါ်ပေါက် လာခဲ့တော့သည်။ မူဂျာဟစ် သောင်းကျန်းသူများသည် အရှေ့ပါကိစ္စတန် (ယခုဘင်္ဂလားဒေ့ရှ်) နိုင်ငံရှိ ကော့စ်ဘဇား(ဖလောင်းချိပ်) ခရိုင်၊ ရာမူးမြို့နယ်၊ နီလာဘာဇာ (ဝါးခုတ်ချောင်း)ဒေသတွင် ပါကိစ္စတန် အာဏာပိုင်များ အကူအညီဖြင့် သင်တန်းကျောင်းတစ်ခုထားရှိပြီး စစ်ရေး၊ နိုင်ငံရေးနှင့် ဘာသာရေးအတွက် အကြမ်းဖက် သင်တန်းမျိုးစုံကို သင်ကြားခဲ့ကြသည်။ မူဂျာဟစ် သောင်းကျန်းသူများသည် ဒေသခံ တိုင်းရင်းသားများ၏ မြို့ရွာများကို မီးရှို့ခြင်း၊ လူသတ်ခြင်း၊ လုယက်ခြင်း၊ မုဒိန်းကျင့်ခြင်း စသည်ဖြင့် အကြမ်းဖက်မှု မျိုးစုံကိုသုံးကာ ဒေသခံတိုင်းရင်းသားများထွက်ပြေးပြီး လူဦးရေကိုလျှော့ချတဲ့ နည်းပရိယာယ်များကို သုံးခဲ့ကြသည်။ ဒါ့အပြင် မူဂျာဟစ်သောင်းကျန်းသူများသည် စပါးဆက်ကြေးယူခြင်း၊ သစ်၊ ဝါး၊ ကျွဲနွားမှောင်ခို ရောင်းဝယ်ခြင်းနှင့် မေယုတောင်းတန်းမှ ဆင်များ၊ ကျားများ၊ ဝက်ဝံများ စသည့်တောနေသတ္တဝါများကို ပစ်ခေတ်ပြီး ဆင်စွယ်၊ ကျားသားရေများ ရောင်းချကာ မူဂျာဟစ်ခေါင်းဆောင်များ ဝင်ငွေအဖြစ်ရှာခဲ့ကြသည်။ ထို့အပြင် ဘင်္ဂလီမူဆလင် မူဂျာဟစ်သောင်းကျန်းသူများသည် ဒေသခံရခိုင်လယ်သူဌေးများကို ဓါးပြတိုက်ပြီး ရွှေ၊ ငွေများကို လုယူခြင်း၊ ဘင်္ဂလီမူဆလင်(ရိုဟင်ဂျာအမည်ခံ) မူဂျာဟစ်သောင်းကျန်းသူများ၏ သစ်မှောင်ခို၊ စပါး မှောင်ခိုရောင်းဝယ်ရာတွင် ဒေသခံရခိုင်နှင့် တခြားတိုင်းရင်းသားများကို ပေါ်တာခေါ်၍ မကြာခဏ အတင်းအဓမ္မခိုင်းစေခြင်းများကို ပြုလုပ်ခဲ့ကြပါသည်။ ထိုသို့အတင်းအဓမ္မခိုင်းစေပြီး ပြန်လွတ်လိုက် သည်ကား နည်းပါးပါသည်။ ရခိုင်အများစုမှာ ထိုသို့ ခိုင်းစေခြင်းခံရပြီးနောက်ပိုင်း အသတ်ခံသွားကြရသည်က များပေသည်။ မူဂျာဟစ်တို့၏ ကြွေးကြော်သံမှာ မြန်မာနိုင်ငံ အနောက်ဘက်ဒေသဖြစ်သည့် ဘူးသီးတောင်နှင့် မောင်တောဒေသကို အရှေ့ပါကိစ္စတန်အတွင်း သွတ်သွင်းလိုကြသည်။ ၁၉၄၈ ခုနှစ်မှ ၁၉၇၃ ခုနှစ်အထိ မြန်မာနိုင်ငံ-ဘင်္ဂလားဒေ့ရှ် (ယခင်အရှေ့ပါကိစ္စတန်) နယ်စပ်တစ်လျှောက်တွင် မြန်မာနိုင်ငံဘက်မှ နယ်ခြားစောင့်တပ် လုံးဝမရှိခဲ့ပေ။ ထို့ကြောင့် ဘင်္ဂလီလူမျိုး(ရိုဟင်ဂျာအမည်ခံ)များနှင့် မူဂျာဟစ်သောင်းကျန်းသူများမှာ လွယ်ကူစွာ ဝင်ထွက်သွားလာနေခဲ့ကြပါသည်။
ထိုအချိန်က မူဂျာဟစ်သောင်းကျန်းသူခေါင်းဆောင်မှာ မူဟာမတ်ကာစင်ဖြစ်သည်။ မူဟာမတ်ကာစင်သည် ဘင်္ဂလားဒေ့ရှ်(ယခင်အရှေ့ပါကိစ္စတန်)နိုင်ငံ၊ စစ်တကောင်းဒေသတွင် မွေးဖွားသူတစ်ဦးဖြစ်သည်။ မြန်မာနိုင်ငံ၏ နိုင်ငံရေးမတည်ငြိမ်မနှင့် ပြည်တွင်းစစ် ဖြစ်နေမှုများကို အခွင့်ကောင်းယူပြီး ဘင်္ဂလီလူမျိုး(ရိုဟင်ဂျာအမည်ခံ) မူဂျာဟစ်သောင်းကျန်းသူများသည် မြန်မာနိုင်ငံ အနောက်ဘက် ရခိုင်ပြည်နယ်ရှိ ရသေ့တောင်၊ ဘူးသီးတောင်နှင့် မောင်တောမြိုနယ်များတွင် ထင်သလိုမင်းမူနေခဲ့ကြပါသည်။ မူဟာမတ်ကာစင်၏တပ်မှာ တပ်မတော်တစ်ရပ်ကဲ့သို့ ဖွဲစည်းထားပြီး အင်အား(၁၅၀၀)ခန့်ရှိသည်။ ခေတ်မှီရိုင်ဖယ်သေနတ်များ၊ စက်သေနတ်များ၊ စိန်ပြောင်းများ တပ်ဆင် ထားခဲ့သည်။ ပထမအစပိုင်းတွင် မူဂျာဟစ်(ဘင်္ဂလီသောင်းကျန်းသူ)တပ်ကို မူဟာမတ်ကာစင် တစ်ဦးတည်းက ဦးဆောင်သော်လည်း နောက်ပိုင်းတွင် ကာစင်နှင့် ဘီအေဂျာဖော်(ဇာဖော) တို့နှစ်ဦးက ဦးဆောင်ခဲ့ကြသည။် ဘင်္ဂလီလူမျိုး(ရိုဟင်ဂျာအမည်ခံ)မူဂျာဟစ်သောင်းကျန်းသူများတွင် ခေတ်မှီလက်နက်ရှိသော်လည်း ရိုးသားသည့် တိုင်းရင်းသား တောသူတောင်သားများမှာ ထင်းခုတ်ဓါး ကလေးများမှလွဲ၍ မည့်သည့်လက်နက်မျှမရှိခဲ့ကြပေ။ ၁၉၅၃ ခုနှစ်တွင်တစ်ကြိမ် မြန်မာ့တပ်မတော်မှ မူဂျာဟစ်များကို ထိုးစစ်ဆင်တိုက်ခိုက်လေရာ မူဂျာဟစ်သောင်းကျန်းသူများ စစ်ရေးရှုံးနှိမ့်ပြီး ဘင်္ဂလားဒေ့ရှ်(ယခင်အရှေ့ပါကိစ္စတန်)နယ်ထဲသို့ ထွက်ပြေးသွားကြသော်လည်း မြန်မာစစ်တပ် အထက်မြန်မာပြည်သို့ ပြန်သွားသည့်အခါ မူဂျာဟစ်သောင်းကျန်းသူများ ပြန်လည်ဝင်ရောက်လာပြီး သောင်းကျန်းခဲ့ကြသည်။ မြန်မာစစ်တပ်မှလည်း အရှေ့ဘက်တွင် ကေအန်ဒီအိုနှင့် ပဲခူးရိုးမတွင် ဗမာပြည်ကွန်မြူနစ်ပါတီတို့နဲ့ ရင်ဆိုင်နေရလေရာ မည်သို့မျှ ပြန်လှည့်မကြည့်နိုင်ခဲ့ပေ။ ဤသို့ဖြင့် မြန်မာစစ်တပ်က လာရောက်ပြီး တိုက်ခိုက်လိုက် မူဂျာဟစ်သောင်းကျန်းသူများ ထွက်ပြေးသွားလိုက် မြန်မာစစ်တပ် ပြန်သွားသည့်အခါ ပြန်လည်ဝင်ရောက်ပြီး သောင်းကျန်းလိုက်ဖြင့် နှစ်ပေါင်းများစွာကြာ ခဲ့ပါသည်။ ၁၉၅၀ ခုနှစ်မှ ၁၉၇၇ ခုနှစ်အထိ ဘင်္ဂလီလူမျိုး (ယခရရိုဟင်ဂျာအမည်ခံ) မူဂျာဟစ် သောင်းကျန်းသူများနှင့် ဘင်္ဂလီလူမျိုးများသည် ဒေသခံရခိုင်လူမျိုးများ၊ ခမီး၊ မြို၊ သက်၊ ဒိုင်းနက် စသည့် ဒေသခံတိုင်ရင်းသားများ၏ ရွာများကိုမီးရှို့ဖျက်ဆီးခြင်း၊ မုဒိန်းကျင့်ခြင်း၊ လုယက်ခြင်း၊ သတ်ဖြတ်ခြင်း၊ မိဘများကိုသတ်ပြီး ကလေးများကို လုယူသွားကာ ဘာသာရေးအတွင်း သွတ်သွင်းခြင်း စသည့်ကျူးကျော်မှုများကို လုပ်ဆောင်ခဲ့ကြသည်။ ရခိုင်နှင့် တခြားတိုင်းရင်းသား များမှာ အစိုးရကလည်း ထိရောက်စွာ အကာအကွယ် မပေးနိုင်သောကြောင့် စစ်တွေ၊ မြောက်ဦး၊ မင်းပြား၊ ပုဏ္ဏားကျွန်း စသည့်မြို့နယ်များသာမက ယခင်မြန်မာနိုင်ငံ၏ မြို့တော်ဖြစ်သော ရန်ကုန်မြို့သို့ပင် ပြောင်းရွေ့ခိုလှုံ နေခဲ့ကြရပါသည်။
၁၉၄၈ ခုနှစ်မှ ၁၉၅၈ ခုနှစ်အထိ (၁၀)နှစ်တာကာလအတွင်း မြန်မာနိုင်ငံ အနောက်ဘက် ရခိုင်ပြည်နယ်ရှိ ဘူးသီးတောင်နှင် မောင်တောမြို့နယ်များမှ ရခိုင်ကျေးရွာ စုစုပေါင်း(၂၅၄)ရွာနှင့် တခြားတိုင်းရင်းသား (မြို၊ ခမီး၊ သက်၊ ဒိုင်းနက်၊ မာရမာ) ကျေးရွာစုစုပေါင်း(၈၀)ကျော် မီးရှို့ ဖျက်ဆီးခြင်းခံခဲ့ရပါသည်။ ဘင်္ဂလီမူဂျာဟစ်များနှင့် ဘင်္ဂလီလူမျိုးများလက်ချက်ကြောင့် တိုင်းရင်းသား စုစုပေါင်း(၂၀၀၀၀)နီးပါးလည်း အသက်ဆုံးရှုံးခဲ့ပါသည်။ အသက်မသေဘဲ ကျန်ရစ်သူ ဒေသခံရခိုင်နှင့် တခြားတိုင်းရင်းသားများမှာ လယ်ယာမြေများကို စွန့်ခွာထွက်ပြေးခဲ့ရသည်။ ယင်းကာလအတွင်းက မြန်မာ့တပ်မတော်မှာလည်း အင်အားအနည်းငယ်သာရှိသည်ကတစ်ကြောင်း၊ မြန်မာနိုင်ငံ အလယ်ပိုင်းနှင့် ရန်ကုန်မြို့အနီးတစ်ဝိုက်တွင်ရှိသည့် ကေအန်ဒီအို၊ ဗမာပြည်ကွန်မြူနစ်ပါတီ ပြောက်ကျားတပ်များကို တိုက်ခိုက်နေရသည့်ကတစ်ကြောင်း မြန်မာနိုင်ငံအနောက်ဘက်နယ်စပ်ကို အရေးမစိုက်နိုင်ခဲ့ချေ။ ထို့ကြောင့် ဒေသခံ ရခိုင်နှင့်တခြားတိုင်းရင်းသားများမှာ များစွာအတိဒုက္ခ ရောက်ခဲ့ကြပါသည်။
ထိုအချိန်က ဒေသခံရခိုင်နှင့် တိုင်းရင်းသားများပိုင်ဆိုင်သည့် လယ်ယာမြေများကို ဘင်္ဂလားဒေ့ရှ်(ယခင်အရှေ့ပါကိစ္စတန်)မှ ဘင်္ဂလီ(ရိုဟင်ဂျာအမည်ခံ)များခိုးဝင်လာပြီး ရပ်ရွာများ တည်ထောင်ကာ လုပ်ကိုင်နေခဲ့ကြသည်။ ၁၉၅၈ ခုနှစ်၊ အိမ်စောင့်အစိုးရလက်ထက်တွင် ပြန်လည်ထူ ထောင်ရေးလုပ်ရာတွင် ရခိုင်နှင့် တခြားတိုင်းရင်းသားတချို့ ပြန်လာကြပြီး မိမိတို့နေခဲ့သည့် ရပ်ရွာများကို ပြန်လည်ထူထောင်ကာ လုပ်ကိုင်စားသောက်ကြပါသော်လည်း ယခင်လယ်မြေနေရာ များတွင် ဘင်္ဂလီများ ဝင်ရောက်နေနှင့်ပြီးဖြစ်၍ ယခင်ကလိုနေထိုင်ရန် မလွယ်ကူတော့ချေ။ ဘင်္ဂလီ သောင်းကျန်းသူများ၏ ခြိမ်းခြောက်မူများကို မကြခဏခံနေခဲ့ရသည်။ မကြာခဏလည်းအသတ် ခံခဲ့ကြရသည်။ မိမိတို့၏လယ်ယာမြေများကို လုပ်ကိုင်နေရင်း လုပ်ငန်းခွင်တွင် အသက်ထွက် သူများလည်း အများအပြားပင်။ ၁၉၄၈ ခုနှစ်မှစ၍ အုပ်ချုပ်သူအရေးပိုင် နယ်ပိုင်များနှင့် ဌာနဆိုင်ရာ အသီးသီးရှိ ဦးစီးအရာရှိများမှာလည်း ဗမာလူမျိုးများဖြစ်နေသည်ကတစ်ကြောင်း ထိုအချိန်က အုပ်ချုပ်သူ ဗမာလူမျိုးအာဏာပိုင်များမှာ ငွေမျက်နှာတစ်ခုတည်းကိုသာ ကြည့်သူများဖြစ်သောကြောင့် ဘင်္ဂလီ(ရိုဟင်ဂျာ)များပေးသော လာဘ်ငွေများကိုရယူကာ မသိကျိုးကျွံ့ပြု၍သာနေခဲ့ကြသည်။ ဘင်္ဂါလီ (ရိုဟင်ဂျာအမည်ခံ)များမှာ ဘာသာရေးလမ်းကြောင်းမှလာသောငွေများကို လယ်ယာမြေအမှုနှင့် တခြားအမှုကိစ္စများအတွက် မြန်မာအာဏာပိုင်များကို လာဘ်ငွေအဖြစ်ပေးရာတွင် အသုံးပြုခဲ့ကြပါ သည်။ မြန်မာအာဏာပိုင်များမှာ ဘင်္ဂလီ(ရိုဟင်ဂျာအမည်ခံ)လူမျိုးများပေးသော လာဘ်ငွေများကိုယူပြီး ရန်ကုန်၊ မန္တလေးစသည့် မြို့ကြီးပြကြီးများတွင် တိုက်တာအဆောက်အအုံများဝယ်ယူကာ ဇိမ်ခံ နေခဲ့ကြသည်။ ရခိုင်နှင့် တိုင်းရင်းသားလူမျိုးများမှာ ရှေ့တန်းထွက်လာသော စစ်တပ်အတွက် ပေါ်တာလိုက်ပေးရ။ လယ်ယာမြေများကိုလည်း စိတ်ချလက်ချ လုပ်ကိုင်နိုင်ခြင်းမရှိပေ။ စီးပွားရေး တစ်စတစ်စကျဆင်းလာပြီး နေထိုင်ရန် အလွန်ခက်ခဲလာကြသောကြောင်း တစ်စတစ်စ မြန်မာနိုင်ငံ အတွင်းပိုင်းသို့ ဝင်ရောက်နေထိုင်ခဲ့ကြရပါသည်။ ယခုဘူးသီးတောင်နှင့် မောင်တောဒေသတွင် ရခိုင် လူဦးရေစုစုပေါင်း(၅၅၀၀၀)ကျော်နှင့် တခြားတိုင်းရင်းသား စုစုပေါင်း(၂၀၀၀၀)ဝန်းကျင်လောက်သာ ကျန်ရှိတော့သည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဘင်္ဂလလူမျိုး(ရိုဟင်ဂျာအမည်ခံ)များ အကြိမ်ကြိမ်ခိုးဝင်နေ ကြသောကြောင့် ဘင်္ဂလီ(ရိုဟင်ဂျာအမည်ခံ)လူဦးရေ စုစုပေါင်း(၅၅၀၀၀၀)ဝန်းကျင်လောက်ရှိ နေသည်။ ဤကဲ့သို့ ရခိုင်နှင့်ခမီး၊ ဒိုင်းနက်၊ မြို စသည့်ဒေသခံတိုင်းရင်းသားများမှာ လူ့အခွင့်အရေး နှစ်ပေါင်းများစွာ ချိုးဖောက်ခံနေရမှုများကို တိုင်းကြားနိုင်သည့် နေရာရှိမှန်းလည်းမသိ၊ နိုင်ငံတကာက သိရှိလာအောင် လုပ်နိုင်စွမ်းလည်းမရှိခဲ့သောကြောင်း ကမ္ဘာ့နိုင်ငံအသီးသီးနှင့် ကုလသမဂ္ဂ အဖွဲ့အစည်းများ၊ လူ့အခွင့်အရေးအတွက် အလုပ်လုပ်နေကြသည် အဖွဲ့အစည်းများမှာလည်း သိရှိနိုင်ခဲ့ခြင်း မရှိခဲ့ပေ။
၁၉၄၈ ခုနှစ်မှ ၁၉၇၆အထိ ဘင်္ဂလီ(ရိုဟင်ဂျာအမည်ခံ)များသည် ရခိုင်နှင့် တခြား တိုင်းရင်းသားများအပေါ်တွင် ကျူးကျော်စော်ကားခြင်း၊ သတ်ဖြတ်ခြင်း၊ လုယက်ခြင်း၊ မုဒိန်းကျင့်ခြင်း၊ လူသတ်ခြင်း၊ ရွာမီးရှို့ပြီး ကျန်ရစ်ခဲ့သော လယ်ယာမြေများ၊ ကျွဲနွားများ၊ လယ်ယာထွက်သီးနှံများနှင့် ပစ္စည်းဥစ္စာများကို အတင်းအားဓမ္မသိမ်းယူခြင်း စသည့်လုပ်ရပ်များနှင့် ခိုးဝင်လာသည့် ဘင်္ဂလီ (ရိုဟင်ဂျာအမည်ခံ) နိုင်ငံခြားသားအရေအတွက် အလွန်အမင်း များပြားနေမှုတို့ကြောင့် မြန်မာ့ ဆိုယ်ရှယ်လစ်လမ်းစဉ်ပါတီအစိုးရမှ ၁၉၇၇ ခုနှစ်တွင် ဟင်္သာစီမံချက်ဖြင့် လူဝင်မှုကြီးကြပ်ရေးဌာနနှင့် တပ်မတော်ပူးပေါင်းကာ ခိုးဝင်နေသည့် နိုင်ငံခြားသား ဘင်္ဂလီ(ရိုဟင်ဂျာအမည်ခံ)များကို စစ်ဆေး လေရာ ဘင်္ဂလီ(ရိုဟင်ဂျာအမည်ခံ)များမှာ တစ်ဘက်ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲသို့ ထွက်ပြေးခိုလူံ ခဲ့ကြပါသည်။ မြန်မာအစိုးရမှာ ဘင်္ဂလီ(ရိုဟင်ဂျာအမည်ခံ)အနည်းငယ်ကိုသာ ဖမ်းဆီးနိုင်လိုက်ပြီး ကျန်ဘင်္ဂလီ(ရိုဟင်ဂျာအမည်ခံ)အများစုမှာ နေ့ချင်းရက်ချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲသို့ ထွက်ပြေး ခိုလှုံခဲ့ကြပါသည်။ ထိုအခါ ဘင်္ဂလားဒေ့ရှ်အစိုးရမှာ နယ်စပ်ဒေသတွင် ဒုက္ခသည်စခန်းများဖွင့်ပြီး နိုင်ငံတကာသို့ မီဒီယာများမှတစ်ဆင့် လွှင့်ထုတ်ပြီး ကြော်ငြာလေတော့သည်။ ထိုအခါ ကုလသမဂ္ဂနှင့် နိုင်ငံတကာ လူသားချင်းစာနာသည့် အဖွဲ့အစည်းများမှ အကူအညီများပေးခဲ့ကြပါသည်။ ဘင်္ဂလီ(ရိုဟင်ဂျာအမည်ခံ)လူမျိုးများမှာ နိုင်ငံခြားသားများဖြစ်ပါလျှက် အခွင့်အရေးပိုမိုရလိုမှုဖြင့် အဆင့်ကျော်ကာ တိုင်းရင်းသားအခွင့်အရေးကို တောင်းဆိုနေကြပါသည်။ မရသည့်အခါ လူမျိုးရေး လုပ်ကွက်၊ ဘာသာရေးလုပ်ကွက်များ ဖန်တီးကာ လူ့အခွင့်အရေး ချိုးဖောက်ခံနေရပါသည်ဟု အမျိုးမျိုး လိမ်လည်ကာ မူဆလင်နိုင်ငံများနှင့် အစ္စလာမ်မစ်နိုင်ငံများရှိ မီဒီယာများမှတဆင့် နိုင်ငံတကာမှသိရှိ လာအောင် လုပ်နိုင်ခဲ့ကြပါသည်။ ဘင်္ဂလီ(ရိုဟင်ဂျာအမည်ခံ)များမှာ မူဆလင်ဘာသာဝင်များ ဖြစ်နေလေရာ အစ္စလာမ်မစ်နိုင်ငံများနှင့် မူဆလင်နိုင်ငံများမှ အစိုးရနှင့်တကွ ဘာသာရေး အဖွဲ့အစည်းများ၊ မီဒီယာများနှင့် လူမှု့ရေးအဖွဲ့အစည်းများရှိ တာဝန်ရှိပုဂ္ဂိုလ်များမှ အများစုမှာ ဘာသာရေး ရှု့ထောင့်တစ်ခုတည်းကိုကြည့်ပြီး နိုင်ငံတကာအသိုင်းအဝိုင်းကြားတွင် ဝါဒဖြန့်မှုများ၊ အားပေးကူညီမှုများကို လုပ်ခဲ့ကြပါသည်။
ထိုသို့ မြန်မာနိုင်ငံထဲမှ ဘင်္ဂလီလူမျိုးများ ထွက်ပြေးနေချိန်တွင် မူဆလင်ဘာသာဝင် နိုင်ငံများမှ မီဒီယာများသည် ဝါဒဖြန့်ချီရေးလုပ်ငန်းများကို တစ်ပြိုင်နက်တည်း ထိရောက်စွာ လုပ်ခဲ့ကြခြင်းသာဖြစ်ပါသည်။ ထို့ကြောင်း နိုင်ငံတကာမျက်နှာစာတွင် ဘင်္ဂလီ(ရိုဟင်ဂျာ အမည်ခံ) လူမျိုးများသာလျှင် လူ့အခွင့်အရေး ချိုးဖောက်ခံနေရသည်ဟုသာ ထင်ခဲ့ကြပါသည်။ ဘင်္ဂလီ(ရိုဟင်ဂျာ အမည်ခံ)လူမျိုးများနှင့် ဘင်္ဂလီမူဂျာဟစ် သောင်းကျန်းသူများ၏ ကျူးကျော်နေထိုင်မှု၊ တရားမဝင် ခိုးဝင်နေမှု၊ ရခိုင်လူမျိုးများအပေါ် သတ်ဖြတ်နှိပ်စက်မှု မျိုးစုံကိုပြုလုပ်ပြီး လူအခွင့်အရေး ချိုးဖောက် နေမှုများကို မည်သူမျှမသိရှိခဲ့ကြပါ။ နိုင်ငံတကာမှ မည်သည်မီဒီယာများမှလည်း မလွင့်ထုတ် ခဲ့ကြပါ။ လူ့အခွင့်အရေးအဖွဲ့အစည်းများနှင့် ကုလသမဂ္ဂ အဖွဲ့အစည်းများသည် ဘင်္ဂလားဒေ့ရှ်အစိုးရမှ ဖွင့်ထားသည့် ဘင်္ဂလီ(ရိုဟင်ဂျာအမည်ခံ)ဒုက္ခသည်စခန်းများကို ရောက်လာသည့်အခါ ဘင်္ဂလီ (ရိုဟင်ဂျာအမည်ခံ)လူမျိုးများနှင့် တွေ့ဆုံစဉ်တွင် အင်္ဂလိပ်စကားတတ်ကျွမ်းသည့် ဘင်္ဂလီများက ကြားမှ ဘာသာပြန်ပေးခဲ့သည်။ ထိုဘာသာပြန်ဘင်္ဂလီနှင့် ဘာသာပြန်အဖြစ် ခန့်အပ်ထားသော မူဂျာဟစ်သောင်းကျန်းသူဟောင်းများသည် သူတို့လိုရာကိုဆွဲပြီး ဘာသာပြန်ပေးခဲ့ကြပါသည်။ အထူး သဖြင့် ကုလသမဂ္ဂ အဖွဲ့အစည်းအသီးသီးမှ ထွက်ပြေးလာသူများကို အင်တာဗျူးသည့်အခါ အစွန်း ရောက် ဘာသာပြန်များလက်ချက်ကြောင့် ဒုက္ခသည်များက အမှန်အတိုင်း ဘင်္ဂလီလူမျိုးဟု ပြောသည်ကိုပင် ရိုဟင်ဂျာလူမျိုးဟု လုပ်ကြံဖန်တီးပြီး ဘာသာပြန်ပေးခြင်း၊ စာရင်းများလိမ်လည်ကာ ရေးသားခြင်းများကို ပြုလုပ်ခဲ့ကြပါသည်။ ဘင်္ဂလီကို ရိုဟင်ဂျာလူမျိုးဟု လိမ်လည်ရခြင်းမှာ တိုင်းတစ်ပါးမှ လူမျိုးတစ်မျိုးက ကျူးကျော်နေသည်ဟု နိုင်ငံတကာမှ မြင်လာမည်ကို စိုးရိမ်သောကြောင့် တိုင်းရင်းသားလူမျိုးတစ်မျိုးအဖြစ် အတုအယောင်ဖန်တီးကာ နေရာရယူရန် ပြုလုပ်ခဲ့ကြပါသည်။ ဤကဲ့သို့ အကြံဥာဏ်များကို ဘာသာရေးအစွန်းရောက် ပညာတတ်များက ဘင်္ဂလီ(ရိုဟင်ဂျာအမည်ခံ) မူဂျာဟစ်သောင်းကျန်းသူများကို အကြံဥာဏ်များ ပေးခဲ့ကြပါသည်။ တစ်ချို့ရိုးသားသည့်ဘင်္ဂါလီများမှာ ရိုးသားပွင့်လင်းစွာ ပြောသောစကားများကိုပင် ဘာသာပြန် လုပ်ပေးခဲ့သူ ဘင်္ဂလီ(ရိုဟင်ဂျာအမည်ခံ)များက သူတို့လိုရာကိုဆွဲပြီး လုပ်ကြံ၍ ဘာသာပြန်ပေးခဲ့ သောကြောင့် အဖြစ်မှန်များကို အဆိုပါအဖွဲ့အစည်းများမှာ မသိနိုင်ခဲ့ကြပါ။ ယင်းအချိန်က ဘင်္ဂလီ အများစုမှာ မြန်မာနိုင်ငံထဲတွင် မနေလိုကြပေ။ သူတို့နေရင်းအရပ်ဖြစ်သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းဒေသထဲမှာသာ နေလိုကြပါသည်။ သို့သော် အစွန်းရောက်ဘင်္ဂလီ (ရိုဟင်ဂျာအမည်ခံ)မူဂျာဟစ် သောင်းကျန်းသူများလက်ချက်ကြောင့် ဘင်္ဂလီ(ရိုဟင်ဂျာအမည်ခံ) များမှာ ယနေ့အချိန်အထိ နိုင်ငံမဲ့ဖြစ်နေရပါသည်။ ၁၉၇၇ ခုနှစ်တွင် ဘင်္ဂလီ(ရိုဟင်ဂျာအမည်ခံ) မူဂျာဟစ်များက ဘာသာရေး၊ လူမျိုးရေးနှင့် နယ်မြေချဲ့ထွင်နိုင်ရန်အတွက် စီမံကိန်းများကို ချက်မှတ်ကာ ဘင်္ဂလီ(ရိုဟင်ဂျာအမည်ခံ)ဒုက္ခသည်စခန်းများတွင် ဒုက္ခသည်အဖြစ်ခံယူ၍ အရပ်သား အယောင်ဆောင်ခိုလူံနေပြီး ယာယီဗလီဝတ်ပြုကျောင်းများတွင် ဒုက္ခသည်များ အထင်အမြင်လွဲမှားပြီး ထွက်ဆိုချက်များ လွဲမှားစွာပေးနိုင်ရန်တွက် အကြိမ်ကြိမ်လူံ့ဆော်ခဲ့ကြပါသည်။ ထို့အပြင် ၁၉၇၉ ခုနှစ်တွင် ထွက်ပြေးလာသောဘင်္ဂလီ(ရိုဟင်ဂျာအမည်ခံ) ဒုက္ခသည်များကို မလွဲသာအရှောင်သာ၍ ဧည့်နိုင်ငံသားအဖြစ် ပြန်လည်လက်ခံသွားမည်ဟု ကုလသမဂ္ဂတွင် မြန်မာအစိုးရက သဘောတူ သောအခါ ဘင်္ဂလီ(ရိုဟင်ဂျာအမည်ခံ)မူဂျာဟစ် သောင်းကျန်းသူများသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဘာသာရေး အဖွဲ့အစည်းများနှင့် အောက်ခြေအာဏာပိုင်များနှင့် လျှို့ဝှက်ဆွေးနွေးကာ ဒါကာမြို့၊ စစ်တကောင်းနှင့် တခြားမြို့ကြီးများမှ သူတောင်းစားမိသားစုများကို ညသန်းခေါင်အချိန်တွင် ဖမ်းပြီး ကားပေါ်တွင် တင်ဆောင်လာကာ ဒုက္ခသည်စခန်းများတွင် မြန်မာနိုင်ငံဘက်မှ လာသူများဟု လိမ်လည်ကာ ဒုက္ခသည်စခန်းတွင် သွင်းထားခဲ့ကြသည်။ အဆိုပါ သူတောင်းစားမိသားစုများကိုလည်း အစားအစာများကို တောင်းရမ်းစရာမလိုဘဲ အလိုအလျှောက်ပေးသည့်နေရာများရှိသည်၊ နေရာ ထိုင်ခင်းများလည်း အဆင့်သင့်ရှိသည်ဟုဆိုကာ လိမ်လည်ခေါ်ဆောင် လာခဲ့ခြင်းဖြစ်ပါသည်။ ဤသို့ဖြင့် ဘင်္ဂလီ(ရိုဟင်ဂျာအမည်ခံ) အစွန်းရောက်များသည် ဒုက္ခသည်အရေအတွက်ကို တိုးချဲ့ ခဲ့ကြပါသည်။ ဤအကြောင်းကိုမူ မြန်မာအစိုးရက ပြန်လည်လက်ခံရေးစခန့်ဖွင့်ပြီး ၁၉၇၉ ခုနှစ်တွင် ပြန်လည်လက်ခံသောအခါ (၁၉၇၇ ခုနှစ်မှ ၁၉၇၉ ခုနှစ်အထိ) ၃ နှစ်တာကာလအတွင်း ယခင်ရှိခဲ့သည့် လူအရေအထက် ၃ ဆမျှများပြားပြီး ပြန်ဝင်လာသည်ကိုသာတွေ့ရသည်။ ထွက်ပြေးချိန်တွင် အိမ်ခြေ(၁၅၀)ခန့်သာရှိသောရွာသည် သုံးနှစ်ခန့်ကြာပြီး ပြန်လည်ဝင်ရောက်လာသောအခါ အိမ်ခြေ (၄၅၀)နီးပါးရှိနေသည်ကိုတွေ့ရသည်။ သို့သော် မြန်မာဗဟိုအစိုးရသည် မည်သို့မျှမဆောင်ရွက် နိုင်ခဲ့ပေ။ အဘယ်ကြောင်းဆိုသော် မြန်မာအစိုးရသည် ပြည်းတွင်းစစ်ကို ကျားကုတ်ကျားခဲ တိုက်နေရသည့် အချိန်ကာလဖြစ်သောကြောင့် ပြဿနာတစ်ရပ် အမြန်အေးသွားလျှင် သာကောင်းသည်ဟုသာ သဘော ပိုက်ခဲဟန်တူပါသည်။ ပြန်ဝင်လာသော ဘင်္ဂလီ(ရိုဟင်ဂျာအမည်ခံ) များတွင် သူတောင်းစားမိသားစုများ ပါလာလေရာ ဘင်္ဂလီလူမျိုးအချင်းချင်းတောင်မှ အလွန်တရာ နှိမ့်ချဆက်ဆံသည်ကို ဒေသခံတိုင်းရင်းသားများ ကိုယ်တွေ့ဖြစ်ပါသည်။ ရိုးသားသည့်ဘင်္ဂလီ (ရိုဟင်ဂျာအမည်ခံ)များ ပြောပြချက်အရလည်း ဒေသခံတိုင်းရင်းသားများသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ မြို့များမှ သူတောင်းစားများကို ဒုက္ခသည်အဖြစ်စခန်းသွင်းခြင်းနှင့် ပြန်လည်ဝင်လာရာတွင်လည်း အဆိုပါ သူတောင်းစားများ ပါဝင်လာခဲ့ကြောင့်ကို သိရှိခဲ့ခြင်းဖြစ်ပါသည်။ သို့သော်မည်သို့မျှ မတတ်နိုင်ခဲ့ကြပါချေ။
၁၉၇၉ ခုနှစ်၊ ပြန်လည်လက်ခံရေးစခန်းဖွင့်ပြီး ပြန်လည်လက်ခံရေးကိစ္စများပြီးဆုံး သွားပြီးနောက်ပိုင်းတွင်လည်း နှစ်စဉ် အမြဲတမ်းဘင်္ဂလီများ ခိုဝင်းနေလေတော့သည်။ တဖန် ၁၉၉၀ ခုနှစ်တွင် မြန်မာနိုင်ငံနိုင်ငံတော် ငြိမ်ဝပ်ပီပြားရေးနှင့်တည်ဆောက်ရေး အစိုးရလက်ထက်တွင် နိုင်ငံသားစိစစ်ရေးကဒ်ပြားလုပ်ရန်အတွက် စိစစ်လေရာ နှစ်ပေါင်းများစွာခိုးဝင်နေကြသည့် ဘင်္ဂလီ (ရိုဟင်ဂျာအမည်ခံ)များမှာ တဖန်ထွက်ပြေးသွားကြပြန်သည်။ ထွက်ပြေးသွားသည့် ဘင်္ဂလီများကို ဘင်္ဂလားဒေ့ရှ်အစိုးရက လက်ခံထားပြီး ဒုက္ခသည်စခန်းဖွင့်ပေးခဲ့သည်။ ယခင်ကလိုပင် ဘင်္ဂလီ (ရိုဟင်ဂျာအမည်ခံ)ဒုက္ခသည်များကို ရိုဟင်ဂျာဟုသာခေါင်းစဉ်တပ်၍ တစ်ကမ္ဘာကိုကြေငြာနေလေ တော့သည်။ ထိုအခါ ကုလသမဂ္ဂအပါအဝင်၊ လူသားချင်းစာနာသည့် အဖွဲ့အစည်းများသည် အဆိုပါ ဒုက္ခသည်များကို ကူညီခဲ့ကြသည်။ တစ်ချိန်တည်းတွင် မူဂျာဟစ်သောင်းကျန်းသူများ အသွင်ပြောင်း RSO သောင်းကျန်းသူများမှ အင်္ဂလိပ်လို ဘာသာပြန်နိုင်သည့်လူများက စစ်ဝတ်စုံများကိုချွတ်ပြီး အရပ်သားအယောင်ဆောင်ကာ NGO and INGO အဖွဲ့အစည်းများထံတွင် ဘာသာပြန် ဝင်လုပ်ကာ ထုံးစံအတိုင်း လိုရာဆွဲပြီး ဘာသာပြန်ပေး၊ ရေးပေးသဖြင့် အလုပ်ဖြစ်နေကြတော့သည်။ ထိုအချက်ကို ကုလသမဂ္ဂအဖွဲ့နှင့် အန်ဂျီအိုအဖွဲ့များအနေဖြင့် သိကြမည်မဟုတ်ပါ။ နိုင်ငံတကာအဖွဲ့အစည်းများမှာ လည်း ယုံယုံကြည်ကြည်ပင်လက်ခံ၍ သူတို့တင်လာသမျှ စာရင်းများကိုကြည့်ပြီး နိုင်ငံတကာသို့ အစီရင်ခံကြလေတော့သည်။ ဘင်္ဂလီလူမျိုးစစ်စစ်နေရာတွင်လည်း ရိုဟင်ဂျာဟုသာ ရေးသားခဲ့ကြ သည်။ ထွက်ပြေးလာသမျှ လူတွေကိုလည်းဝါဒဖြန့်ထား၊ ဘင်္ဂါလီဟုပြောလျှင် မည်သည့်အကူအညီမျှ ရမည်မဟုတ် ရိုဟင်ဂျာလို့ထွက်ဆိုမှသာ နိုင်ငံတကာအကူအညီရမည်ဟု ဝါဒဖြန့်ခြင်း၊ မူဆလင်နိုင်ငံ များမှ မီဒီယာများကလည်း ဝင်ရောက်ဝါဒဖြန့်ပေးပြီး တစ်ကမ္ဘာလုံးက အာရုံစိုက်လာစေရန်နှင့် ထင်ယောင်ထင်မှားဖြစ်အောင် လုပ်နေခြင်းကိုသာ တွေ့နေရပါသည်။ ၁၉၇၉ ခုနှစ် လုပ်နည်းအတိုင်းပင် ထပ်မံ၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့ကြီးများမှ ဘင်္ဂလီသူတောင်းစားများကို ညည့်အချိန်တွင် ရှောင်တခင်ဝင်ဖမ်းပြီး ကားပေါ်တင်လာကာ အလွန်တရာဒုက္ခရောက်နေသူများဟု၍ ခေါင်းစဉ်တပ်ကာ မြန်မာနိုင်ငံကို နာမည်ဖျက်၊ နိုင်ငံတကာက အကူအညီများကိုလည်းရ၊ လူမျိုးရေးနှင့် ဘာသာရေး အတွက်နယ်မြေချဲ့ထွင်ရာအတွက်လည်းကျသည့် လုပ်ရပ်များကိုသာဦးစားပေး လုပ်နေကြတော့သည်။ နှစ်ပေါင်းများစွာ ဒေသခံရခိုင်နှင့် တခြားတိုင်းရင်းသားများအပေါ်တွင် ဘင်္ဂလီ(ရိုဟင်ဂျာ အမည်ခံ)များက လူ့အခွင့်အရေး ချိုးဖောက်နေမှုများကို တစ်ကမ္ဘာလုံးက မသိနိုင်ခဲ့ကြပေ။ ယခင် နှစ်ပေါင်းများစွာက ရှိခဲ့သည့် ကျောက်တော်၊ စစ်တွေ၊ မြေပုံ၊ မင်းပြား၊ မြောက်ဦးမြို့နယ်အသီးသီးရှိ ရခိုင်ဒုက္ခသည်စခန်းများကို မည်သူမျှလာရောက်ပြီး မလေ့လာခဲ့ကြပါ။ ဒုက္ခသည်စခန်းများတွင် ရခိုင်လူမျိုးများသည် ဆေးဝါးမရှိ၍ သေဆုံးသွားခဲ့ရသူများလည်း အများအပြားပင်။ သေဆုံးခဲ့ရသူများ ထဲတွင် အများဆုံးက အမျိုးသမီးများနှင့် ခလေးငယ်များဖြစ်ပါသည်။ ထိုအချိန်က မြန်မာအစိုးရမှာ လည်း မည်သည့်အကူအညီမျှ မပေးနိုင်ခဲ့ပေ။ အဆိုပါ ရခိုင်ဒုက္ခသည်စခန်းများမှာ ယနေ့ဆိုလျှင် မြို့နယ်အသီးသီး၏ ကျေးရွာများအဖြစ်ပင် ရပ်တည်နေကြပြီးဖြစ်ပါသည်။ ဒေသခံရခိုင်နှင့် တခြား တိုင်းရင်းသားများမှာ အစိုးရ၏နှိပ်စက်မှုမျိုးစုံကိုလည်းခံရ၊ ဘင်္ဂလီ(ရိုဟင်ဂျာအမည်ခံ)များ၏ ညှဉ်းပန်း နှိပ်စက်မှုကိုလည်းခံရ၊ နိုင်ငံတကာမှ လာရောက်သည့် UNHCR ၊ NGO နှင့် INGO အဖွဲ့အစည်းများ၏ ခွဲခြားဆက်ဆံခြင်းကိုလည်း ခံနေရပါသည်။ ထို့ကြောင်း နှစ်ပေါင်းများစွာ အမှန်အကန် လူ့အခွင့်အရေး ဆုံးရှုံးသူများမှာ ဒေသခံရခိုင်လူမျိုးများသာလျှင် ဖြစ်ပါသည်။
|
No comments:
Post a Comment