Monday, April 23, 2012

မြန်မာပြည်မှာ ၁၁ ရက် ( ဒုတိယပိုင်း)




နှစ်ပေါင်း တဆယ်ကျော် မရောက်တာ ကြာပြီဖြစ်တဲ့ ရန်ကုန်ကို ခရီးဆက်ရမှာ ဖြစ်တာကြောင့် မနက် ၅ နာရီလောက်ကတည်းက ရေမိုးချိုးပြီး ခရီးသွားဖို့ အဆင်သင့်လုပ်ထားပါတော့တယ်။ မနက်စာကို ဟိုတယ်ရဲ့ မြက်ခင်းပြင်မှာ ကျွေးပါတယ်။ ခရီးမဆက်ခင် ဟိုတယ်ပိုင်ရှင်လည်းဖြစ်၊ ငြိမ်းချမ်းရေး အကျိုးဆောင်လည်း ဖြစ်တဲ့ ကိုစောဟန်အေးနဲ့ အမှတ်တရ ဓာတ်ပုံရိုက်ကြပါတယ်။
ဧပြီလ ၁ ရက်နေ့က ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပတဲ့နေ့ ဖြစ်နေပါတယ်။ စစ်အုပ်ချုပ်ရေးကနေ အရပ်သား အုပ်ချုပ်ရေး လက်အောက်မှာ ပထမဆုံး ကျင်းပတဲ့ ကြားဖြတ်ရွေးကောက်ပွဲ ဖြစ်ပါတယ်။ ကျနော့်အမြင်မှာ ကြားဖြတ်ရွေးကောက်ပွဲ ဆိုတဲ့ အကြောင်းအရာထက် အဲဒီရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မယ့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ၀င်ရောက်ယှဉ် ပြိုင်မှုကို ပိုစိတ်ဝင်စားပါတယ်။
၂၀၁၀ ရွေးကောက်ပွဲ မတိုင်မီက ရွေးကောက်ပွဲ သပိတ်မှောက်ရေးတွေ သိမ့်သိမ့်တုန်အောင် လှုံ့ဆော်ခဲ့တဲ့ ပါတီကြီး၊ ၂၀၁၀ ရွေးကောက်ပွဲဟာ အလှည့် အပြောင်း ဖြစ်တာကြောင့် ၀င်ရောက်ယှဉ်ပြိုင်သင့်ကြောင်း တင်ပြတဲ့ ပညာရှင်တွေကို သစ္စာဖောက်လို့ စွတ်စွဲခဲ့ကြတယ်။ အခုအချိန်မှာတော့ ကျနော်တို့ပါတီကို မဲပေးကြပါလို့ ပြောနေတဲ့ နိုင်ငံရေးသမားတွေကို တွေ့ရပြန်တယ်။ ကျနော့် မိတ်ဆွေတဦး ပြောတဲ့စကားကို သတိရတယ် “လျှာမှာ အရိုးမရှိတိုင်း ပြောတာ နိုင်ငံရေးသမား ပါတဲ့”။
ကျနော်စီးရတဲ့ကားက ဖထီးကြီး ထက်နက်ဆင် မောင်းတဲ့ ကားဖြစ်တာကြောင့် နိုင်ငံရေး၊ လူမျိုးရေးအကြောင်း ပြောဖြစ်ကြတယ်။ တိုင်းရင်းသားတွေ လက်နက်ကိုင် တိုက်လာတာ နှစ်ပေါင်း ၆၀ ကျော်ပါပြီ။ ဘာကြောင့် တိုက်ရသလဲလို့ ဖထီးကြီးကို မေးဖြစ်တယ်။ ဖထီးကြီးက “တိုင်းရင်းသားတွေ လက်နက်ကိုင် တော်လှန်တာ အစိုးရကို ဖြုတ်ချဖို့မဟုတ်ဘူး၊ တန်းတူရေးကို လိုချင်လို့တိုက်တာ” တဲ့။
ဖထီးကြီးရဲ့ အဖြေက ကျေနပ်စရာ ကောင်းလောက်ပါတယ်။ ဘယ်တိုင်းရင်းသားမှ မြန်မာတပြည်လုံးကို သိမ်းပြီး အုပ်ချုပ်မယ်ဆိုတဲ့ မဟာဗျူဟာ မရှိသလို၊ စိတ်ကူးလည်းမရှိပါဘူး။ မြန်မာနိုင်ငံရဲ့ အနားသတ် ပတ်ပတ်လည်ကို ကြည့်လိုက်ရင် တိုင်းရင်းသားဒေသ ဖြစ်နေသလို၊ စစ်မြေပြင်လည်း ဖြစ်နေပြန်တယ်။
နှစ်ပေါင်း ၆၀ ကျော်တိုင် ညီအကိုချင်း သတ်ဖြတ်လာလိုက်ကြတာ ဘယ်သူနိုင်သလဲလို့ စဉ်းစားမိတယ်။ ကျနော်တို့ နှစ်ပေါင်း ၆၀ ကျော် တိုက်လာတာ ဘယ်သူတွေက  နိုင်သလဲလို့ ဖထီးကြီးကို လှမ်းမေးဖြစ်တယ်။ ဖထီးကြီးရဲ့ အဖြေက “နှစ်ဘက်လုံး ရှုံးတယ်တဲ့” ဗျာ။
ရန်ကုန်-ဘားအံ အဝေးပြေးလမ်း ဖောက်လုပ်ရေး လုပ်ငန်းခွင်တခုကို လက်ညိုးထိုးပြီး “ ဟိုမှာ ခင်ဗျားကြည့်လိုက်လေ၊ ဘယ်သူတွေ တွေ့သလဲ” တဲ့။ ကျနော်တွေ့တာ အမျိုးသမီးတွေချည်း အယောက် ၃၀ ကျော်မယ် ထင်တယ်။ ကျောက်စရစ်သယ်သူကသယ်၊ ခင်းသူကခင်း လုပ်နေကြတာ တွေ့ကြောင်း ဖထီးကြီးကို ပြောလိုက်တယ်။ “ဒါက ပြည်တွင်းစစ်ရဲ့ အနိဌာရုံ ဖြစ်သလို၊ ပြည်တွင်းစစ်ရဲ့ ရလဒ်ဘဲ၊ အောင်နိုင်သူက ဘယ်သူလဲ၊ ရှုံးနိမ့်သူက ဘယ်သူလဲ ခင်ဗျား စဉ်းစားကြည့်ပေါ့ဗျာ” ဖထီးကြီးက ပြောပါတယ်။
ပြည်တွင်းစစ် ဒဏ်ကြောင့် တိုင်းပြည် မွဲပြာကျ ဆင်းရဲသွားပြီး၊ အလုပ်အကိုင် မရှိတာကြောင့် ကရင်ပြည်နယ်  ကျေးရွာ၊ မြို့ပြဒေသတွေက အမျိုးသားတွေဟာ ထိုင်းနိုင်ငံမှာ အလုပ်လုပ်နေကြရတယ်။ ဒါကြောင့် နိုင်ငံရဲ့ အခြေခံ အဆောက်အအုံ ဆောက်လုပ်ရေး လုပ်ငန်းတွေမှာ အမျိုးသမီးတွေကို သုံးနေကြရတာပါ။
ကျနော့်အတွေးက ထိုင်းနိုင်ငံဘက်ကို ရောက်သွားပြန်တယ်။ ထိုင်းမြန်မာ နယ်စပ်မှာ နေတာကြာပြီ ဖြစ်တဲ့ ကျနော်အဖို့ မြန်မာပြည်ကို ၀င်လာကတည်းက အဆောက်အဦး မြင်ကွင်းသာကွာပေမယ့် လူတွေကတော့ မကွာသလို ခံစားရတယ်။ ထိုင်းနိုင်ငံရဲ့ အခြေခံအဆောက်အဦး လုပ်ငန်းတွေနဲ့ ထိုင်းလူမျိုးတွေ မလုပ်နိုင်တဲ့ အလုပ်ကြမ်းတွေမှာ ကျနော်တို့ ရွှေမြန်မာတွေ လုပ်နေကြတာကိုတွေ့ရပါတယ်။ မဲဆောက်ဆိုရင် ထိုင်းနိုင်ငံ ပိုင်ပေမယ့် လူအများစုက ရွှေမြန်မာ ဖြစ်နေတာကြောင့် တခါတလေ ကိုယ့်နိုင်ငံလို ခံစားရတယ်။
စကားပြောပြောဆိုဆိုနဲ့ မွန်ပြည်နယ် ဘီးလင်းထိ ရောက်မှန်းမသိ ရောက်သွားတော့ ထမင်းဝိုင်းနဲ့ အသင့်စောင့်နေတဲ့ မိတ်ဟောင်းဆွေဟောင်း KNU ရဲဘော်ဟောင်းတွေကို တွေ့ရပြန်တယ်။ Border Guard Force-BGF အဖြစ်ပြောင်းလဲ သွားကြပေမယ့် မိတ်ဆွေအဖြစ် ဆက်လက်ရှိနေဆဲပါ။ လှိုက်လှဲပျူငှာစွာနဲ့ စောင့်ဆိုင်းနေကြတာကို တွေ့ရတော့ ၀မ်းသာအားရ ဖြစ်ရပါတယ်။
ကရင်လူမျိုးတွေမှာ အစားအစာကို အလှ ကျွေးတာမရှိဘဲ အ၀ကျွေးတာ ထုံးတမ်းစဉ်လာတခု ဖြစ်ပါတယ်။ ထိုင်းဈေးတွေမှာ ပုဇွန်ထုပ်ကြီးတွေကို မြင်ဘူးပေမယ့် အနားမကပ်နိုင်လောက်အောင်ကို ဈေးကြီးလွန်းလှပါတယ်။ အမှန်ကို ပြောရရင် ထိုင်း-မြန်မာနယ်စပ်ကို ရောက်ကတည်းက ပုဇွန်ထုပ်ကြီးကို စားဖူးတာ ဘီးလင်းမှာ ပထမ အကြိမ် ဖြစ်ပါတယ်။
ရွှေကရင် ညီအကိုတွေ ကျွေးတဲ့ ပုဇွန်ထုပ်ကြီး မြင်တော့ ကျနော် အထက်တန်း ကျောင်းသားဘ၀တုန်းက ကျောက်ပုဇွန်ကြီးတွေကို လှေတွန်းခအဖြစ်ရဖူးတာကိုသတိပြန်ရဖြစ်တယ်။ ၁၉၈၈ခုနှစ် အရေးအခင်း ဖြစ်တုန်းက အထက်တန်းပညာကို ဘင်္ဂလားပင်လယ်အော် ကမ်းခြေမှာရှိတဲ့ ဇင်ချောင်းဆိုတဲ့ ရွာမှာ သင်ယူနေဆဲ ကာလဖြစ်ပါတယ်။ ကျောင်းက ပင်လယ်ကမ်းစပ်နားမှာ ဆောက်ထားတာပါ။
ညနေကျောင်းဆင်းတာနဲ့ တံငါဆိပ်ကို ပြေးဆင်းသွား၊ ပင်လယ်ပြင်က ငါးဖမ်းပြီး ပြန်လာတဲ့ လှေတွေကို ကုန်းပေါ်ရောက်တဲ့ အထိတွန်းတင်ပေးရပါတယ်။ လှေကို ကုန်းပေါ်အရောက် တွန်းတင်ပြီးရင် လိုချင်တဲ့ ငါးတကောင် (သို့) တခုခုကို ကောက်ယူသွားလို့ ရပါတယ်။ အဲဒီတုန်းက ရင်းနှီးတဲ့ ကိုတံငါတွေဆီမှာ တကီလို လောက်ရှိတဲ့ ကျောက်ပုဇွန် ထုပ်တွေကို တောင်းယူလို့ ရတဲ့အခြေအနေရှိသေးတယ်။
စစ်တွေမြို့ကအပြန် ငြိမ်းချမ်းရေး အကျိုးတော် ဆောင်တွေက အေဒီလမ်းမှာ ဖွင့်ထားတဲ့ မင်းလမ်း ရခိုင်ထမင်းဆိုင်ကို လိုက်ပို့ပေးပါတယ်။ တစ်ကီလိုရှိတဲ့ ကျောက်ပုဇွန်ထုပ်ကြီး တစ်ကောင်ကို မြန်မာငွေ ကျပ်လေးသောင်း ဖြစ်နေတာကို တွေ့ရတော့ လန့်သွားတယ်။ လွန်ခဲ့တဲ့ နှစ် ၂၀ ကျော်က လှေတွန်းခ အဖြစ် လက်ဆောင်ရဘူးတဲ့ ကျောက်ပုဇွန်ထုတ်ကြီးက ရန်ကုန်မြို့မှာ လူကုံတန်တွေ စားသုံးတဲ့ စားသောက်ဆိုင်ရဲ့ မှန်ဘီရိုထဲမှာ အောက်စီဂျင်နဲ့ အသက်ရှုနေတာကို တွေ့ခဲ့ရပါတယ်။
ညနေဘက် ၃ နာရီလောက် ရန်ကုန်ကို စ၀င်တော့ ပြည်လမ်းက ဥရောပပုံစံ ဆောက်ထားတဲ့ အိမ်ကြီး တစ်လုံးကို ဖထီးကြီး လက်ညိုးထိုးပြပြီး “ပြည်တွင်းစစ်မှာ ဒီလိုအမြတ်ထွက်တဲ့ လူတွေကလည်းရှိတယ်” လို့ပြောတယ်။ ကျနော်ကတော့ ဘယ်လိုနားလည်ရမှန်းမသိ ဖြစ်နေတယ်။ ဆင်းရဲချမ်းသာ ကွာဟမှု မြင့်မားနေတာကိုလည်း တွေ့ရတယ်။  ဖွင့်တာ ၃ ရက်သာရှိသေးတဲ့ ကန်တော်ကြီးဘေးက Green Hill ဟိုတယ်မှာ တည်းခိုရပါတယ်။ ရန်ကုန်မြို့မှာ ထားစရာမရှိလောက်အောင် ချမ်းသာတဲ့သူတွေနဲ့ ကုန်းကောက်စရာမရှိအောင် ဆင်းရဲရှာတဲ့ ပြည်သူတွေရဲ့ ဘ၀ကွာခြားချက် ကိုလေ့လာခွင့် ရခဲ့ပါတယ်။
ဟိုတယ်ကို ရောက်လို့ သိပ်မကြာမှီမှာဘဲ ရန်ကုန်တိုင်း လုံခြုံရေးဝန်ကြီးနဲ့ တာဝန်ရှိသူတွေ ရခိုင်နိုင်ငံရေးသမားတွေ၊ လက်ရှိ လွှတ်တော်အမတ်တွေ၊ ၀န်ကြီးတာဝန်ယူ ထားတဲ့ ရခိုင်လူမျိုးတွေက အ၀တ်အစားတွေ လက်ဆောင်လာပေးကြပါတယ်။ မတွေ့တာကြာပြီ ဖြစ်တဲ့ မိသားစုကို ပြန်တွေ့ရသလို ခံစားရတယ်။ ဆင်းရဲ ဒုက္ခတွေ ပျောက်ပြီး ကြည်နူး ပီတိဖြစ်ရ ပြန်ပါတယ်။
ကျနော်တို့ရဲ့ ခရီးစဉ်အရ ဧပြီလ ၂ ရက်နေ့မှာ စစ်တွေမြို့ကိုသွားရပါမယ်။ သူဌေး သူကြွယ်တွေသာ စားသောက်လေ့ရှိတဲ့ ကန်တော်ကြီးထဲက ဟိုတယ်တွေ၊ စားသောက်ဆိုင်တွေမှာ ကျွေးမွေးဧည့်ခံတာကို တွေ့တော့ အံ့သြရတယ်။ ရှင်းရှင်းပြောရရင် ကျနော်တို့က တူတို့၊ ခက်ရင်းတို့သိပ်ရင်းနှီးမနေတာကြောင့် အခက်အခဲ တွေ့ရပြန်ပါတယ်။ ကျနော်တို့အမည် မသိတဲ့ အစားအသောက်တွေကို စားရတာ ပထမ ရက်တော့ အခက်အခဲ ဖြစ်မိပါတယ်။
ကျနော့်အတွက် သိပ်ကျွမ်းဝင်တဲ့ အရာတခုကတော့ သောက်စရာပဲ ဖြစ်ပါတယ်။ ထိုင်းမြန်မာနယ်စပ်ကလာတဲ့ အထဲမှာ ယမကာ သုံးတာ ကျနော်တယောက်ပဲ ပါနေတာ ရှက်ရှက်နဲ့ ၀န်ခံပါရစေ။ ထိုင်းမြန်မာနယ်စပ်မှာ နေတုန်းက ၁၀ ဘတ်တန် ကရင် ချက်အရက်နဲ့ နွဲလာတဲ့ ကျနော့်အဖို့ Black တို့၊ Green Level ဆိုတာ အပျော့ပဲ။ ယမကာ မှီဝဲတတ်တဲ့ ပညာကလည်း သိပ်တန်ဘိုးကြီးမားတာ တွေ့ရတယ်။
တပက်နှစ်ပက်လောက် ၀င်သွားတာနဲ့ စကားကလည်း များလာကြရော၊ အရင်တုန်းက မပြောရဲ မဆိုရဲ ဖြစ်နေတာ ပျောက်ပြီး ပြောရဲ ဆိုရဲဖြစ်လာကြတယ်။ ရယ်စရာ မောစရာတွေ ပြောလာကြတယ်။ ဟိုအကြောင်း ဒီအကြောင်း ပတ်လည် ရိုက်လာကြတယ်။ နောက်တော့ ချလိုက်ကြစို့ သူငယ်ချင်းတွေ ဖြစ်သွားကြရော။ ရေချိန်ကိုက်တဲ့ အချိန်မှာတော့ ဟုတ်တာတွေရော မဟုတ်တာတွေရော ပါလာတာက ဓမ္မတာပဲလေ။
ည ၉ နာရီလောက် ရေချိန်ကိုက်နေတဲ့ အချိန် အစိုးရဘက်က ငြိမ်းချမ်းရေး အကျိုးတော်ဆောင်ဆီကို ဖုန်းမစ်ဆေ့ခ်ျ တခုဝင်လာတယ်။ ၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့တဲ့ NLD  နေရာအများစုမှာ နိုင်ထားကြောင်း၊ မေမြို့နှင့် နေပြည်တော်မှာပါ အနိုင်ရသွားကြောင်း အကျိုးတော်ဆောင်က ခပ်ထွေထွေနဲ့ ပြောလာတာကြောင့် ကျနော်တို့ ထိုင်းမြန်မာ နယ်စပ်က ပါလာတဲ့သူ ၆ ဦးလုံးက ကိုယ့်ရှေ့ရောက်နေတဲ့ ခွက်အားလုံးကို မြှောက်ကာ ချီးယား လုပ်လိုက်ကြပါတော့တယ်။
အစိုးရဘက်ကလူတွေ ဘယ်လိုဖြစ်နေမှန်းတော့ ကျနော် မသိလိုက်တာ အမှန်ပါ။  နောက် ၁၅ မိနစ်လောက် အကြာမှာတော့ ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေးအကျိုးတော်ဆောင် သီရိပျံချီ ဗိုလ်မှူးကြီး စောခင်စိုးမှ မနက်ဖြန် စစ်တွေကို သွားရမယ့် ခရီးစဉ်ကို ရွှေ့လိုက်ကြောင်း ဧပြီလ ၄ ရက်နေ့ နံနက်မှ အထူးလေယဉ်နဲ့ ပို့ပေးမှာ ဖြစ်ကြောင်း ကြေငြာ လိုက်ပါတော့တယ်။
အဲဒီလို ကြေငြာအပြီးမှာ အကျိုးတော်ဆောင် အဘက NLD နိုင်သွားတဲ့ အထိမ်းအမှတ်အနေနဲ့ တခွက်ချလိုက်ရအောင်တဲ့ဗျာ။ အသက် ၇၁ နှစ်ရှိအဖိုးအိုက စားပွဲထိုးကိုခေါ် အညီအမျှထည့်စေပြီး “ခွက်” ဆိုပြီး ဆိုင်လိုက်ပြီးတဲ့အချိန်မှာ အသက် ၄၀ သာရှိသေးတဲ့  ကျနော် လမ်းမလျှောက်နိုင်တော့ပါ။ အဘကတော့ သူ့ကားသူမောင်းရင်း အိမ်ပြန်အိပ်လိုက်တယ်။ ရန်ကုန်မှာ နေခဲ့ရတဲ့ ဧပြီလ ၂-၃ ရက်နေ့တွေဟာ မမေ့နိုင်တဲ့ နိုင်ငံရေး ဆွေးနွေးပွဲတွေကို မြင်တွေ့ခဲ့ရပါတယ်။

                                                                                                                (ဆက်ပါအုံးမယ်) 
                                                                                                                        လှရွှေ

No comments:

Post a Comment