Monday, April 16, 2012
မြန်မာပြည်မှာ ၁၁ ရက်
မတ်လ ၃၁ ရက်နေ့ မနက်အစောကြီး ရေမိုးချိုးပြီး ချိန်းထားတဲ့ နေရာကို သူငယ်ချင်းတဦးရဲ့ အကူအညီနဲ့ ခရီးစတင်ထွက်လာခဲ့တယ်။
ကျနော်နဲ့အတူ ပါလာတဲ့ ပစ္စည်းတွေက မဖြစ်စလောက်အ၀တ်တွေ ထည့်ထားတဲ့ ခရီးဆောင်အိတ်၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီနှင့် မြန်မာအစိုးရတို့ရဲ့ ငြိမ်းချမ်းရေး ခရီးစဉ်မှာ ပြည်တွင်းမှာ ဖြန့်ချီဖို့ ယူသွားတဲ့ မောက္ခပညာရေးမဂ္ဂဇင်းက အများဆုံးဖြစ်နေတယ်။
ငြိမ်းချမ်းရေးခရီးစဉ်ရဲ့ ခေါင်းဆောင်က မေးလိုက်သေးတယ်။ ဘာအထုတ်တွေလဲတဲ့။ ကျနော်ကတော့ မောက္ခမဂ္ဂဇင်းလို့ ခပ်အေးအေးပဲ ဖြေလိုက်တယ်။ ဖြစ်ပါ့မလားတဲ့။ သူပုန်တွေကိုတောင် ပြည်တွင်းကို ခေါ်နေပြီ၊ စာအုပ်က ပြသနာမရှိဘူးလို့ ပြောလိုက်တော့ ကျနော်တို့အဖွဲ့ရဲ့ ခေါင်းဆောင်က ပြန်မပြောတော့ဘူး။
ဆယ်စုနှစ်တခုကျော် အမိမြန်မာပြည်နဲ့ ဝေးနေခဲ့သူ တယောက်အဖို့ မြန်မာပြည်ကို ပြန်ဖို့အရေးကို တွေးပြီး ရင်ခုန်နေမိတာတော့ အမှန်ပါ။ ကြိုမယ့်ကားက အချိန်အတိအကျ ရောက်လာပြီး ကျနော်တို့ကို သယ်ဆောင်သွားပါတော့တယ်။ ကျနော်တို့ ထိုင်းမြန်မာနယ်စပ်က ငြိမ်းချမ်းရေးကိုယ်စားလှယ် အဖြစ် အဖွဲ့ဝင် (၇) ဦးလိုက်ပါခွင့် ရရှိခဲ့ပါတယ်။
မဲဆောက်မှ ဘားအံ
မဲဆောက်-မြ၀တီ ချစ်ကြည်ရေးတံတားကို အလွယ်တကူ ဖြတ်ကျော်လိုက်ချိန်မှာ မတူတဲ့အခြေအနေတွေကို စတင်တွေ့ရပါတော့တယ်။ ဖုံတထောင်းထောင်းထနေတဲ့ လမ်းမပေါ်မှာ စည်းကမ်းမဲ့စွာ မောင်းနေကြတဲ့ ကားတွေ၊ ယဉ်တွေနဲ့ ထိပ်တိုက်တွေ့ရပါတော့တယ်။
ကျနော်တို့ကို လာကြိုတဲ့ ပုဂ္ဂိုလ်က အရင်တုန်းက KNU ရဲဘော်ဟောင်း၊ အခုတော့ စီးပွားရေးလုပ်ငန်းရှင်၊ ငြိမ်းချမ်းရေး အကျိုးတော်ဆောင် ဖြစ်နေတဲ့ ဖထီးထက်နယ်ဆင် (သို့) မေဂျာ ထက်နက်ဆင် ဖြစ်နေတယ်။ သိပ်သဘောကောင်းတဲ့ ဖထီးကြီးပါ။ ဖထီးကြီးက အသက်ကြီးသလောက် သွက်လက်ဖြတ်လတ်မှုကလည်း လူငယ်လေးလိုပါပဲ။
ဖထီးကြီးက ဘယ်လောက်ထိအောင် စကားပြောကောင်းလိုက်လဲ၊ ကမ္ဘာပေါ်က အကြမ်းဆုံးလမ်းတလမ်း ဖြစ်တဲ့ ဒေါနတောင်တန်းကို ဖြစ်ကျော်လိုက်တာကိုတောင် သတိမထားမိလိုက်ဘူး။ စစ်ဆေးရေး ဂိတ်တွေကို အလွယ်တကူ ဖြတ်ကျော်ခွင့် ရခဲ့ပါတယ်။ ခရီးသည်တွေတင်တဲ့ ကားတွေကတော့ အစစ်အဆေးတွေများလှတဲ့ ဒေါနတောင်တန်းမှာ ခရီးမတွင် ဖြစ်နေကြရပါတယ်။ ဘာတွေ စစ်ဆေးလဲတော့မသိ။ အချို့ဂိတ်တွေက ကိုက် ၂၀၀ အကွာလောက်မှာ တခုဖြစ်နေတာ တွေ့ခဲ့ရတယ်။
ဖထီးကြီးရဲ့ အပြောအရ တနေ့ကို ကုန်ကားစီးရေ တထောင်ကျော် ဖြတ်သွားတယ်တဲ့။ ဂိတ်ကြေးက အမျိုးမျိုးတဲ့။ ဂိတ်တခုနဲ့တခု မတူ။ ဂိတ်ကြီး ဂိတ်သေးရှိတယ်လို့ ပြောတယ်။ အခုတော့ နည်းသွားပြီတဲ့။ ထိုင်းကသွင်းတဲ့ ကုန်ပစ္စည်း ဈေးတက်တာ ဂိတ်ကြေးက အဓိကအခန်း ကဏ္ဍက ပါနေတယ်လို့ ဖထီးကြီးက ပြောပြတယ်။ အနိုင်ကျင့် ဗိုလ်ကျမှုတွေနဲ့ ပြည့်နေတဲ့ အမိမြန်မာပြည်ကို မြင်ရတာ တော်တော်စိတ်မကောင်း ဖြစ်မိတယ်။
လူသုံးကုန် ပစ္စည်းတွေအပြင် ဟင်းသီးဟင်းရွက်၊ ငါး၊ ကြက်ဥက အစ ထိုင်းနိုင်ငံက တင်သွင်းရတာတဲ့။
ကော့ကရိတ်ကနေ ဘာအံထိ သွားတဲ့ ကားလမ်းဘေး တဖက်တချက်မှာ ရာသီလိုက်စိုက်တဲ့ သီးနှံစိုက်ခင်းတွေ မတွေ့ရဘဲ မြေကွက်လပ်တွေသာ တွေ့ရတတ်ပါတယ်။ ဖထီးကြီးက “တို့မြန်မာလူမျိုးတွေ ပျင်းတာနဲ့အတူ ဖျင်းသွား ပြီတဲ့” သိပ်ကို ရင်နာဖို့ကောင်းတယ်။ ထိုင်းနိုင်ငံမှာတော့ အစိုးရကအစ တော်ဝင်မိသားစုတွေထိ တနိုင်တပိုင် စိုက်ပျိုးရေးကို အားပေးတယ်။ မိသားစု စားဝတ်နေရေး ဖူလုံဖို့ အားပေးတယ်။
ဇာတ်လိုက်ကျော် ဖထီးကြီးကိုင်တဲ့ ဖုန်းက CDMA ခြင်းဖုန်းပါ။ ချောက်ကမ်းပါးပေါ် ဖောက်ထားတဲ့ လမ်းကျဉ်းလေးထဲမှာ လက်တဖက်က ဖုန်းကိုင်ပြီး တဖက်က စတီရာတိုင်နဲ့ အလုပ်ရှုပ်နေတာ အသည်းယားစရာပါ။
နေ့လည်မှာ ဖထီးကြီးရဲ့ ကြိုတင်ဆောင်ရွက်ထားမှုကြောင့် ကျနော်တို့အဖွဲ့ကို အဆင်သင့်စောင့်နေတဲ့ ထမင်းဝိုင်းကို ကော့ကရိတ်မှာ တွေ့ရတယ်။ ရွှေကရင်တွေရဲ့ ရိုးရာဓလေ့အတိုင်း “တာလဘော” ဟင်းကတော့ အသည်းစွဲဖွယ် ဟင်းတမျိုးပါပဲ။
ထမင်းစားပြီးတာနဲ့ ဘားအံခရီးကို ဆက်ရပြန်တယ်။ သိပ်မဆိုးလို့ ပြောလို့ရတဲ့ လမ်းတွေဖြစ်သွားတယ်။ ဖထီးကြီးက သူကိုယ်တိုင် ဒေါနတောင်တန်းလမ်းကို ထိုင်းကုမ္ပဏီနဲ့ ပူးပေါင်းပြီး လုပ်ဖို့ လျှောက်ထားခဲ့ပေမယ့် အခြားကုမ္ပဏီ တခုက ရသွားတယ်လို့ ပြောတယ်။ ကုန်စည်စီးဆင်းမှုမှာ လမ်းပန်းဆက်သွယ်ရေးက သိပ်ကိုအရေးပါလှပါတယ်။
ဆင်းရဲတွင်းထဲ နက်နေတဲ့ မြန်မာပြည်သူတွေက နိုင်ငံခြားကထုတ်တဲ့ ကုန်ပစ္စည်းတွေကိုသုံး၊ လမ်းကြေး ဂိတ်ကြေး၊ လမ်းပန်းဆက်သွယ်ရေး ညံ့ဖျင်းမှုကြောင့် ပုတ်သိုးသွားတဲ့ ကုန်ပစ္စည်းတွေတန်ဘိုးကို ထည့်တွက်လိုက်တော့ ထိုင်းမှာ မြန်မာငွေ ၄၀၀ ကျပ်လောက်ကျတဲ့ Coke တဗူးကို ရန်ကုန်မှာဆို ကျပ် (၁၀၀၀) ဖြစ်နေတယ်။ မြန်မာပြည်သူတွေက ကံဆိုးမ သွားလေရာ မိုးလိုက်လို့ရွာ ဆိုသလိုမျိုး ဖြစ်နေတယ်။ ဘယ်နိုင်ငံမှာမှ မတွေ့နိုင်တဲ့ ဂိတ်ကြေးဖြစ်ပါတယ်။
နိုင်ငံတကာမှာတော့ လမ်းဖောက်လုပ်တဲ့ ကုမ္ပဏီက ကောက်ခံတဲ့ အခကြေးငွေကို ပေးဆောင်ရပါတယ်။ ကျနော်တို့ မြန်မာနိုင်ငံမှာတော့ တိုင်းရင်းသား လက်နက်ကိုင်ငြိမ်းချမ်းရေး အဖွဲ့တွေကလည် ၀ါးလုံးတားပြီးငွေကောက်ခံကြတယ်။ အစိုးရဘက်က အထူးစုံစမ်းစစ်ဆေးရေး၊ ရဲ၊ စစ်တပ်၊ လူဝင်မှုကြီးကြပ်ရေး စတဲ့ အဖွဲ့ပေါင်းစုံတွေက ပုံစံမျိုးစုံနဲ့ ခရီးသည်တွေဆီကရော၊ ကုန်သည်တွေဆီကပါ ငွေကြေးကောက်ခံနေတာကို တွေ့ရပါတယ်။
“အခုက ဂိတ်တွေ တော်တော်လျော့သွားတယ်၊ အရင်ကဆို ကိုက် ၂၀၀ လောက်အဝေးဆို ဆပ်ကြေးကောက်တဲ့ ဂိတ်တခုရှိတယ်” ဖထီးကြီးက ရှင်းပြတယ်။ တရားဥပဒေ စိုးမိုးမှု မရှိတဲ့ ကျနော်တို့တိုင်းပြည်ကြီးက အနာဂတ်အတွက် ရင်လေးစရာ ဖြစ်နေပါတယ်။ အင်္ဂလိပ်အခေါ် Warlord စစ်ဘုရင်တွေ မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ အများဆုံးလို့တောင် ပြောလို့ရမယ်ထင်တယ်။ အစိုးရဘက်က တပ်မမှူး၊ တိုင်းမှူး၊ အပစ်ခတ်ရပ်ထားတဲ့ အဖွဲ့တွေဆိုတာ အကုန်လုံးနယ်စား ပယ်စား စစ်ဘုရင်တွေ ဖြစ်နေကြပါတယ်။
အပစ်ခတ်ရပ်စဲအဖွဲ့တွေ၊ တပ်ရင်းမှူး၊ တပ်မမှူး၊ တိုင်းမှူးတွေက ဂိတ်ကြေးကင်းလွတ်ခွင့် ရတဲ့သူတွေဖြစ်နေကြပါတယ်။ အခွင့်ထူးခံ လူတန်းစား တရပ်လို့ ပြောလို့ရပါတယ်။
“ကျနော်တို့လူမျိုးတွေက သမာအာဇီဝကျတဲ့ အလုပ်တွေကို မလုပ်ချင်တော့ဘူး၊ ငွေကို ဘယ်လိုနည်းနဲ့ အလွယ်တကူ ရမလဲဘဲ စဉ်းစားနေကြတယ်၊ အကျင့်ပျက်တဲ့ ၀န်ထမ်း၊ အလေးခိုးတဲ့ ဈေးသည်၊ မှောင်ခိုလုပ်တဲ့ အရပ်သားတွေနဲ့ သံသရာလည်နေတယ်” လို့ဖထီးကြီးက ငြီးသလိုနဲ့ ပြောပြန်ပါတယ်။ “ ဒီလောက်ရေပေါတဲ့၊ မြေလွတ်ပေါတဲ့ နိုင်ငံကလူတွေ ထိုင်းကလာတဲ့ ဘူးညွန့်ကို ၀ယ်စားနေတာ သဘာဝမကျတဲ့ ကိစ္စဖြစ်နေတယ်” လို့ဖထီးကြီးက ရှင်းပြတယ်။
ဖထီးကြီးပြောပြောဆိုဆိုနဲ့ ဘားအံကို ညနေ ၄ နာရီလောက်ကို ရောက်ပြီး ငြိမ်းချမ်းရေး အကျိုးတော်ဆောင်အဖွဲ့မှာ ပါတဲ့ ကိုစောဟန်အေး ပိုင်တဲ့ Grand Palace ဟိုတယ်မှာ ညအိပ်ရပ်နားပါတော့တယ်။ Grand Palace ဟိုတယ်ကလည်း သူ့သမိုင်းနဲ့သူ ရှိနေပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ကိုယ်စားလှယ် ကင်တားနား ကရင်ပြည်နယ်ကို လှည့်ပတ်ကြည့်ရှုပြီး ညအိပ်တည်းခိုခဲ့တဲ့ နေရာပါတဲ့၊ ဗိုလ်နှုတ်ခမ်းမွေး တို့အဖွဲ့ ကရင်ပြည်နယ်အစိုးရနဲ့ ငြိမ်းချမ်းရေး စကားပြောဖို့လာတဲ့အခါ လက်နက်ကိုင် တရာကျော်တည်းခိုသွားတဲ့ နေရာဖြစ်တယ်လို့ ကိုစောဟန်အေးက ရှင်းပြပါတယ်။ အခုချိန်မှာ Grand Palace ကတော့ အစိုးရကို လက်နက်ကိုင် တော်လှန်နေတဲ့ အဖွဲတွေ တည်းခိုတဲ့၊ ခရီးတထောက်နားခိုရာ နေရတခု ဖြစ်နေပြန်တယ်။
ထိုင်း-မြန်မာနယ်စပ် ဒေသမှာ အစည်းအဝေးတွေ ကျင်းပတဲ့အခါ၊ အခါအားလျော်စွာ အကြောင်းအမျိုးမျိုးကြောင့် နယ်စပ်တလျှောက် ခရီးသွားခဲ့အခါမျိုးမှာသာ အမိမြေမှာ ညအိပ်ခဲ့ဖူးပေမယ့် ဘယ်အချိန်မှာ သေနတ်သံကြားရမလဲ ရင်တထိပ်ထိပ်နဲ့ အိပ်မပျော်နိုင်ခဲ့ပါဘူး။ အခုတော့ လုံခြုံတဲ့ အမိမြေမှာ စိတ်ချလက်ချ အိပ်လို့ရပြီ ဆိုတဲ့အတွေးက ကျနော်ရဲ့ရင်ကို လှုပ်ခတ်စေပါတယ်။ အကျိုးဆောင်ကို စောဟန်ကလည်း လိုလေးသေးမရှိ ကူညီရှာပါတယ်။
ဘယ်ယိမ်း၊ ညာထိုးနဲ့ ဒေါနတောင်ခရီးစဉ်ကြောင့် ပင်ပန်းမှုတွေကို ဧည့်ဝတ်ကျေပွန်မှုနှင့် ဖောရွေမှုတွေက နှိပ်သိမ့်လိုက်တာများကြောင့်လား၊ အမိမြေကို ခြေချခွင့် ရတယ်ဆိုတဲ့ အသိကြောင့်လား ဘားအံမြို့မှာတညတာက ကျနော့်အတွက်တော့ မေ့မရတဲ့ ကြည်နူးမှု အပြည့်နဲ့ အမှတ်တရ ညဖြစ်ခဲ့ပါတယ်။
ကရင်ပြည်နယ် အုပ်ချုပ်ရေး အရာရှိတွေက ကျနော်တို့တည်းခိုတဲ့ ဟိုတယ်ကို လာရောက်နှုတ်ဆက်ကြပါတယ်။ အယင်တုန်းက ရန်သူတွေ ဖြစ်ခဲ့ကြပေမယ့် တကယ်တွေ့တော့ ညီအကိုအရင်းလို ဖြစ်နေကြပြန်တယ်။ ရယ်စရာ မောစရာတွေ၊ ကြုံကြိုက်ခဲ့တဲ့ တိုက်ပွဲအကြောင်းတွေကို စမြုံပြန်ကြပြန်တယ်။ ဘယ်သူက ဘယ်တိုက်ပွဲမှာ ပါဝင်ခဲ့ပုံ စတာတွေကို အပြန်အလှန် ပြောနေကြတာကလည်း မိတ်ဆွေရင်းရှာတွေ ပြန်တွေ့နေကြသလို ဖြစ်နေပြန်တယ်။
အနာဂတ်မှာ စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စုကို တည်ဆောက်နိုင်မယ်ဆိုရင် ကျနော်တို့နိုင်ငံဟာ လူမျိုးပေါင်းစုံနေထိုင်တဲ့ နိုင်ငံဖြစ်တာကြောင့် ပန်းပေါင်းစုံပွင့်တဲ့ အင်မတန်မှ လှပတဲ့ ပန်းခင်းကြီးလို ဖြစ်နေမှာကို မြင်ယောင်ရင်း ကြည်နူးမျက်ရည် ကျရပြန်ပါတယ်။ အလိမ်အညာမဟုတ်တဲ့ ငြိမ်းချမ်းရေုး အစစ်အမှန်ကို အမြန်တည်ဆောက်နိုင်ပါစေလို့ ဆုတောင်းမိတယ်။
ညနေစာစားပြီးချိန်မှာ နောက်တရက် ခရီးစဉ်အကြောင်းကို ပြောပြပါတယ်။ မနက် ၈ နာရီလောက်ကို ဘားအံမြို့ကနေ စတင်ခရီးထွက်ခွာမှာ ဖြစ်ကြောင်းနဲ့ မနက်စာကို နံနက် ၇ နာရီမှာ ဟိုတယ်မှာ ကျွေးမှာဖြစ်ကြောင်း အသိပေးပြီး၊ လမ်းခွဲလိုက်ကြပါတော့တယ်။
(ဆက်ပါဦးမယ်)
လှရွှေ
မောက္ခမဂ္ဂဇင်း-မှ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment