Wednesday, May 9, 2012

အေဒီ (၁၄) ရာစုခေတ်က ရခိုင်ရှေးဟောင်း မြောက်ဦးမြို့ တော် ဘာလဲ ဘယ်လဲ



ကမ္ဘာ့အမွေအနှစ်များရန်ပုံငွေအဖွဲ့ ရဲ့ ထုတ်ပြန်ကြေငြာချက်နဲ့  အဲဒီကြေငြာချက်ကို သတင်းအဖြစ် ရေးသားခဲ့တဲ့ နိုင်ငံတော်ပိုင် ကြေးမုံသတင်းစာပါ သတင်းတွေဟာ သက်ဆိုင်ရာ ရခိုင်လူမျိုးတွေကို လှုပ်နိုးလိုက်သလို ဖြစ်သွားခဲ့တယ်လို့ ပြောချင်တယ်။
တဖက်မှာလည်း ငြိမ်းချမ်းတည်ငြိမ်တဲ့ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကို လုပ်ချင်တဲ့ လုပ်နေတဲ့ ပုဂ္ဂိုလ်၊ အဖွဲ့အစည်းတွေအတွက် အနှောင့်အယှက်တခု အဟန့် အတားတခုဆိုတာ နားလည်ကြမယ်လို့  ယုံကြည်မိတယ်။ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးကို ယုံကြည်သူတွေအတွက် ဒီသတင်းဟာ အနှောင့်အယှက်ဖြစ်စေမယ်။ ဒါကြောင့် ဒီအဖြစ်မျိုးတွေကို ဆန့်ကျင်ဖို့  လိုအပ်တယ်ဆိုတဲ့အတွေးကြောင့် ဒီဆောင်းပါးကို ရေးဖြစ်တယ်။
ဆောင်းပါးအစမှာ သက်ဆိုင်ရာ ရခိုင်လူမျိုးတွေကို လှုပ်နိုးလိုက်သလိုဖြစ်သွားခဲ့တယ်လို့ ပြောခဲ့ပါတယ်။ အဲဒီရဲ့သက်ရောက်မှုဟာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနိုင်ထိုင်နိုင်ရေး သို့ မဟုတ် ငြိမ်းချမ်းတည်ငြိမ်တဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကို လှမ်းနေတဲ့ ခြေလှမ်းတွေကို တုံ့နှေးစေမယ်။ အဟန့်အတား တွေဖြစ်စေနိုင်တယ်လို့ ပြောလိုတာဖြစ်တယ်။
၂၀၁၂ မေလ ၃ ရက်နေ့ က Global Heritage Fund ( ကမ္ဘာ့အမွေအနှစ်များ ရန်ပုံငွေအဖွဲ့ ) က အာရှတိုက်ထဲမှာ ရှေးဟောင်းယဉ်ကျေးမှု ဆယ်ခုဟာ ပျက်စီးပျောက်ကွယ်ရမယ့် ဘေးနဲ့  ရင်ဆိုင်နေရတဲ့အကြောင်း ထုတ်ပြန်ကြေငြာခဲ့ပါတယ်။ အဲဒီဆယ်ခုထဲမှာ မြန်မာနိုင်ငံထဲက ရခိုင်အမျိုးသားတွေရဲ့ ရှေ့ ဟောင်းမြို့ တော် မြောက်ဦးမြို့ တော်လည်းပါဝင်ခဲ့ပါတယ်။ ဆိုတော့ နိုင်ငံတော်ပိုင် ကြေးမုံသတင်းစာမှာ အဲဒီကြေငြာချက်ကို သတင်းအဖြစ် ရေးသားခဲ့ပါတယ်။ 



အဲဒီသတင်းရေးသားချက်ကို မပြောခင် ဒီနေရာမှာ ပြောချင်တာက အဲဒီ ကမ္ဘာ့အမွေအနှစ်များရန်ပုံငွေအဖွဲ့က ပြောသလို တကယ်ပဲ ခေတ်သစ်မြန်မာနိုင်ငံတော်ထဲက ရခိုင့်ရှေးဟောင်း မြောက်ဦးမြို့ တော်ဟာ ပျက်စီး ပျောက်ကွယ်ရမယ့် ဘေးနဲ့  ရင်ဆိုင်တွေ့ ကြုံနေပြီလား။ အဲဒီ အန္တရာယ်တွေက ဘာတွေလည်း စသဖြင့် သုတေသနလုပ်ရပါလိမ့်မယ်။ အဲဒီ သုတေသနစစ်တမ်းတွေရဲ့ အဖြေတွေအတိုင်း ထိမ်းသိမ်းကာကွယ် စောင့်ရှောက်ရမယ့် တာဝန်ဟာ လက်ရှိ အစိုးရသစ်ရဲ့တာဝန် ဖြစ်တယ်။
တဖက်မှာလည်း နိုင်ငံတော်ပိုင် မီဒီယာပဲဖြစ်ဖြစ် တသီးပုဂ္ဂလမီဒီယာပဲဖြစ်ဖြစ် ဒီကိစ္စကို အရှိကို အရှိအတိုင်း သတင်းကို သတင်းအတိုင်း ဖော်ပြသင့်တယ်။ ထို့ အတူ ထိမ်းသိမ်းကာကွယ်သင့်တဲ့အကြောင်းတွေကို ဆော်သြသင့်တယ်။ ဒါကတော့ ယေဘုယျအားဖြင့် လုပ်ရမယ့် တာဝန်တွေပါ။
ဆိုတော့ နိုင်ငံတော်ပိုင် ကြေးမုံသတင်းစာမှာ ကမ္ဘာ့အမွေအနှစ်များရန်ပုံငွေအဖွဲ့ ရဲ့ ထုတ်ပြန်ကြေငြာချက်ကို သတင်းအဖြစ် မေလ (၄) ရက်ထုတ်မှာ ပါလာပါတယ်။ ဒါပေမယ့် ရခိုင့်ရှေးဟောင်း မြောက်ဦးမြို့ တော်ကို မဖော်ပြဘဲ ထိန်ချန်ခဲ့တာ တွေ့ရတယ်။
နိုင်ငံတော်ပိုင် မီဒီယာတခုဖြစ်တဲ့ ကြေးမုံသတင်းစာက ကိုယ့်နိုင်ငံရဲ့ ရှေးဟောင်းမြို့ တော်တခုကို ဘာကြောင့်ထိန်ချန်ခဲ့ရသလဲလို့ မေးရပါလိမ့်မယ်။ သတင်းစာရဲ့ အယ်ဒီတာကိုယ်တိုင် ထိန်ချန်ခဲ့တာဖြစ်နိုင်သလို အယ်ဒီတာက ထည့်ပေမယ့် စာပေစိစစ်ရေးရဲ့ ဖြတ်တောက်မှုကြောင့်လည်း ဖြစ်နိုင်ပါတယ်။
ဘာကြောင့် ဒီလုပ်ရပ်ကို ထိန်ချန်ချင်ရတာလဲဆိုတဲ့အမေးရဲ့ အဖြေကို ဥာဏ်မှီသလောက် လက်ကုန်နှိုက်ကြည့်ဖို့ လိုအပ်တယ်။ အားလုံး ဒီအပေါ်မှာ သဘောမတူနိုင်ဘူးဆိုတာ နားလည်ပေမယ့် ဘယ်သူမှ မပေးတဲ့ သမိုင်းပေးတာဝန်တခုကို ထမ်းဆောင်ရမှာ ဖြစ်တယ်။
သေချာတာတခုက ကိုယ်နိုင်ငံတော်ထဲက ရှေးဟောင်းအမွေအနှစ်တခုဖြစ်တဲ့ ရှေးဟောင်းမြို့ တော်ကို ဖျောက်ဖျက်ဖို့ ကြိုးစားမှုတခုအဖြစ် ပြောရပါလိမ့်မယ်။ ဒီကြိုးစားမှုဟာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်ရေး တနည်းအားဖြင့် ငြိမ်းချမ်းတည်ငြိမ်တဲ့ စစ်မှန်တဲ့ အနာဂတ်ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေးကို အဟန့်အတား ဖြစ်စေတယ်ဆိုတာကိုတော့ ရဲရဲကြီး ပြောရဲပါတယ်။ 



ရခိုင်မဟုတ်တဲ့ ရှမ်း၊ ကချင်၊ ကရင်၊ မွန် ၊ ချင်းစတဲ့ အခြားအမျိုးသားတွေအတွက် နဂိုရှိပြီးသား မယုံကြည်မှုတွေကို ပိုလို သံသယဖြစ်အောင် တွန်းပေးသလိုဖြစ်စေပါလိမ့်မယ်။ ကာယကံရှင် ကိုယ်တိုင်ဖြစ်တဲ့ ရခိုင်အမျိုးသားတွေ အတွက်ကတော့ ကျားနာကို ဆွပေးလိုက်သလိုမျိုး တနည်းအားဖြင့် လှုပ်နိုးလိုက်သလိုမျိုးဖြစ်စေတာ အမှန်ပါပဲ။ ဒါတွေဟာ စစ်မှန်တဲ့ငြိမ်းချမ်းရေးအတွက် အဟန့် အတားတွေဖြစ်စေသလို အနာဂတ်ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက်လည်း အဟန့်အတားတခုဆိုတာပြောချင်တယ်။
မဟာလူမျိုးကြီးဝါဒကို အရေခြုံထားတာ စစ်အာဏာရှင်စနစ်ဖြစ်တယ်လို့ ထောက်ပြဖူးတယ်။ ဒီမဟာလူမျိုးကြီးဝါဒလွှမ်းမိုးရေးကို အဓိကအားဖြင့် စစ်တပ်ခေါင်းဆောင်တချို့ က စစ်တပ်ကို အသုံးချပြီး မောင်းနှင်ခဲ့မှုအပေါ်မှာ စစ်တပ်လွှမ်းမိုးရေး သို့ မဟုတ် စစ်အာဏာရှင်စနစ်က ရှေ့ တန်းရောက် သွားခဲ့တာဖြစ်တယ်။ နဂိုမူလ ရည်ရွယ်ချက်ဖြစ်တဲ့ မဟာလူမျိုးကြီးဝါဒလွှမ်းမိုးရေးက အတွင်းပိုင်းမှာ လူမမြင်ဘဲ ပုံးလျှိုးနေခဲ့တယ်။
ထို့ အတူ ဗမာအမျိုးသားတိုင်း မဟာလူမျိုးကြီးဝါဒလွှမ်းမိုးရေးကို လက်ခံကြ တယ်လို့ ဘယ်သောအခါမှ ၀ါးလုံးရှည်နဲ့ မရမ်းဘူးလို့  ပြောချင်တယ်။ အဲဒီ ၀ါဒကို လက်မခံတဲ့ ဗမာ အမျိုးသားတွေ အများကြီးပါ။ မဟာလူမျိုးကြီးဝါဒ လွှမ်းမိုးရေးအယူအဆဟာ ခေတ်သစ်မြန်မာနိုင်ငံကို ချောက်ကမ်းပါးထဲကို ဆွဲချမယ့် ၀ါဒအဖြစ် ဦးအောင်ဆန်းနဲ့  သူရဲ့မျိုးဆက်က နားလည်တယ်။ အဲဒီ ၀ါဒဟာ ဘယ်သောအခါမှ တိုင်းပြည်ငြိမ်းချမ်းရေးကို ဆောင်ကြဉ်းပေးနိုင်မှာ မဟုတ်ဘူးဆိုတာ ကမ္ဘာ့ အရှည်ကြာဆုံး ခေတ်သစ်မြန်မာနိုင်ငံ ပြည်တွင်းစစ်က သက်သေပြနေတယ်။
ဆိုတော့ အာရှ တိုက်ထဲက ပျက်စီးမယ့် ဘေးအန္တရာယ်တွေနဲ့ ရင်ဆိုင်နေရတဲ့ ဆယ်ခုထဲမှာ ပါဝင်နေတဲ့ ရခိုင့်ရှေးဟောင်း မြောက်ဦးမြို့ တော်ကို နိုင်ငံတော်ပိုင် ကြေးမုံသတင်းစာမှာ ထိန်ချန်ခဲ့မှုဟာ မဟာလူမျိုးကြီးဝါဒလွှမ်းမိုးရေးရဲ့ အစိတ်အပိုင်းတခု ဆိုတာကို ပြောလိုတယ်။
ပျက်စီးဆုံးရှုံးမယ့် ဘေးအန္တရာယ်တွေဆယ်ခုထဲမှာ ခေတ်သစ်မြန်မာနိုင်ငံတော်ထဲက ရခိုင့်ရှေးဟောင်း မြောက်ဦးမြို့တော် ပါဝင်နေပါလျက် အဲဒီနိုင်ငံတော်က ထုတ်ဝေတဲ့ နေ့ စဉ်သတင်းစာမှာ အဲဒီအကြောင်း အရာကို ထိန်ချန်ခဲ့မှုဟာ မတော်တဆ မဟုတ်ဘူးဆိုတာ သာမန်လူတွေတောင်နားလည် သဘောပေါက်တဲ့ကိစ္စဖြစ်တယ်။
ဗမာအမျိုးသားတွေရဲ့ ရှေးဟောင်းမြို့ တော်ဖြစ်တဲ့ ပုဂံနဲ့ နှိုင်းစာရင် ရခိုင်အမျိုးသားတွေရဲ့ ရှေးဟောင်းမြို့ တော်ဖြစ်တဲ့ မြောက်ဦးမြို့ တော်ဟာ ခေတ်သစ်မြန်မာနိုင်ငံတော် အုပ်စိုးသူအဆက်ဆက်ရဲ့ ကြဉ်ဖယ်ခြင်း (ဂရုမစိုက်ခြင်း) ကို အစိုးရအဆက်ဆက်ဆီမှာ ခံခဲ့ရပါတယ်။ ပုဂံကို စာတတန် ပေတဖွဲ့  ဂုဏ်ပြုထောပနာပြုနေကြပြီး ပုဂံကို မပျက်စီးရအောင် အစွမ်းကုန် ထောင့်စုံအောင် မွမ်းမံခြယ်သ ထိမ်းသိမ်း စောင့်ရှောက်နေကြချိန်မှာ ရခိုင်ပြည်က ရှေးဟောင်းမြို့တော် မြောက်ဦးကိုတော့ ဘယ်လို ဖျက်ဆီးပစ်ရမလဲလို့  မဟာဗျူဟာတွေ ၊ နည်းဗျူးဟာတွေရေးဆွဲနေချိန်ဖြစ်ပါလိမ့်။
နောက်တချက် မန္တလေးနန်းတော်နဲ့ မြောက်ဦးနန်းတော်ကို နှိုင်းယှဉ်ကြည့်ပါ။ မန္တလေးနန်းတော်ဟာ သမိုင်းအမွေအနှစ်အဖြစ် ကျန်ခဲ့ပေမယ့် မြောက်ဦးနန်းတော်ကတော့ မရှိတော့ဘူး။ နောက်ဆုံး နန်းတော်ရဲ့ အုတ်မြစ်တွေကိုပါ တူးဖြိုပစ်မယ့် မဟာဗျူဟာရဲ့ လုပ်ဆောင်ချက်တွေဟာ ကျားနာကို လှုပ်နိုးသလို ဖြစ်ပါလိမ့်မယ်။ 


                          (မြောက်ဦးမြို့ ၁၇ ရာစု ပန်းချီကားပုံ)

ကမ္ဘာ့အမွေအနှစ်ရန်ပုံငွေအဖွဲ့ ရဲ့ထောက်ပြမှုဟာ ရခိုင်လူထုအတွက် တပ်လှန့် သလို ဖြစ်နေလိမ့်မယ် ဆိုတဲ့အတွေး တနည်းအားဖြင့် မဟာလူမျိုးကြီးဝါဒီတွေရဲ့ ရခိုင့်ရှေးဟောင်းအမွေအနှစ်ဖျက်ဆီးပစ်ရေးစံမံကိန်းကို မရိပ်မိအောင် ဆက်လက်ထားရှိရေး ရည်ရွယ်ချက်တွေကြောင့် နိုင်ငံတော်ပိုင် ကြေးမုံသတင်းစာက ထိန်ချန်ခဲ့တာဖြစ်ပါလိမ့်မယ်။ ဘာပဲပြောပြော အဲဒီအဖွဲ့ ရဲ့ အစီရင်ခံစာထဲက ပျက်စီးပျောက်ကွယ်ရမယ့်ဘေးတွေကတော့
(၁) စီးပွားရေးလုပ်ငန်းများ ကျယ်ပြန့် လာခြင်း
(၂) လုံလောက်သော ပြုပြင်ထိမ်းသိမ်းမှု မရှိခြင်း
(၃) လုယက်ခြင်း
(၄) စစ်မက်ဖြစ်ပွားခြင်း
(၅) ခရီးသွားလုပ်ငန်းတွေကြောင့်လို နားလည်ပါတယ် ။ ဆိုတော့ အာရှတိုက်ထဲက ရှေးဟောင်းအမွေအနှစ်ဆယ်ခုစလုံးကို ယေဘုယျအားဖြင့် ဖျက်ဆီးနိုင်မယ့်ဘေးအန္တရာယ်တွေလို့ သဘောပေါက်ပါတယ်။
ဒါပေမယ့် မြောက်ဦးမြို့ တော်အနေနဲ့ ကတော့ စီးပွားရေးလုပ်ငန်းများ တိုးတက်လာမှု၊ လုံလောက်သော ပြုပြင်ထိမ်းသိမ်းမှုနဲ့ ခရီးသွားလုပ်ငန်းစတဲ့ သုံးခုနဲ့သာ ပတ်သက်ပါလိမ့်မယ်။ အထူးသဖြင့်ကတော့ ပြုပြင်ထိမ်းသိမ်းမှုကို မဆို့ မပို့ ပြုလုပ်ပေးပြီး ခရီးသွားလုပ်ငန်းဆိုတဲ့ ကိစ္စကိုတော့ လက်ရှိကာလမှာ ဒေသဖွံ့ ဖြိုးရေး ခေါင်းစဉ်အောက်က တရားဝင်ဖျက်ဆီးပစ်မယ့် စီမံကိန်းလို့ မြင်ပါတယ်။
ဒီအမြင်အပေါ်မှာ ကမ္ဘာ့အမွေအနှစ်ရန်ပုံငွေအဖွဲ့  ထောက်ပြတာဖြစ်ပါလိမ့်မယ်။ စစ်အစိုးရလက်ထက်ကရော လက်ရှိ ဦးသိန်းစိန်အစိုးရသစ်လက်ထက်မှာပါ ဒေသဖွံ့ ဖြိုးရေးအတွက် ကားလမ်း ရထားလမ်းများဟာ ရခိုင့်ယဉ်ကျေးမှုများ တိမ်ကော ပျက်စီးသွားမယ့် နေရာများကိုသာ ရွေးချယ်ခဲ့ကြတာတွေ့ ရတယ်။
ဆိုတော့ ခေတ်သစ်မြန်မာနိုင်ငံမှာ အဓိကလက်သယ်ဟာ မဟာလူမျိုးကြီးဝါဒလွှမ်းမိုးရေးအယူအဆပါ။ အဲဒီ ၀ါဒတွေကြောင့် အခြားအမျိုးသားတွေရဲ့ ယဉ်ကျေးမှုကို ထိမ်းသိမ်းကာကွယ်ရမယ့်အစား ဒေသဖွံ့  ဖြိုးရေး အရေခြုံပြီး ဖျက်ဆီးပစ်မယ့် စီမံကိန်းတွေကို လုပ်ဆောင်ရဲတာဖြစ်တယ်။
မတူညီတဲ့ အမျိုးသားတွေနဲ့ စုစည်းထားထဲ့နိုင်ငံတော်ထဲမှာ မတူညီတဲ့ ယဉ်ကျေးမှုတွေရှိမယ် မတူညီတဲ့ယဉ်ကျေးမှုတွေကို အပြန်အလှန်လေးစားတန်းဖိုးထားခြင်းတွေ၊ စောင့်ထိမ်း ကာကွယ်မြှင့်တင်ပေးခြင်းတွေဟာ မတူညီတဲ့ အမျိုးသားတွေ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးအတွက် အကောင်းဆုံးသော အဖြေဖြစ်မှာ သေချာတယ်။ 



ယဉ်ကျေးတဲ့လူ့ အဖွဲ့ အစည်းကြီးဟာ ရှေးဟောင်းအမွေအနှစ်တွေကို တန်ဖိုးထားထိမ်းသိမ်းကာကွယ် နေကြသလို မယဉ်ကျေးသည့် အစုအဖွဲ့ တွေကတော့ သူတို့ အတွက် အန္တရာယ်တခုလို မြင်ပြီး ဖျက်ဆီးပစ်မယ့် မဟာစီမံကိန်းတွေရေးဆွဲပြီး စနစ်တကျဖျက်ဆီးပစ်တတ်ကြပါတယ်။
ဆိုတော့ ကမ္ဘာအမွေအနှစ်များရန်ပုံငွေအဖွဲ့ ရဲ့ အာရှတိုက်ထဲက စိုးရိမ်စရာဆယ်ခုထဲမှာ ပါဝင်တဲ့ ခေတ်သစ် မြန်မာနိုင်ငံတော်ထဲက ရခိုင့်ရှေးဟောင်း မြောက်ဦးမြို့ တော်ဟာ ပျက်စီးဆုံးရှုံးရမယ့် ဘေးအန္တရာယ်တွေနဲ့  ကြုံတွေ့နေရခြင်းဟာ သဘာဝဘေးအန္တရာယ်မျိုးမဟုတ်ဘဲ စီမံကိန်းရှိရှိ လုပ်ဆောင်နေခြင်းဖြစ်တဲ့အတွက် အဲဒီလုပ်ရပ်တွေကို ယဉ်ကျေးတဲ့လူ့ အဖွဲ့ အစည်းတွေအနေနဲ့ ဝိုင်းဝန်းဆန့် ကျင်သင့်တယ်လို့ ပြောချင်တယ်။
မြောက်ဦးမြို့ တော်ရဲ့ စိုးရိမ်စရာအခြေအနေတွေအထဲမှာ ယဉ်ကျေးမှုလက်ရာတွေဖြစ်တဲ့ ကျောက်ဆစ်လက်ရာတွေအပါအ၀င် မြောက်ဦးမြို့ တော်ထက် ရှေးကျတဲ့ ဓည၀တီမြို့ တော် ဟောင်းနဲ့ ဝေသာလီမြို့  တော်ဟောင်းတွေဟာလည်း အသက်ငင်လျက် ရှိပါတယ်။
ကိုယ်ပိုင်ယဉ်ကျေးမှုတွေကို စနစ်တကျ ဖျက်ဆီးခံနေရတဲ့ ရခိုင်အမျိုးသားတွေအနေနဲ့  ရှေးဟောင်းယဉ်ကျေးမှုတွေကို ဘယ်လို ထိမ်းသိမ်း ကာကွယ်ကြမလဲဆိုတာကတော့ စိန်ခေါ်မှုတရပ်ဖြစ်နေမှာကတော့ သေချာပါလိမ့်မယ်။
ခိုင်လင်း (မေဃ၀တီ)
မေ ၇၊ ၂၀၁၂   ညး ၉း ၄၇




No comments:

Post a Comment