Saturday, October 27, 2012

ရခိုင်ပြဿနာမှာ အမြတ်ထွက်နိုင်တာ ဘယ်သူတွေလဲ

နိုင်ငံခြား တိုင်းပြည်တစ်ခု၏(26.10.12)ကုရဘင်နီတခုမြင်ကွင်းပုံ။                                                                      အမြတ်ထွက်တယ်

 ရခိုင်ပြည်နယ်အတွင်းမှာ ဇွန်လပိုင်းကစလို့ ဖြစ်တဲ့ပြဿနာတွေကနေ အမြတ်တရပ်ထွက်ပါတယ်။ အဲဒီအမြတ်ကို ရသူတွေကတော့ မြန်မာသတင်းသမားတွေပါပဲ။ ဘာအမြတ်လဲဆိုတော့ မြန်မာသတင်းသမားတွေအနေနဲ့ ကမ္ဘာပေါ်မှာ လူကိုးကွယ်မှုအများဆုံးဖြစ်တဲ့ ဘာသာကြီးလေးမျိုးကို အခြေခံအားဖြင့်တော့ သိထားဖို့လိုတယ်ဆိုတဲ့ တပ်လှန့်အတွေးကို ဖော်ဆောင်ပေးလိုက်တဲ့အမြတ်ပါပဲ။
မြန်မာသတင်းသမားတွေအနေနဲ့ ကိုယ်ဟာ ဘယ်ဘာသာဝင်ဖြစ်နေပါစေ မိမိကိုးကွယ်ရာ  မိရိုးဖလာဘာသာရေးအသိလောက်နဲ့သာ ပျော်မွေ့မနေဘဲ အခြားဘာသာတွေရဲ့ အယူဝါဒတွေ ၊ အခြားဘာသာတွေက ဘုရားတွေရဲ့ ဆုံးမသြ၀ါဒတွေ ၊ ကျမ်းဂန်တွေကိုပါ သိထားဖို့ လိုပါတယ်။ သို့မှသာ ဘာသာရေးပိုင်းဆိုင်ရာ ပဋိပက္ခတွေဖြစ်ပေါ်လာရင် သတင်းသမားတွေဟာ ချင့်ချိန် ၊ ဝေဖန်သုံးသပ် ရေးသားနိုင်ကြမှာဖြစ်ပါတယ်။

ရခိုင်အရေးဟာ ဘာသာရေးပဋိပက္ခမဟုတ်ဘူး

တကယ်တော့ ရခိုင်အရေးဟာ ဘာသာရေးပဋိပက္ခမဟုတ်ပါဘူး။ ဒါကို အားလုံးလည်း သိပါတယ်။ ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာက ရခိုင်မလေး မသီတာထွေးကို ဘင်္ဂလီသုံးဦးက မုဒိမ်းကျင့် သတ်ဖြတ်လိုက်ရာက စတင်လို့ ဖြစ်ပွားခဲ့ရတဲ့ လူမျိုးစုရေးပြဿနာပါ။
ဒါဖြင့် ဘာလို့ ရခိုင်ပြည်နယ်ပြဿနာကနေ သတင်းသမားတွေအတွက် ဘာသာရေးလေ့လာမှု တပ်လှန့် အမြတ်ထွက်တာလဲလို့ မေးစရာရှိပါတယ်။ လူမျိုးစုနှစ်ခုအကြား ဖြစ်ပေါ်ခဲ့တဲ့ပြဿနာတွေကို အခြေခံပြီး ဘာသာရေးအမြတ်ထုတ်မှု ၊ နိုင်ငံရေးအမြတ်ထုတ်မှုတွေ လုပ်လာနိုင်တဲ့အရေးကို တွေ့မြင်လာရလို့ မြန်မာသတင်းသမားတွေအနေနဲ့ အနည်းဆုံးအားဖြင့် ဘာသာကြီးလေးမျိုးကို တီးမိခေါက်မိ ရှိထားဖို့လိုတယ်လို့ ပြောရတာပါ။

ဘုရားတွေဟာ အကောင်းဆုံး ပြောခဲ့ကြတယ်

စာရေးဆရာ ညိုသင်းရေးတဲ့ ဘာသာကြီးလေးမျိုးစာအုပ်ကို ငယ်စဉ်က ဖတ်ဖူးခဲ့တယ်။ ဒီပုဂ္ဂိုလ်ဟာ သူကိုယ်တိုင်က ဘာသာမဲ့ဖြစ်ပြီး ဘာသာကြီးလေးမျိုးကို လေ့လာပြီးမှ ဒီစာအုပ်ကို ရေးသားဖြစ်တာလို့ ထည့်သွင်းရေးသားထားတယ်။ နောက်ပိုင်းမှာတော့ Harves Jon Denn ရေးသားတဲ့ “What Religion”  ဆိုတဲ့ စာအုပ်ကို ထပ်ဖတ်ရတယ်။ တကယ်တော့ ဘာသာတိုင်းက ဘုရားလို့သတ်မှတ်ကြတဲ့ ပုဂ္ဂိုလ်တွေဟာ အနည်းဆုံးအားဖြင့် လူ့အဖွဲ့အစည်း သာယာဝပြောအောင်တော့ ပြောဟော ၊ မိန့်ဆိုခဲ့ကြတာပဲဖြစ်တယ်ဆိုတာကို တွေ့ရတယ်။ ယေရှုခရစ်တော်ပဲဖြစ်ဖြစ် ၊ တမန်တော် မိုဟာမက်ပဲဖြစ်ဖြစ် ၊ ဂေါတမ ဗုဒ္ဓပဲဖြစ်ဖြစ် ၊ သျှီဝပဲဖြစ်ဖြစ် ၊ လူ့အဖွဲ့အစည်းသာယာဝပြောဖို့အတွက် လိုက်နာအပ်တဲ့ ဓလေ့ ၊ ပြုကျင့်အပ်တဲ့ ထုံးစံတွေကို ချထားပေးခဲ့ကြတာပဲဖြစ်တယ်။

ဘုရားကို ခုတုံးလုပ်ကြတယ်

ဘာသာတိုင်းက ဘုရားတွေဟာ အနည်းဆုံးအားဖြင့် လူ့အဖွဲ့အစည်းသာယာဝပြောအောင် ပြောဟောခဲ့ကြပေမယ့် ဘာသာရေးခေါင်းဆောင်တချို့ကတော့ ဘုရားတွေကို ခုတုံးလုပ်ပြီး ကိုယ်ကျိုးစီးပွားရှာခဲ့ကြတာဟာ ခေတ်အဆက်ဆက်ပဲဖြစ်တယ်။
ဒီနေရာမှ ရခိုင်ပြည်နယ်အရေးနဲ့ ဘာသာရေးဆက်စပ်လာလို့ ပြောရတော့မယ်။ တကယ်တော့ အဲဒီလိုဆက်စပ်လာအောင် ဖန်တီးလိုက်တာဟာ မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလမ်ဘာသာရေးအဖွဲ့ကြီးပဲဖြစ်တယ်။ ဒါ့ကြောင့်လည်း စာနိဒါန်းမှာကတည်းက ရခိုင်ပြည်နယ်အရေးကို အခြေပြုလို့ သတင်းသမားတွေဟာ အခြားဘာသာများကို အခြေခံအားလောက်ဖြင့်ဖြစ်စေ နားလည်ထားဖို့လိုအပ်တယ်ပါတယ်လို့ တိုက်တွန်းလိုက်ရတာပါ။
မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလမ်ဘာသာရေးအဖွဲ့ကြီးက အောက်တိုဘာ ၂၅ ရက်နေ့မှာ သူတို့ကျင်းပနေကြဖြစ်တဲ့ ကုရ်ဘာနီအီးဒ်ကို မကျင်းပတော့ဘူးလို့ အတိအလင်းကြေညာချက်ထုတ်လိုက်တာကို အားလုံးလည်း သိပြီဖြစ်မှာပါ။ ဒါဟာ ရခိုင်ပြည်နယ်ပဋိပက္ခကို အခြေခံပြီး ဘာသာရေး ၊ နိုင်ငံရေးအမြတ်ထုတ်ချင်လို့ လုပ်ဆောင်လိုက်တဲ့ အချက်တရပ်လည်းဖြစ်ပါတယ်။ ဘာသာရေးအဖွဲ့အစည်းဆိုတာဟာ ဘာသာကို ကိုးကွယ်ယုံကြည်သူတွေရဲ့ အခွင့်အရေးတွေ ပိတ်ပင်ခံရရင်သာ ကာကွယ်စောင့်ရှောက်ပေးရမယ့်တာဝန်ရှိပါတယ်။ ကိုးကွယ်ယုံကြည်သူတွေရဲ့ အခွင့်အရေးတွေကို ပိတ်ပင်ခွင့်မရှိပါဘူး။ ဘာသာရေးထုံးတမ်းစဉ်လာအရ ကျင်းပတဲ့ဘာသာရေးပွဲတော်တွေကိုလည်း မကျင်းပရဘူးလို့ အမိန့်ပြန်တမ်းထုတ်ခွင့် ဘာသာရေးအဖွဲ့အစည်းတွေမှာ လုံးဝမရှိပါဘူး။ လုံခြုံရေးပိုင်းဆိုင်ရာနဲ့ အကြောင်းပြလို့လည်း မရထိုက်ပါဘူး။ လုံခြုံရေးပိုင်းဆိုင်ရာတာဝန်ရှိသူဟာ အစိုးရသာဖြစ်လို့ပါပဲ။ ကုရ်ဘာနီအီးဒ်ပွဲတော်ကို အစိုးရက ကျင်းပခွင့်ပေးခဲ့ပေမဲ့ ဘာသာရေးအဖွဲ့ကြီးက မကျင်းပတော့ဘူးလို့ ကြေညာချက်ထုတ်လိုက်တာဟာ ဘာသာရေး ၊ နိုင်ငံရေးအမြတ်ထုတ်လိုတဲ့ ရည်ရွယ်ချက်ရှိနေတယ်လို့လည်း သုံးသပ်သူတွေက သုံးသပ်နေကြတာဖြစ်ပါတယ်။

မှင်သက်မိမနေနဲ့

ဒါကို မြန်မာသတင်းသမားတွေအနေနဲ့ မှင်သက်မိနေလို့ မရပါဘူး။ ဒီအဖွဲ့ကြီးရဲ့ ဆုံးဖြတ်ချက်ဟာ အစ္စလမ်ဘာသာရေးအရ လုပ်ဆောင်ထိုက်ရဲ့လား ၊ လူ့အခွင့်အရေးရှုထောင့်မှ ကြည့်ပြန်လျှင်လည်း သင့်တင့်လျောက်ပတ်ပါရဲ့လားဆိုတာကို မြန်မာသတင်းသမားတွေအနေနဲ့ ဝေဖန်ထောက်ပြကြရပါလိမ့်မယ်။ ဒ့ါကြောင့်လည်း သတင်းသမားတွေအနေနဲ့ ဘာသာကြီးလေးမျိုးလောက်ကိုဖြင့် တီးမိခေါက်မိသိထားသင့်တယ်လို့ ဆိုခဲ့တာဖြစ်ပါတယ်။ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးက ထုတ်ပြန်ထားတဲ့ လူ့အခွင့်အရေးကြော်ငြာစာတမ်းမှာရော လူတဦးရဲ့လွတ်လပ်စွာကိုးကွယ်ယုံကြည်နိုင်မှုကို ဘယ်လိုပြဌာန်းထားတယ်ဆိုတာတွေကို မီးမောင်းထိုးပြပြီး ဘာသာရေး ၊ နိုင်ငံရေး အမြတ်ထုတ်လိုတဲ့ မည်သည့်အဖွဲ့အစည်းကိုမဆို သတင်းသမားတွေဟာ ဖော်ထုတ်ရေးသားပေးသင့်ပါတယ်။ ဒါမှလည်း သာယာတဲ့လူ့အဖွဲ့အစည်း ၊ အများလိုလားကြတဲ့ ဒီမိုကရေစီစနစ်ဆိုတာတွေဟာ ရှင်သန်ကြီးထွားလာမှာပါ။

မင်းနိုင်သူ

No comments:

Post a Comment