Friday, October 19, 2012
ဝံလက်ငှက်တို့၏ တောင်ပံခတ်သံများ
Written by မောင်လှိုင်(လမု)    Tuesday, 18 September 2012 16:34   
Wan La 9
ဝံလက်အမည်ကိုယူ၍ အဖွဲ့အစည်း၏ အမည်အဖြစ်အသုံးပြု၍ ရုပ်ပုံကိုလည်း Logo အဖြစ် အသုံးပြုလျှက် ရခိုင်အမျိုးသားရေးလုပ်ငန်းများကို အားသွန်ခွန်စိုက်ဆောင်ရွက်နေသော ရခိုင်မျိုးချစ်လူမှုအဖွဲ့အစည်းတစ်ခုကို စစ်တွေမြို့၌ စိတ်ဝင်စားဖွယ် တွေ့ရသည်။ ယင်းအဖွဲ့အစည်းမှာကား "၀ံလက်ဒေသဖွံ့ဖြိုးရေး ဖောင်ဒေးရှင်း( WAN-LARK Rural Development Foundation)" ပင်ဖြစ်သည်။
"တကယ်တော့ ၀ံလက်ကို ကျနော်တို့ ၂၀၀၄ ခုနှစ်က လူ (၁၁)ယောက်လောက်နဲ့ စတင်ခဲ့တာပါ။ အမျိုးသီလကိုစောင့်တဲ့ ကျနော်တို့ရခိုင်လူမျိုး အချင်းချင်း ကူညီစောင့်ရှောက်ဖို့ရည်ရွယ်ပြီး ထူထောင်ခဲ့တာ ဖြစ်တယ်" ဟု ဝံလက်ဖောင်ဒေးရှင်း ဒါရိုက်တာ ဦးသိန်းဝင်းက ပြောသည်။
၂၀၁၀ ခုနှစ်၊ နိုဝင်ဘာ(၄)တွင် တရားဝင်ဖွဲ့စည်းပြီးအစိုးရ၏ အသင်းအဖွဲ့ဆိုင်ရာ ဥပဒေနှင့်အညီ မှတ်ပုံတင်ထားသော ၀ံလက်ဖောင်ဒေးရှင်းမှာ ယခုအခါ အသင်းဝင် (၁၀၀)ကျော်ရှိနေပြီဖြစ်သည်။ ရခိုင်ပြည်နယ် အရပ်ရပ်မှ အသင်းဝင်များ ပါဝင်လာကြသည်။
"ကျနော်တို့အသင်းရဲ့ အဓိကရည်ရွယ်ချက်က ရခိုင်ဒေသနှင့်အခြားဒေသများမှာရှိတဲ့ ရခိုင်လူမျိုးတွေ လူနေမှုဘ၀နှင့်ပညာရည်မြင့်မားရေး၊ စာကြည့်တိုက်ထူထောင်ရေး၊ အသက်မွေး ၀မ်းကျောင်း ပညာသင်ကြားရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းရရှိရေး၊ ဘေးဒုက္ခအန္တရာယ်ကြောင့် ဒုက္ခရောက်နေသူတွေကို ကယ်ဆယ်ကူညီရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ကျန်းမာရေးဆိုင်ရာ အသိပညာပေးရေးနှင့် ကူညီစောင့်ရှောက်ရေး၊ စာပေယဉ်ကျေးမှုနဲ့ ရိုးရာဓလေ့တွေကို ဖော်ထုတ်ထိန်းသိမ်းရေးတို့ ဖြစ်ပါတယ်"ဟု ၄င်းကဆက်ပြောသည်။
Wa La 1 copy
အမှန်က ၀ံလက်ဖောင်ဒေးရှင်းတရားဝင်ဖွဲ့စည်းနိုင်ခြင်း မရှိခင်ကတည်းကပင် ဒါရိုက်တာ အဖွဲ့ဝင်များသည် ၂၀၀၄ ခုနှစ်၊ မေလ စစ်တွေမုန်တိုင်းတွင် ဆန်၊ အ၀တ်အထည်နှင့် အသုံးအဆောင်ပစ္စည်းများ လှူဒါန်းခဲ့သလို၊ ၂၀၁၀ ခုနှစ်၊ အောက်တိုဘာလ ဂီရိမုန်တိုင်းတွင်လည်းမြေပုံမြို့နယ်၌ မိသားစု(၇၀၀)ခန့်ကို ဆန်နှင့်အသုံးအဆောင် ပစ္စည်းများ လှူဒါန်းခဲ့သည်။ အထူးသဖြင့် အမှန်တကယ် ဆင်းရဲပြီး၊ ငွေကြေးလုံးဝ မတတ်နိုင်သည့် ဂီရိမုန်တိုင်းသင့် အိမ်ထောင်စု(၄၉)စုအတွက် ၀ါးနှင့်ဓနိများကို ယင်းဒေသ၌ ထောက်ပံ့ပေးခဲ့သည်။
"ကျနော်တို့လက်ရှိ ဆောင်ရွက်ပေးနေတာတွေကတော့ ပုဏ္ဏားကျွန်းမြို့နယ်၊ နတ်တောင်ကျေးရွာအုပ်စုမှာ အခမဲ့တွဲဖက် အလယ်တန်းကျောင်း တစ်ကျောင်း၊ ပေါက်တောမြို့နယ် လက်ပံပြားကျေးရွာနဲ့ ရသေ့တောင် မြို့နယ် စေတီပြင်ရွာတွေမှာ နွေရာသီအင်္ဂလိပ်စာသင်တန်း စတာတွေ အခမဲ့သင်ကြားပေးနေတယ်။ မနှစ်ကစလို့ ပုဏ္ဏားကျွန်းမြို့နယ် ဂူဝရွာမှာ "ဂူဝရောင်ခြည်အခမဲ့ကျောင်း" ကို ထူထောင်ပေးခဲ့ပြီးတော့ မူလတန်းကလေး(၇၀)ကျော်ကို အခမဲ့သင်ကြားပေးနေပါတယ်။ ဒီနှစ်မှာလဲ စစ်တွေ၊ မင်းဂံမှာ ဆယ်တန်း အခမဲ့သင်တန်းတစ်ခုနဲ့ ကျောင်းစာကြည့်တိုက်တစ် ခုဖွင့်လှစ်နိုင်ခဲ့တယ်"ဟု ဦးသိန်းဝင်း က ရှင်းပြသည်။
ဤဖောင်ဒေးရှင်းကို အနီးကပ်စောင့်ကြည့်လေ့လာ တွေ့ရှိချက်အရ အမျိုးသားရေးလုပ်ငန်းစဉ်နှစ်ရပ် ဆောင်ရွက်နေသည်ကို တွေ့ရသည်။ ပထမတစ်ခုမှာ အသက်မွေးဝမ်းကျောင်း ပညာသင်ပေးခြင်းနှင့် အလုပ်အကိုင်ရရှိရေးဖြစ်ပြီး၊ ဒုတိယအချက်မှာ လူသားချင်းစာနာမှု အထောက်အကူပေးရေးပင်ဖြစ်သည်။
အသက်မွေးဝမ်းကျောင်း ပညာသင်ပေးခြင်းနှင့်ပတ်သက်၍ ဘင်္ဂလီအလုပ်သမားများနေရာတွင် ရခိုင်တိုင်းရင်းသား အလုပ်သမားများအား အစားထိုး ခန့်ထားနိုင်ရေးအတွက် ရည်ရွယ်လျှက် ရခိုင်လူမှုအဖွဲ့အစည်းဖြစ်သည့် ဝံလက်ဖောင်ဒေးရှင်းက အသက်မွေးဝမ်းကျောင်း မုန့်ဆရာဖြစ်သင်တန်းကို ၃-၇-၁၂ မှ ၃-၈-၁၂ ထိ စစ်တွေမြို့၌ ဖွင့်လှစ်သင်ကြားပေးခဲ့သည်ကို တွေ့ရသည်။
"အရင်က စစ်တွေမှာ လ္ဘက်ရည်ဆိုင်တိုင်းနီးပါး မုန့်ဆရာအဖြစ် ဘင်္ဂါလီတွေလုပ်ကိုင်တာများတယ်။ အခု သူတို့မရှိတဲ့အခါ မုန့်ဆရာနေရာတွေမှာ ရခိုင်တွေကိုအစားထိုးနိုင်ဖို့အမျိုးသားရေးအမြင်နဲ့ ဒီသင်တန်းကို ဖွင့်ခဲ့တာပါ" ဟု ဖောင်ဒေးရှင်းဒါရိုက်တာတစ်ဦးဖြစ်သူ ဦးသိန်းထွန်းအေးက ပြောသည်။
"သင်တန်းမှာ မုန့်ဆရာဦထွန်းရွှေမောင်က အဓိကသင်ကြားပေးတယ်။ ၀ံလက်က ဒါရိုက်တာ တွေက ကြီးကြပ်ပေးတယ်။ မုန့်လုပ်နည်း ၂၀ ကျော်သင်ပေးတယ်။ သင်တန်းကာလတိုတောင်းပေမယ့် တကယ့်ကို ထိရောက်တဲ့သင်တန်းပါ" ဟု သင်တန်းသူ မစောဥမ္မာကျော်ကဆိုသည်။
Wan La 3 copy
အဆိုပါသင်တန်း၌ သင်တန်းသား(၃၂) ဦး တက်ရောက်ပြီး သင်တန်းအတွက် ကုန်ကျစရိတ်ကို ရန်ကုန်မြို့ အခြေစိုက် မြရိပ်ညိုဖောင်ဒေးရှင်းက လှူဒါန်းခဲ့ကြောင်း၊ နောက်ပိုင်းတွင်လည်း အသက်မွေးဝမ်းကျောင်း ပညာရပ်များကို ဆက်လက် သင်ကြားပေးသွားမှာ ဖြစ်ကြောင်းသိရသည်။
"ရခိုင်ပြဿနာဟာ အမျိုးသားရေးပြဿနာဖြစ်တဲ့အတွက် ရခိုင်လူမှု အဖွဲ့အစည်း တစ်ခုတည်း ဆောင်ရွက်နေရုံနဲ့ ပြီးမြောက်နိုင်မှာ မဟုတ်ဘူး။ အစိုးရအနေနဲ့ကြီးမားတဲ့ အသက်မွေးဝမ်းကျောင်း ပညာရပ်တွေကို သင်ကြားပေးပြီးတော့ အလုပ်အကိုင် အခွင့်အလမ်းတွေကို ဖန်တီးပေးဖို့လိုတယ်။ ပြည်တွင်းမှာ အလုပ်အကိုင်ရရှိနေရင် ရခိုင်တွေ ပြည်ပသွားစရာမလိုတော့ ကိုယ့်မြေကိုယ့်ရေကို ကာကွယ်လို့ရတာပေါ့" ဟု သြဂုတ်လ(၃)ရက်နေ့ သင်တန်းဆင်းပွဲအပြီးတွင် ဦးသိန်းထွန်းအေးက ပြောပြသည်။
ပညာသင်ကြားပေးရုံသာမက အလုပ်အကိုင်ရရှိရေးကိုပါ ၀ံလက်က စီစဉ်ပေးသည်။ မုန့်ဆရာသင်တန်းပေးပြီးသည်နှင့် သြဂုတ်လ(၂၇)ရက်နေ့တွင် ၀ံလက်က "ရက္ခ၀တီ" အမည်ရှိ လ္ဘက်ရည်ဆိုင်တစ်ဆိုင်ကို စစ်တွေ၊ မိဇံရပ်ကွက်မှာ ဖွင့်လှစ်ပေးခဲ့သည်။
"ရက္ခ၀တီ" ဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်နှင့် ပတ်သက်၍ ဒါရိုက်တာနောက်တစ်ဦးဖြစ်သည့် ဦးခိုင်ကောင်းစံက ပြောကြားရာတွင် မကြာမီကမုန့်ဆရာဖြစ်သင်တန်းတက်ခဲ့သူများ အလုပ်အကိုင် ရရှိလာစေရေးနှင့် ရရှိလာသော အမြတ်ငွေထဲက (၅၀)ရာခိုင်နှုန်းကို ပညာရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရေး ဖြစ်ကြောင်းဆိုသည်။
မျိုးစောင့်ငှက်(၀ါ)၀ံလက်သည် မိမိတို့၏ အသိုက်အမြုံကို ကာကွယ်စောင့်ရှောက်သည့်နေရာတွင် ပြိုင်ဖက်ကင်းသလို ၀ံလက်ဖောင်ဒေးရှင်းသည်လည်း အမျိုးသားလုံခြုံရေး၊ ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် စံတင်လောက်သည်။
၂၀၁၂ ခုနှစ်၊ ဇွန်လအရေးအခင်းအတွင်း အကြမ်းဖက်ခြင်းခံရသော ဒုက္ခသည်များအတွက် ပြည်တွင်း၊ ပြည်ပ အလှူရှင်များ၏ လှူဒါန်းငွေများ၊ အလှူပစ္စည်းများကို အလေအလွင့်မရှိအောင် စနစ်တကျ ကူညီထောက်ပံ့ပေးခဲ့သည်။ ယင်းသို့ ကူညီဆောင်ရွက်ရုံမျှမက အမျိုးသားကာကွယ် စောင့်ရှောက်ရေးအတွက် အရေးအခင်း၌ ကျဆုံးခဲ့ကြသော ရခိုင့်အာဇာနည် သူရဲကောင်း(၃၄)ဦးအား ဂုဏ်ပြုသည့် အရေးအခင်း သုံးလပြည့်အထိမ်းအမှတ်အခမ်းအနားကို စစ်တွေမြို့ ဂြစ်ဘက်ဘုန်းကြီးကျောင်းတိုက်တွင် ၀ံလက်ဖောင်ဒေးရှင်းက ဦးဆောင်ကျင်းပခဲ့သည်။
သုံးလပြည့်အခမ်းအနားကျင်းပရခြင်း ရည်ရွယ်ချက်နှင့်ပတ်သက်၍ ဦးသိန်းထွန်းအေးက " ဒီအရေးခင်းမှာ ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးကို ကာကွယ်ရင်ကျဆုံးသွားခဲ့ကြတဲ့ ရခိုင်သူရဲကောင်းတွေကို လေးစား ဂုဏ်ပြုတဲ့အနေနဲ့  ကျနော်တို့ ကျင်းပပြုလုပ်တာဖြစ်တယ် " ဟု ဆိုသည်။
ယင်းအခမ်းအနားတွင် သပြေချောင်းရွာသူ မသီတာထွေး အပါအ၀င် အရေးအခင်း၌ ကျဆုံးခဲ့ရသူ(၃၄)ဦးဧ။် မိသားစုဝင်များကို ၀ံလက်ဖောင်ဒေးရှင်းမှ ဂုဏ်ပြုငွေများချီးမြုင့်ခြင်း၊ ဖိတ်ကြားထားသော အလှူရှုင်များမှလည်း မိမိတို့ဆန္ဒအလျှောက် သီးခြားချီးမြှင့်ခြင်းများ ပြုလုပ်ခဲ့ကြသည်။
"ကျနော်တို့ ရခိုင်လူမျိုးတွေဟာ ကိုယ့်ကြမ္မာကိုယ် ဖန်းတီးခွင့်မရှိဘူး။ လွန်ခဲ့တဲ့ ၁၉၄၂ ခုနှစ်မှစပြီး ဒီနေ့အထိ ဘူးသီးတောင်၊ မောင်တောဒေသက ရခိုင်တိုင်းရင်းသားတွေဟာ အကြိမ်ကြိမ်အတိုက်ခံခဲ့ရတယ်။ ဒီတစ်ကြိမ် အပြင်းထန်ဆုံးပေါ့။ နိုင်ငံတော်က ထိရောက်တဲ့ လုံခြုံရေးအကူအညီတွေ အချိန်မှီမရခဲ့လို့ သေကြေပျက်စီး ဆုံးရှုံးမှုတွေ အဆိုးရွားဆုံးခံစားခဲ့ကြရတယ်။ ကျဆုံးသွားခဲ့သူတွေကို ဂုဏ်ပြုခြင်းအားဖြင့် ရခိုင်တစ်မျိုးသားလုံးက သူတို့နဲ့အတူ ရပ်တည်ပေးရာ ရောက်လိမ့်မည်လို့ ယုံကြည်မျှော်လင့်မိပါတယ်" ဟု ဦးသိန်းထွန်းအေးက ၀ံလက်၏မျှော်လင့်ချက်ကို ရင်ဖွင့်ခဲ့သည်။
Wan La 2 copy
ယင်းအခမ်းအနားသို့ မသီတာထွေး၏ မိသားစုဝင်များအပါအ၀င် အရေးအခင်းတွင်ကျဆုံးသူ (၃၄)ဦး၏ မိသားစုဝင်များ တက်ရောက်ခဲ့ကြသလို၊ ရခိုင်လူမှုအသင်းအဖွဲ့များ၊ ရခိုင်နိုင်ငံရေးပါတီများ၊ မြို့နယ်အသီးသီးမှ ဖိတ်ကြားထားသူများ၊ အလှူရှင်များအပါအ၀င်ပြည်သူလူထု ထောင်ချီတက်ရောက်ကြသည်။
ထိုနေ့အခမ်းအနားသို့ တက်ရောက်လာသူများ၏ ရင်ဖွင့်သံကို နားစွင့်ခံစားကြည့်ရာ၊ တက္ကသိုလ်ကျောင်းသူ တစ်ဦးက " ကျဆုံးသွားတဲ့မိသားစုဝင်တွေကိုကြည့်ရင် တချို့ကကိုယ်ဝန်နဲ့၊ တချို့က ခလေးငယ်ငယ်လေးချီ ထားတာတွေ့ရတယ်။ တချို့ဆိုရင် ဂုဏ်ပြုပစ္စည်း လက်ခံချိန်မှာ ငိုရှိုက်နေတာတွေ့ရတယ်။ သမီးလည်း သူတို့ကိုကြည့်ရင်း ငိုနေမိရက် ဖြစ်သွားတယ်။ သမီးတို့ရခိုင်လူမျိုးတွေ ကိုယ့်မြေကိုယ့်ရေမှာနေရင်း ဒီလိုပြည်ပက ၀င်လာသူတွေရဲ့ မတရားသတ်ဖြတ်တာခံနေရပါလားလို့ စိတ်ခံစားချက်ဖြစ်မိတယ်"ဟု ဖွင့်ဆိုခဲ့သည်။
ယနေ့ကမ္ဘာတွင် Non-Governmental Organization (NGO) (သို့မဟုတ်) Civil Society Organization (CSO) လူမှုအဖွဲ့အစည်းများသည် State sector နှင့် Private sector ကြားတွင် ပြည်သူလူထု၏ အကျိုးစီးပွားကို ပရဟိတစိတ်အပြည့်ဖြင့် အရှိန်မြှင့်ဆောင်ရွက်လျှက်ရှိရာ မြန်မာနိုင်ငံတွင်လည်း နိုင်ငံအနှံ့ ဒေသဆိုင်ရာလူမှုအသင်းအဖွဲ့ (Local CSO)များ အမြောက်အမြား ဆောင်ရွက်လျှက်ရှိ လာပြီဖြစ်သည်။ စစ်တွေမြို့တွင်လည်း CSO အဖွဲ့ (၃၀)နီးပါးရှိနေလေပြီ။
စင်စစ် ၀ံလက်သည် CSO ဖြစ်ပါသည်။ သို့သော် သာမန်တော့မဟုတ်။ အမျိုးသားရေးကိုအခြေခံသော၊ မိမိတို့၏ အမျိုးသီလကိုစောင့်သော၊ မိမိနေမြေကိုကာကွယ်လိုသော လူမှုအဖွဲ့အစည်းပင်ဖြစ်သည်။ အဖရခိုင်ပြည်ဟူသော သိုက်မြုံကိုအသက်ပေးစတေးကာကွယ်ရင်း ရခိုင်ပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် မိမိတို့၏ ကိုယ်စွမ်းဥာဏ်စွမ်းရှိသမျှ ကြိုးစားအားထုတ်နေမည်သာ ဖြစ်သည်။
ဝံလက်တို့ တောင်ပံခတ်သံကား တဖြည်းဖြည်းကျယ်လောင်လာသည်။ တစ်နေ့ထက်တစ်နေ့ အားမာန် ပြည့်လာသည်။ သို့သော်လည်း သည်အား၊ သည်မာန်ကား အဖရခိုင်ပြည်ကို စွန့်ခွာပျံသန်းရန် အတွက်မဟုတ်ဘဲ နှစ်ပေါင်းထောင်ချီနေထိုင်လာခဲ့သော ကိုယ့်ပြည်၊ ကိုယ့်မြေနှင့် ကိုယ့်လူမျိုးကို ကာကွယ်ရန်အတွက် တောင်ပံခတ်သံများပင်ဖြစ်တော့သည်။
Wan La copy
Wan La 7 copy
Wan La 5 copy
Wan La 4 copy
No comments:
Post a Comment