Saturday, January 7, 2012

လူ့အခွင့်အရေးကို ဦးစားပေးသင့်သလား အမျိုးသားရေးကို ဦးစားပေးသင့်သလား

ဒီရက်ပိုင်း အင်တာနက် သုံးတိုင်းတွေ့ နေရတဲ့ post တွေကြောင့် ခေါင်းထဲမှာ မေးခွန်းတခု အလိုလို ရောက်လာပါတယ်။ ကိုယ်တွေးတဲ့ မေးခွန်းကို ကိုယ့်ဘာသာကိုယ် ပြီးပြည့်စုံအောင် ဖြေနိုင်ဖို့ လုံလောက်တဲ့ ဗဟုသုတကလည်း မရှိလေတော့ ခုရေးနေတဲ့ အချိန်ထိလဲ တွေးနေ ဆဲပါပဲ။ နှစ်ပေါင်း နှစ်ဆယ်ကျော် သုံးဆယ် နီးပါးကာလကို ဖြတ်သန်းပြီးတဲ့ အထိ လူ့ အခွင့်အရေး ဆိုတဲ့ အသံတွေကို နားမဆန့်အောင် ကြားဖူးခဲ့သလို အမျိုးသားရေး ဆိုတဲ့ဟာတွေကိုလဲ ဦးနှောက်နဲ့ မဆန့်အောင် သင်ကြား မှတ်သား ခဲ့ရပါတယ်။ အဲဒီနေရာမှာ အမျိုးသားရေး ဆိုတဲ့စကားလုံးကို အများဆုံး သုံးခဲ့တာက ကျွန်တော့် တသက်နီးပါး ခုချိန်ထိ လူချစ်လူခင် အင်မတန်ပေါတဲ့ အာဏာပိုင် အဖွဲ့အစည်း ယူနီဖောင်းဝတ်/ ချွတ်တွေ ဖြစ်ကြပြီး လူ့အခွင့်အရေး ဆိုတဲ့ စကားလုံးကို  မြစ်ဆိပ်မှာ အ၀တ်လျှော်သလို ပေါပေါများများ သုံးစွဲ တတ်တာက ပြည်တွင်း ပြည်ပ အတိုက်အခံ နိုင်ငံရေး သမားများနဲ့ နိုင်ငံခြား အခြေစိုက် မြန်မာဘာသာနဲ့ ထုတ်လွှင့်တဲ့ မီဒီယာတွေ ဖြစ်ကြပါတယ်။ အဲဒီ အသုံးအနှုန်း နှစ်ခုက ကျွန်တော် ဒီအသက်အရွယ်ထိ ခေါင်းထဲမှာ ဘီအီးနဲ့ ဘီယာ ရောသောက် သလို ဘယ်ဟာက ပိုကောင်းလို့ ကောင်းမှန်း မသိဖြစ်နေပါတယ်။
ဒီနှစ်ထဲမှာ ကျွန်တော်တို့ နိုင်ငံမှာ ထူးထူးဆန်းဆန်းတွေ တော်တော် မြင်လာရပါတယ်။ အရင် ဇာတ်ထဲမှာသာ ကြားဖူးတဲ့ အမတ် ဆိုတာတွေကို အကောင်လိုက်ကြီး မြင်လာရပါတယ်။ လိုအပ်တာများကို အမြဲတစေ မှာစားပြီး အမြဲတမ်း စားပြီး နားမလည်တဲ့ အစိုးရက ပထမဦးဆုံး အကြိမ် မြစ်ဆုံ ရေကာတာ စီမံကိန်း ဆိုတဲ့ဟာ ရွှေ့ဆိုင်းခြင်း ဆိုတဲ့ စရန်ကို ပြည်သူတွေ လက်ကို ထူးထူး ဆန်းဆန်း ထည့်ပေး တာမျိုးတွေ လုပ်ပြ လာတာမျိုးတွေ တွေ့ လာရပါတယ်။ (၁၉၉၀) ရလဒ်ကို အမြဲ ကိုင်စွဲပြီး တိုက်ပွဲဝင်ခဲ့တဲ့ (NLD) ကလည်း ရွေးကောက်ပွဲ ပြန်ဝင်ဖို့ ရိပ်ဖမ်း သံဖမ်းလေးတွေ ပြောလာတာ တွေ့နေရပါတယ်။ အဆိုးလား အကောင်းလား မကွဲပြား သေးပေမဲ့ မြန်မာပြည်ကြီး ပြောင်းလဲ တာတော့ ပြောင်းလဲ နေပါပြီ။ ထောင်ထဲက လူတွေလည်း တပြုံကြီး ပြန်လွတ် လာကြပါတယ်။  ဧရာဝတီ အောင်ပွဲရဲ့ နောက်ပိုင်း လူတိုင်း ပီတိ ဖြစ်ခဲ့ရတဲ့ အချိန်လေးပါ။ လွတ်လပ်ရေး ရပြီးကတည်းက မလွတ်လပ်လို့  မတည့်ကြတဲ့ လူမျိုးစုတွေကြား ဧရာဝတီ လှုပ်ရှားမှုမှာ အမျိုးသားရေးနဲ့ ပတ်သက်ပြီး စည်းစည်း လုံးလုံး ဖြစ်ခဲ့ကြတာကို ဒီတခါပဲ တွေ့ဖူးပါတယ်။  အဲဒီတုန်းက မြစ်အခွင့်အရေး ဆိုတော့ လူ့အခွင့်အရေး သမားတွေလည်း တက်တက် ကြွကြွပေါ့လေ။ တကယ့်ကို ပျော်စရာ ပွဲကြီးပေါ့။  ကဲလာပြန်ပြီ … နောက်တစ်ပွဲ ရိုဟင်ဂျာတဲ့။ ဒီပွဲ ကတော့ နယ်နယ်ရရ ပွဲတော့ မဟုတ်ဘူးဗျ။ နိုင်ငံခြားကနေ စတင် တင်ဆက်လိုက်တာ။ ပွဲစီစဉ်သူ BBC ပေါ့။ အဲဒီမှာ စတွေ့ ကြတာပါပဲ။ စောစောက ကျွန်တော် ပြောခဲ့ပါတယ်။ မြန်မာပြည် ပြောင်းလဲ နေပါပြီလို့။ အဲဒီ စကားကို လူ့ အခွင့်အရေး သမားတွေက ငြင်းကြတယ် ခင်ဗျ။ ခေတ်ပြောင်း လာပေမယ့် လူတွေရဲ့ စိတ်ထဲမှာ အာဏာရှင် စနစ်ရဲ့ လွှမ်းမိုးမှုတွေ မပျောက် သေးဘူးတဲ့။ သူတို့ ပြောတာလဲ မမှားဘူးဗျ။ ခုချိန်ထိ အစိုးရနဲ့ ဆက်သွယ် လုပ်ရတဲ့အလုပ်တွေမှာ လာဘ်ပေး လာဘ်ယူတာက ရိုးရာ ဖြစ်နေ သေးတယ်လေ။ ဒါပေမယ့် သူတို့က ဒီရိုဟင်ဂျာ ကိစ္စမှာလဲ ဒီစကားပဲ ခံတွင်း တွေ့နေလို့လား မသိဘူး ထပ်ခါ တလဲလဲ ဆက်ပြောနေကြတယ်။ အဲဒီတော့ သူတို့ ကို ကျွန်တော် ပါးစပ် ဟောင်းလောင်း ဖြစ်အောင် အံ့အားသင့်ရတဲ့ အပြောင်းအလဲ တခုအကြောင်း ပြောပြ ချင်ပါတယ်။
ဟိုအရင်တုန်းက မြန်မာပြည်က မီဒီယာတွေမှာ မမြင်ချင် မကြားချင်မှ အဆုံး အမြဲပါလာတတ်တဲ့ ဘယ်သူမှလဲ စိတ်မ၀င်စားတဲ့ အစိုးရရဲ့ ဆောင်ပုဒ်တွေ၊ မူဝါဒတွေကို ပြည်သူတွေက ဒီရိုဟင်ဂျာ ဆန့်ကျင်ရေးမှာ လိုလိုချင်ချင်ကြီးကို ကိုင်စွဲလာကြတယ်။ နောက်ပြီး ပြည်ပရောက် အတိုက်အခံတွေနဲ့ အမြဲတစေ ရန်တွေ ဖြစ်နေတတ်တဲ့ အစိုးရ မီဒီယာ သေနင်္ဂဗျူဟာရဲ့ ဗျူဟာမှူးတွေ ဖြစ်ကြတဲ့ ရုရှားရောက် ပြည်သူ့ ချဉ်ဖတ် အရာရှိငယ်တွေ ကလည်း ပြည်သူချစ်တဲ့ စစ်သားကြီးတွေ အဖြစ် မားမား မတ်မတ် ရှေ့ဆုံးတန်းက ပါလာကြတယ်။ မြန်မာပြည်ကို ဒီတသက် ခြေဦး မလှည့်ပါဘူး ဆိုပြီး တတိယ နိုင်ငံတွေမှာ ဒုက္ခသည်အဖြစ် ရောက်ရှိ အခြေချသွားကြတဲ့ လူတွေကလည်း ဒီနိုင်ငံကို သူတို့ ဘယ်လောက်မြတ်နိုးတယ် ဆိုတာ ပြလာကြတယ်။ နိုင်ငံရေး ဆိုတာကို နိုင်ငံရေးလို့ အသံထွက်တယ် ဆိုတာက လွဲရင် ဘာမှ ပိုပြီး နားမလည်တဲ့ နိုင်ငံခြားရောက် နေ့စား အလုပ်သမားတွေလည်း ပါလာတယ်။ နိုင်ငံရပ်ခြားမှာ အဆင့်မြင့်မြင့် ရာထူးတွေ ပိုင်ဆိုင် ထားကြပေမယ့် မြန်မာ မို့လို့ အနှိမ်ခံရတဲ့ အတွက် မြန်မာ ဖြစ်ရတာကို စိတ်နာနေတဲ့ ပညာတတ် လူတန်းစားတွေလည်း ပါလာကြတယ်။ နောက်ပြီး ဒုက္ခသည်စခန်းမှာ ဟိုက ခေါ်နိုး ဒီကခေါ်နိုး မျှော် တကိုးကိုးနဲ့ မြန်မာပြည်ကို လုံးဝ မပြန်ချင်တဲ့ ဒုက္ခသည်တွေလည်း ပါလာကြတယ်။ အံ့သြစရာ မကောင်းဘူးလား ဗျာ။ … အဲဒီမှာ ကျွန်တော့် အဖေပြောဖူးတဲ့ စကားလေး တခွန်း သွားသတိရတယ် မင်းတို့ကို မုန်းတယ်ဆိုတာ သူများကို အရမ်း ချစ်တယ်ဆိုတာလောက် ရှိတယ်တဲ့။
မှန်တာပြောရင် သစ္စာပါ။ ကျွန်တော်တို့ အချင်းချင်း လုံဝ မတည့်ကြပါဘူး။ နှစ်ပေါင်း တော်တော် ကြာခဲ့ပါပြီ။ တကယ်တော့ ပဋိပက္ခဆိုတာ နီးစပ်တဲ့ လူအချင်းချင်း ဖြစ်တတ်တဲ့ သဘာဝပါ။ ဒီလိုပဲ တွေးမိပါတယ်။ တခု မေးချင်တာက ကျွန်တော်တို့ အချင်းချင်း တကယ် မုန်းသွားကြပြီလား။ ရခိုင် အများစု ဗမာကို နာကြည်း ပါတယ်။ နာကြည်းစရာ အတိတ်လည်း ရှိပါတယ်။ နာလည်း နာကြည်း သင့်ပါတယ်။ ဒါပေမယ့် ခုနေ ဗမာက မေးမယ်။ ရခိုင်တွေကို မဟာမြတ်မုနိ ပြန်ပေးမယ်။ ကုလားတွေနဲ့ အတူတူ နေမလားလို့။ ဟဲဟဲ …. အဲဒီလို မေးတဲ့ဗမာကို ရခိုင်က ဘာပြန်ပြောမလဲ။ ပြောမယ့် စကားက ဆဲတာနဲ့ စမှာတော့ သေချာတယ်။ ခက်တာကလဲ အဲဒီပြဿနာက ဗမာတချို့ လုပ်ခဲ့တာ။ ဒါပေမဲ့ ဒီပြသနာမှာ ရိုဟင်ဂျာ ဆန့်ကျင်တဲ့ ဗမာကို ရခိုင်က ကန့်ကွက် မလား။ ဧရာဝတီ တုန်းကတော့ သူတို့နဲ့ ဘာမှမဆိုင်ပေမယ့် ကန့်ကွက်ခဲ့တဲ့ ရခိုင်တွေ ရှိတယ်။ နောက်ပြီး ရှမ်း။ သူတို့နဲ့ ဘင်္ဂလားဒေ့ရှ် တော်တော် ဝေးတယ်နော်။ ဒါပေမဲ့ သူတို့လဲ ကန့်ကွက်တယ်။ လူ့အခွင့်အရေးကို တကယ် ချိုးဖောက် ခံနေရလူတွေက လူ့အခွင့်အရေးဆိုတာ နားမလည်ဘူး ဆိုတာရော ဖြစ်နိုင် ပါ့မလား။ နောက်ပြီး ချင်းတွေ ကချင်တွေကို လှည့်မေးကြည့်ရအောင်။ သူတို့ က ခရစ်ယာန်တွေ။ ရခိုင်တွေရဲ့ ဗုဒ္ဒဘာသာနဲ့ သူတို့ နဲ့ ဘာမှ မဆိုင်ဘူး။ သူတို့ရော သူတို့ နယ်မြေမှာ ဒီ ရိုဟင်ဂျာတွေကို welcome လုပ်နိုင် ပါ့မလား။ ကဲ ခုလို တယောက်နဲ့ တယောက် ရန်ကြွေး ကိုယ်စီ အပြန်အလှန် တင်နေကြတဲ့ လူမျိုးတွေက ကျောချင်းကပ်ပြီး ပွဲထွက် လာကြပါပြီ။ ဒီအချိန်မှာ ဇာတ်ဆရာ အစိုးရကလည်း ငြိမ်နေတယ်။ တုတ်တုတ်ကို မလှုပ်ဘူး။ ခေါင်းဆောင် မင်းသမီးတွေ ဖြစ်ကြတဲ့ နိုင်ငံခြား မီဒီယာတွေကလည်း ငုတ်တုတ်။ ဇာတ်ဆရာ အလိုကျ လိုက်ပြောပေးရတဲ့ ပြည်တွင်း မီဒီယာ လူရွှင်တော်တွေကလဲ ဇာတ်ခုံပေါ်မှာ ဟိုငေး ဒီငေး။ ခေတ်ပေါ် စတိတ်ရှိုး ထွက်ပေးဖို့  တချက်တချက် ဇာတ်ခုံထောင့်က လှမ်းအော်နေတဲ့ နိုင်ငံခြားရောက် ပညာရှင် ဆိုသူတွေက လွဲရင် ကျန်တဲ့ တိုင်းရင်သား ရိုးရာ ဆိုင်းဝိုင်းကြီးက ပတ်မသာ အခါခါ တီးနေရတယ်၊ ဇာတ်က ရုပ်လုံး ကြွမလာ သေးဘူး။ ခက်တာက သာမန် လူတန်းစား ဆိုင်းဆရာနဲ့ နောက်ထွက်တွေက တီးသာ တီးနေရတယ်၊ နိုင်ငံရေးဆိုတာ ဘယ်လို တေးသွားလဲဆိုတာ ဂဃနဏ နားလည်တာ မဟုတ်ဘူး။ အဲဒီတော့ အောက်က လူတွေက တွေးမိတယ်။ ငါတို့များ မှားနေသလား ပေါ့လေ။ နိုင်ငံရေး ဗဟုသုတက နည်းတာကိုးဗျ။ လောလောဆယ်တော့ ဟိုဘက် ဇာတ်ရုံမှာ လူ့အခွင့်အရေး စတိတ်ရှိုးသံတွေက ညံနေပြီ။ နားထောင်လို့တော့ ကောင်းပါတယ်။ ဒါပေမဲ့ အဲဒါကြီးကို ရိုးရာ ဇာတ်သဘင် ဆိုင်းဘုတ်အောက်မှာ ရုံသွင်းလို့ အဆင် ပြေပါ့မလား။
ကိုနေဇော်နိုင်လဲ ဒီတခါ ဖွင့်ရမယ့် တံခါးက ပတ္တာပြုတ်နေတော့ သူ့ အပေါ် ပြန်ပိမှာ စိုးရိမ်ပြီး တံခါးဝမှာ ဖွင့်ရ ကောင်းနိုးနိုး မဖွင့်ရ ကောင်းနိုးနိုး။ နောက်ပြီး အာရပ်လှိုင်း စီးပြီး လူထု တိုက်ပွဲကို ဆင်နွှဲဖို့ ပြင်ဆင်နေတဲ့ လူတွေ မြန်မာတွေ မဟုတ်ဘဲ ဘင်္ဂလီတွေ ဖြစ်နေတော့ ဒေါက်တာ လွဏ်းဆွေလည်း ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိ။ နောက်တကျော့ ရွေးကောက်ပွဲမှာ လူ့အခွင့်အရေး ဆောင်ပုဒ်ကို လက်ထဲက မချတဲ့ NLD နိုင်မယ် ဆိုရင်ရော အဲဒီ ဆောင်ပုဒ်အောက်မှာ ရိုဟင်ဂျာတွေ အတွက်ဝေစု ပါမှာလား။ လက်ရှိ အစိုးရကရော ကမ္ဘာ့အလယ်မှာ ခေတ်မှီအောင် ရိုဟင်ဂျာတံဆိပ် မိတ်ကပ်လေး လိမ်းပြီး ပွဲထွက် လာမလား။ ပိုပြီး ခေတ်မှီအောင် အမေရိကန် ပလေးဘွိုင်တွေရဲ့ စတိတ်ရှိုးကို ရုံသွင်းမလား။ လက်ရှိ တရုတ်ဖြစ် မီးဆလိုက်တွေနဲ့ပဲ ဆက် ကကြ မလား။
တိုင်းရင်းသားတွေရဲ့ ပြည်ထောင်စု ဆိုင်းဝိုင်းကြီးကတော့ “အတူလေးရယ်နဲ့ ယှဉ်ကာပြိုင် ယှဉ်ကာပြိုင်” ဆိုပြီး အပျိုတော် ယိမ်းကိုတော့ စတီး နေပါပြီ။ ဒါပေမယ့် စင်ပေါ်က လူတွေကတော့ ခုထိ ငုတ်တုတ်။ လှုပ်ကို မလှုပ် ကြဘူး။ အဲ ဒီအချိန်မှာ တချို့ကတော့ ပြောလာတယ်ဗျ။ ဇာတ်ဆရာက သူ မှန်းထားသလောက် ပရိသတ်နဲ့ ၀င်ငွေကို ချိန်ဆပြီး မကဘဲ နေတာလည်း ဖြစ်နိုင်တယ်။ မင်းသမီးတွေကလည်း  နာမည်ရမယ့် ဂွင် မဟုတ်လောက်တော့ မထိန်းတတ်ရင် ဘာဖြစ်မယ်မှန်း မသိလို့  သတိလေး ထားပြီး စောင့်ကြည့်နေတာ။ အချိန်ရောက်ရင် ကြွနေအောင် ကကြ ပါလိမ့်မယ် ဘာညာပေါ့လေ။ Watch Dogs တွေဆီက ထွက်လာတဲ့ အသံပေါ့ဗျာ။ ဒါပေမဲ့  ဆိုင်းဝိုင်း တီးနေတာက ပရိသတ်ခေါ်ရုံ လူစည်ရုံ ပဏာမ တီးလုံးထက်ကို ကျော်လာပြီ။ ပရိသတ်လည်း ကြားတဲ့ လူတိုင်း ဖိနပ်လေး ဖင်ခုပြီး ပွဲခင်းထဲမှာ ထိုင်နေကြပြီ။ တီးလုံးတောင် အခါခါ ကျော့လို့ ပတ်စာတောင် ပါးနေပြီ။ ပတ်စာ မလောက်လို့ ထမင်းနဲ့ ပြာရောကြိတ် နေတဲ့လူက ကြိတ်ကုန် ကြပြီ။ စင်ပေါ်က လူတွေက တချက်မှ မလှုပ်သေးဘူး။ ဆိုင်းဝိုင်း ဆိုတာကလည်း ဇာတ်မှာ သူ့ချည်း သက်သက် ရပ်တည်လို့ မရဘူးလေ။ သူတို့တွေ ကမှ ဇာတ်ဆိုတာ ပီပြင် တော့မှာပေါ့။ ဆိုင်းဆရာတွေက အံကြိတ်တီး၊ နောက်ထွက်တွေ ကလည်း ယောင်္ကျားဘာသား ရွာစား ဘာညာနဲ့ အော်ရလွန်းလို့ အသံတွေတောင် ပြာနေကြပြီ။ မယုံရင် BBC Burmese Facebook Page ထဲဝင်သာ ကြည့်ပေတော့။
ဒီနေရာမှာ အခရာက ဇာတ်ဆရာဆိုပေမယ့် နဂိုကတည်းက နှစ်ပါးခွင်နဲ့ နာမည်ကြီးလာတဲ့ ဇာတ်ဆိုတော့ နှစ်ပါးညီမှ မြိုင်မှာကိုးဗျ။  အရင်က ဇာတ်ဆရာက ညာဘက်ယိမ်းရင် မင်းသမီးတွေက ဘယ်ကို ယိမ်းကြတယ်။ အခုဟာက ဘယ်ဘက်မှ မယိမ်းတော့ ပရိသတ်တွေကလည်း ကြောင်တောင်တောင်နဲ့ ပေါ့လေ။ ကြည့်ရတာ မင်းသမီးတွေက ဒီစ္စကိုသံ ကိုမှ ရင်ခုန်ကြတယ် တူပါတယ်။ အပြင်က ကလပ်မှာ ကကြရင် ဒေါ်လာနဲ့ ရတာကိုးဗျ။ ခုတော့ ဘာဒေါ်လာမှ မပါနိုင်တဲ့ ရိုးရိုး လက်ခုပ်သံတွေပဲဆိုတော့ သိပ် ဖီလင် မလာကြဘူး ထင်တယ်။ အခြေအနေ စောင့်ကြည့် နေတာနဲ့တော့ မတူဘူး။ အင်း တခုတော့ တွေးမိတယ်။ သူတို့ကလပ်မှာ Sexy Dance တွေကတုန်းက ဒေါ်လာတွေ ဆုချဖူးတဲ့ ပရိသတ် တယောက်တလေများ ပွဲခင်းထဲမှာ ပါလာလို့  ထိုင်မသိမ်းကြီးနဲ့ ကနေတာ မြင်သွားရင် ရှက်စရာကြီး ဆိုပြီး မကဘဲ ရူးချင်ယောင် ဆောင်နေတာ များလား။ လိုက်စဉ်းစားရင်း ဇက်ကြောတောင် တက်လာပြီ။ အရင်က အရပ်ထဲမှာ ဘာဖြစ်ဖြစ် သူတို့က သီချင်း လုပ်ဆို၊ လူရွှင်တော်တွေက ပျက်လုံးထုတ်နဲ့ စည်လိုက်တာ။ … အဲ စကားမစပ် ဧရာဝတီမြစ်ကြီးက ရေအား လျှပ်စစ်ထုတ်ပေးမှ မီးလင်းမယ်ဆိုရင် ငါတို့ အမှောင်ထဲမှာပဲ နေမယ်ဆိုတဲ့ လူတွေ အမှောင်ထဲမှာ ဘင်္ဂလီတွေနဲ့ တူတူနေပြီး ကိုယ့် သားသမီး မြေးမြစ်တွေနဲ့ ဗုဒ္ဒဘာသာ အတွက် စိုးရိမ် ပူပန်နေကြရတဲ့ ရခိုင်တွေနဲ့ ပတ်သက်ပြီး တစ်ခုခုများ ပြောဖို့ အစီအစဉ် မရှိကြတော့ဘူးလား။ မန္တလေးမှာ ဆွေမျိုး ပေါက်ဖော်တွေ (ပေးတတ်လိုက်တဲ့ နာမည်) အများကြီး ရောက်နေပြီဆိုတဲ့ အကြောင်းပဲ ပြောနေ ကြတော့မှာလား။ ပြီးတော့ ကျွန်တော့် တသက်နီးပါး အမျိုးသားရေးနဲ့ ပတ်သက်ပြီး အစိုးရမူဝါဒတွေကို လူတွေ မဖတ်လည်း ရေး၊ ဖတ်လည်း ရေးတတ်ကြတဲ့ မြန်မာ့အလင်းနဲ့ ကြေးမုံသတင်းစာက ပင်တိုင် ဆောင်းပါးရှင်တွေကရော အဲဒီအကြောင်း ဘာမှ မရေး၊ ဘာမှ မပြော ကြတော့ဘူးလား။ ကျွန်တော်က ပညာရှင်မဟုတ်တော့ သူတို့သာ မပြောရင်  အဲဒီလို ပြောင်မြောက်တဲ့ စကားမျိုးတွေ ကိုယ့် ဘာသာကိုယ် တွေးတတ်ပေါင်။ ရခိုင်တွေက ပြောနေကြပြီ၊ ငါတို့ဆီမှာ ရှိသမျှ ပြောင်ပြီ၊ ရိုဟင်ဂျာပဲ ကျန်တော့တယ်လို့။ အဲဒီ စကားကိုများ ရိုဟင်ဂျာဆိုတာ ရခိုင်တွေ အတွက် ထိန်းသိမ်း ထားအပ်တဲ့ ရှေးဟောင်း အမွေအနှစ်တဲ့၊ ပြောထွက် လိုက်ကြတာ။ နိုင်ငံခြားက ပါရဂူဘွဲ့ရ ပညာရှင်တွေ ပြောတာနော်။ ကျွန်တော့်လို ပညာမတတ်တဲ့လူက အဲလို စကားမျိုး လူကြားထဲမှာ ဘယ်ပြောရဲမတုန်း … ဟဲ ဟဲ။
အဲ … တခုတော့ ရှိတယ်ဗျ။ ခုဇာတ်စင်ပေါ်မှာ ငုတ်တုတ် မိနေတဲ့အထဲမှာ RFA က ဦးခင်မောင်စိုးကြီး မပါဘူးဗျ။ သူကတော့ ကချင်နေမှာ သေချာတယ်။ ဒါပေမဲ့ ဘယ်သူမှ မကတော့ သူလည်း မကရဲဘူးနဲ့ တူပါတယ်။ အမှန်က သူက စင်ပေါ် တက်မက သင့်တော့ဘူးဗျ။ ဆိုင်းဝိုင်းမှာ နောက်ထွက် လုပ်ရမှာ။ ၀ါကာဝါကာကြီးနဲ့ အင်တာဗျူးကတည်းက သူ့ရဲ့ ပို့လုံး ဖောက်လုံး လေးတွေကို တော်တော် သဘောကျနေတာ။ ၀ါကာဝါကာကလဲ သူ့ဘီး ဘရိတ်ဖြုတ်ပြီး ကုန်းဆင်း လှိမ့်ပေးလိုက်မှန်း မသိဘူး။ ဇွတ်နင်းတာ … ဟဲဟဲ။ ရေးလို့တောင် ပြီးနေပြီ။ ခုထိ အဖြေက မထွက်သေးဘူး။ အမေရိကားတို့  ဂရိတ်ဗြိတိန် တို့မှာ ဒေါက်တာဘွဲ့ ရလာမယ်ဆိုရင်တော့..You are a neo-Fascist, You are a racist ဆိုပြီး ရဲရဲကြီး ဝေဖန် ပစ်လိုက်မယ်။ မြန်မာပြည်က ဘွဲ့ရ ပညာရှင် ဆိုရင်တော့ “အဲ..ဒါကတော့ အစိုးရပိုင်းက ဘယ်လို လာမလဲတော့ မသိဘူးပေါ့နော်၊ ဒါက ကိုယ်တွေ တယောက်တည်းနဲ့ ပြောလို့ ပြီးမှာ မဟုတ်ဘူးပေါ့၊ ဒီ့ပြင်လူတွေကိုလည်း လှမ်းမေး ကြည့်ပါအုံး” လို့ ဝေ့လည် ကြောင်ပတ် ဖြေချလိုက်မယ်။ ခက်တာက တက္ကသိုလ်ဘွဲ့ ရ ပညာတတ် တယောက် မဟုတ်လေတော့ ခုထိ ယောင်ဝါးဝါး တွေးနေတုန်းပဲ။
တခုမေ့နေတယ်။ အင်္ဂလန်မှာ ပါရဂူဘွဲ့ ယူပြီး မြန်မာပြည်မှာ ပညာရှင် လုပ်ခဲ့တဲ့ ဒေါက်တာ သန်းထွန်း ဆိုရင်ကော ဘယ်လို ဖြေမယ်ထင်လဲ။ ဘယ်တက္ကသိုလ်မှာမှ ဘာ ပါရဂူဘွဲ့ မှ မရ ခဲ့ပေမယ့် အစိုးရ ကိုယ်တိုင် ရခိုင်-မြန်မာ ပဏ္ဍိပ်ဘွဲ့ ချီးမြှင့်ခံရတဲ့ ရခိုင် သမိုင်းပညာရှင် ဦး ဦးသာထွန်း ဆိုရင်ရော ဘယ်လို ဖြေမလဲ။ ၀ါကာဝါကာလိုတော့ အင်္ဂလိပ်လို ညှပ်ပြီး မပြောမှာတော့ သေချာတယ် … ဟဲဟဲ။                                                                                                                                             
                                                                                                          
                                                                                             ငချွန်းယေ
                                                                 
                                                      Written on November 14, 2011 at 5:00 am by Arakan Review                                                  
                                                                                                                                                                                        

No comments:

Post a Comment