Tuesday, November 6, 2012

ရခိုင်ပြည်နယ်မှာ နယ်ခြားစောင့်တပ် ထားသင့်တယ်- သခင်ချန်ထွန်း

 
                                                              သခင်ချန်ထွန်းဓာတ်ပုံ ( ညာမှ ဒုတိယမြောက် )                                                                                         
တစ်ချိန်က မြန်မာနိုင်ငံသားတွေ ၀က်သားဝယ်သွားရင် မွတ်စလင်တွေ မြင်ရင် အာပါတ်သင့်တဲ့အတွက် သေသေခြာခြာ ထုပ်ပိုး ၀ယ်သွားဖို့၊ ၀က်သားကို ဈေးတိုင်းမှာ အလွယ်တကူ မရောင်းဖို့ လွှတ်တော်မှာ အဆိုတင်သွင်းခဲ့တဲ့ ၀န်ကြီး.... သာဓု လူပါးဝတယ် အထဲက သက်တော်စောင့်နဲ့ ကားကို စည်းကမ်းမရှိ ဝေါခနဲမောင်းတဲ့ ၀န်ကြီး......

ကဲ သခင်ချန်ထွန်း စကားအရတော့ ရိုဟင်ဂျာဆိုတာ အဲ့ဒိဝန်ကြီးက စခဲ့တဲ့ နာမည်တဲ့..... မနေ့ တနေ့ကလေးကမှ သူ့အထိမ်းအမှတ်ပွဲကို ပြည်တွင်းနေတွေ ကျင်းပခဲ့သေးတယ်.... အသေးစိတ် သိချင်ဒီမှာ ဖတ်ကြည့်ပါဗျို့.....


ရခိုင်ပြည်နယ်မှာ နယ်ခြားစောင့်တပ် ထားသင့်တယ်- သခင်ချန်ထွန်း
Tuesday, November 6, 2012


ရခိုင်ပြည်နယ်ပဋိပက္ခမှာ အစိုးရက လုံခြုံရေးတိုးမြှင့်ချထားပြီး ထိန်းချုပ်နေတာကို ထောက်ခံတဲ့အကြောင်းနဲ့ နယ်ခြားစောင့်တပ်တတပ် ချထား အကောင်အထည်ဖော်သင့်တဲ့အကြောင်း အသက် ၉၂ နှစ်အရွယ် ၀ါရင့်နိုင်ငံရေးသမားကြီး သခင်ချန်ထွန်းက ပြောပါတယ်။

လက်ရှိ ရခိုင်ပြည်နယ်က ပဋိပက္ခအခြေအနေနဲ့ စပ်လျဉ်းလို့ သခင်ချန်ထွန်းကို မေးမြန်းထားပါတယ်။

ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ ဇွန်လကစဖြစ်တဲ့၊ အခု အောက်တိုဘာမှာလည်း တကျော့ပြန်ဖြစ်တာမှာ ၁၅၀ ကျော်လောက် သေဆုံးပြီး ၁ သိန်းကျော်လောက် ရွှေ့ပြောင်းနေထိုင်ရတာ ဘဘတို့လည်း ကြားရမှာပေါ့။ သက်ကြီးဝါကြီး နိုင်ငံရေးသမားတွေရဲ့အမြင်၊ အတွေ့အကြုံအရ ဒီပြဿနာတွေ ငြိမ်းအေးသွားအောင် ဘာတွေလုပ်သင့်တယ်လို့ ဘဘတို့ အကြံပြုချင်ပါလဲ။

“ဒုတိယကမ္ဘာစစ်တုန်းက ဂျပန်ဆုတ်ခွာတော့ အင်္ဂလိပ်၊ အမေရိကန်တပ်တွေက နောက်ကလိုက်တိုက်တော့ ဘင်္ဂလားဒေ့ရှ်ပေါ့၊ ဟိုတုန်းကတော့ အိန္ဒိယနယ်ထဲပေါ့။ အဲက ဘင်္ဂါလီတွေက ဒီဘက်လိုက်လာပြီး ရခိုင်တွေဘာတွေ ရိုက်နှက်ပြီးတော့ နေရာယူကြတာရှိခဲ့တယ်လေ။ ဒါက ၁၉၄၃-၄၄ လောက်က။ အဲဘက်မှာရှိတဲ့ ခေါ်တောတွေက သင်္ဘောမောင်း၊ ဘာမောင်းဆိုတော့ ခေါ်တောပဲခေါ်တာပေါ့။ သူတို့တွေက ဟိုဘက်မှာ ဆင်းရဲကျပ်တည်းတယ်ဆိုတော့ ဒီဘက်မှာချောင်လည်တော့ ဒီဘက်ကို ကူးချင်တာပဲ။ ဒီဘက်ကလည်း သူတို့ကို အမျိုးသားမှတ်ပုံတင်တို့ ဘာတို့လုပ်မပေးဘူးကြားတယ်၊ ဒါကလည်း အစိုးရ မူဝါဒအတိုင်းပေါ့။ သူတို့က ဒီနိုင်ငံသားမဟုတ်တဲ့အတွက်။ အခုက ဟိုကနေလာတာမှာ စစ်တပ်ကနေ စောင့်ရှောက်ထိန်းသိမ်းနေတယ်ဆိုတာက မှန်ကန်တဲ့အလုပ်လို့ မြင်ပါတယ်။ ဒါက ထိန်းရမှာပဲ။ သူတို့ကလည်း ဟိုဘက်က ဆင်းရဲကျပ်တည်းနေတယ်၊ လူကလည်း သိပ်များတော့ ဒီဘက်လာချင်တာပဲ။ ဒီဘက်ကျတော့လည်း ရခိုင်လူမျိုးက လူနည်းစုဖြစ်နေတော့ လူနည်းစုကို လူများစု အနိုင်ကျင့်ချင်တာပေါ့လေ။ ပစ္စည်းယူတာတို့ ဘာတို့လုပ်ကြတာပေါ့လေ။ အစိုးရက ဒါကို ပြတ်ပြတ်သားသား ကိုင်တွယ်ထိန်းသိမ်းပြီးတော့ နယ်ခြားစောင့်တပ်စခန်းတခုပါ ဖွင့်ထားဖို့ကောင်းတယ်လို့ မြင်ပါတယ်။ ဒါမှသာလျှင် ဟိုဘက်က ဘင်္ဂါလီတွေက လူအုပ်နဲ့ ဒီဘက်က ရခိုင်ရွာတွေကို ၀င်စီးနင်းတာတို့ ဘာတို့ မလုပ်နိုင်မှာ။ မဟုတ်ရင်နောင် နည်းနည်းအေးသွားပြီထင်နေတုန်း တခါပြန်ပြီးတော့ ဒီလိုလုပ်ဦးမှာပဲ။ သူတို့အနေနဲ့က လူဦးရေများပြီး ဆင်းရဲကျပ်တည်းတယ်လေ။”

အခု လတ်တလော ဖြစ်နေတဲ့ မီးရှို့ဖျက်ဆီးမှုတွေ အဆုံးသတ်ဖို့ဆိုရင် လူ့အဖွဲ့အစည်း ၂ ခုမှာ တဖွဲ့ဖွဲ့ကို ဖယ်ထုတ်လိုက်ရမလား။ အတူယှဉ်တွဲနေထိုင်ရမလားဆိုတာ ဘဘ အတွေ့အကြုံနဲ့ ယှဉ်ပြီးပြောပြပေးပါလား။
“များသောအားဖြင့် ရခိုင်အမျိုးသားတွေက သူ့ဘာသာသူ နေကြတာပေါ့။ ဟိုဘက်က ၀င်ဝင်လာပြီးတော့ လူဦးရေက ညီမျှသလိုဖြစ်လာတော့ ရိုက်ကြနှက်ကြ၊ လုယက်ကြပေါ့လေ၊ ဒီလိုလုပ်လာတာ။ ဒါက စောစောကတည်းက ထိန်းသိမ်းရမယ့်နေရာ။ ၁၉၅၆ တုန်းက ဘဘတို့ရောက်ဖူးတယ်လေ။ ဦးရာရှစ်က ၁၉၅၂ ခုနှစ်မှာပြောတယ်။ ရိုဟင်ဂျာဆိုတာ ဦးရာရှစ်ပေးတဲ့ နာမည်။ အမှန်ကတော့ ခေါ်တောပဲ။ ရိုဟင်ဂျာပဲ တိုင်းရင်းသားလိုလို နာမည်ပေးလိုက်တော့ ရိုဟင်ဂျာ ရိုဟင်ဂျာဆိုပြီး သတင်းစာကရေး ဘာရေးရေးတာ။ မိန်းမ ၄ ယောက်ရှိတဲ့ ဘင်္ဂါလီ ၁ ယောက်ရှိတယ်။ သူက ဟိုဘက်ပြေး၊ ဒီဘက်ပြေး ဟိုကဖမ်း ဒီဘက်ပြေးနဲ့ ဒီဘက်ကဖမ်း ဟိုဘက်ပြေးနဲ့။ မိန်းမ ၄ ယောက်က ဟိုဘက်ရော ဒီဘက်ကရော ယူထားတာ။”

“ဦးရာရှစ်ဆိုတာက စက်မှုလက်မှုဝန်ကြီးဟောင်း ဖဆပလ အစိုးရခေတ်၊ ၁၉၃၆ ခုနှစ် သပိတ်တုန်းက သူက အင်္ဂလိပ်စကားလည်းပြောတတ်တော့ ဦးနုက ဥက္ကဋ္ဌပေမယ့် သူက ဒု-ဥက္ကဋ္ဌပေမယ့် အကုန်ခြယ်လှယ်သွားတော့၊ ဦးနုက ၀န်ကြီးချုပ်ဖြစ်တော့ ဦးရာရှစ်ကို ခေါ် ၀န်ကြီးပေးခဲ့တာ။ လူကတော့ သိပ်တော်တယ်၊ သိပ်လျင်တယ်။ သူက ဦးရာရှစ်နှင့် ကုမ္ပဏီတွေဖွင့်ခဲ့တယ်။ ဟသာင်္တ ဦးမြတို့ဘာတို့ဆိုရင် သူ့ကုမ္ပဏီတွေပါလို့ဆိုပြီး ဖဆပလက ထွက်တာတွေဘာတွေ လုပ်ခဲ့တယ်။ ဦးရာရှစ်က မဂိုလမ်းမှာ ဦးရာရှစ်ကုမ္ပဏီဆိုပြီး ဆိုင်းဘုတ်ကြီးနဲ့။ သို့သော်လည်း အဘတို့လည်း အဲဒီတုန်းက ပါလီမန်အမတ်ဖြစ်နေတော့ ပါလီမန်ဆွေးနွေးပွဲတွေမှာ ပြောခဲ့ပါတယ်။ ပြောတော့ ဦးနုက သိပ်ပြီး ဦးရာရှစ်ကို အားထားတယ်။ အားကိုးတော့ မကြိုက်ရင်ထွက်သွားဆိုပြီး အဘတို့ကို ဒီလောက်ထိအောင် လေသံက သုံးတာကို ခံခဲ့ရတယ်။ ဦးရာရှစ်က အဲဒီကျမှ နိုင်ငံသား လျှောက်တာ။ နိုင်ငံသား ရကာစရှိသေးတယ်။ ဖဆပလ အမတ်ပေါင်းစုံ အစည်းအဝေးမှာ ဦးနုက ၀န်ကြီးစာရင်း တင်ပြတဲ့အခါမှာ ဒီလောက်တော့ မသင့်ပါဘူး၊ သူ့ကိုတော့ ပြန်စဉ်းစားပေးပါ။ အမတ်တွေက ပြောကြတာ။ အဘလည်း ပါတယ်။ ပြောကြတဲ့အခါမှာ မကြိုက်ရင် ထွက်သွားဆိုတဲ့ စကား ဦးနုက သုံးခဲ့တာ။ ဦးရာရှစ်ကို သူက ဒီလောက် အားထားတယ်၊ ယုံကြည်တယ်။ ဘာလို့ဆိုတော့ ၃၆ ခုနှစ် ကျောင်းသားသပိတ်မှောက်ပွဲတုန်းက ဦးနုက ဥက္ကဋ္ဌ။ ဦးရာရှစ်က သပိတ်နဲ့ပတ်သက်ပြီး အင်္ဂလိပ်စကားလည်း တော်တော်ပြောတတ်တော့ တွေ့ဆုံဆွေးနွေးတဲ့နေရာမှာ ရှေ့ဆောင်ပြီး သေသေချာချာ ရေရေလည်လည် ပြောတတ်တော့ သူ့ကို ဦးနုက အားကိုးတယ်။


အဲဒါဆို ဦးရာရှစ်နဲ့ ရိုဟင်ဂျာနဲ့က ဘယ်လိုပတ်သက်လဲ။
“ဦးရာရှစ်က ၀န်ကြီးဆိုတော့ ရိုဟင်ဂျာဆိုပြီး သူက နာမည်ပေးလိုက်တာ။ ဘင်္ဂါလီတွေလို့ပဲ အားလုံးက မြင်နေတာ။ သို့သော် ရိုဟင်ဂျာက ဗမာပြည်ရဲ့ လူမျိုး ၈၀ ထဲမှာ လူမျိုးတမျိုးအနေနဲ့ မပါပါဘူး။ သူကတော့ နာမည်ပေးလိုက်တာပေါ့။ ဒါပေမယ့် အဲဒီတုန်းက အခြေအနေအရ သူက ပြောတာပေါ့။”
အဲဒါကို အဘတို့ လွှတ်တော်က အသိမှတ်ပြုလိုက်လား ရိုဟင်ဂျာကို။

“လွှတ်တော်က မပြုပါဘူး။ ပြင်ပမှာပါပဲ။ လွှတ်တော်ကို မရောက်လာပါဘူး။ လွှတ်တော်အမတ်တွေအနေနဲ့ နိုင်ငံရေးအနေနဲ့ ဒါတွေက သိနေရတာကို။ ရခိုင်ကလည်း ဖဆပလမှာရှိတော့ ရခိုင်အမျိုးသားတွေဘက်က တာဝန်အရ လိုက်ရမှာပေါ့။ ဟိုဘက်က ရိုဟင်ဂျာလို့ ခေါ်တဲ့ ခေါ်တောတွေပေါ့။ နောက်တော့မှ ရိုဟင်ဂျာဆိုတာ ဦးရာရှစ်ပေးတဲ့ နာမည်။ အဲတော့ သူတို့က နယ်ချဲ့လာတာပေါ့။ ဟိုဘက်ကနှင်တော့ ဒီဘက်တိုးသလောက်တိုးပြီး ကျန်ရစ်ခဲ့တာပေါ့။ အဲဒါကနေ အခုလာပြီးတော့ ဒီဘက်ကို ထပ်ပြီးဝင်ချင်တော့ ရခိုင်ရွာတွေကို ရိုက်နှက်၊ ဖျက်ဆီး မောင်းနှင်တာပေါ့ မနေနိုင်အောင်လုပ်ကြတယ်လို့ မြင်ပါတယ်။”

စစ်အစိုးရလက်ထက်မှာ နှစ်ပေါင်း ၂၀ လောက် ရိုဟင်ဂျာနဲ့ ပတ်သက်ပြီး ဗမာပြည်က မောင်းထုတ်တယ်ဆိုပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းတွေမှာ သွားပြီးတော့ ခိုလှုံနေကြတဲ့ ရိုဟင်ဂျာတွေကို ကမ္ဘာကလည်း စာနာကြတယ်၊ အခုလည်းကျရော ရိုဟင်ဂျာကိစ္စက တုတ်၊ ဓားတွေနဲ့ အပြန်အလှန် မီးရှို့သတ်ဖြတ်နေကြတာတွေက ဗမာပြည်ရဲ့ နိုင်ငံရေးအပြောင်းအလဲမှာ ကမ္ဘာကလည်း စိတ်ဝင်စားနေတယ်။ ဗမာပြည်က ခေါင်းဆောင်တွေလည်း အမေရိကန်၊ အင်္ဂလန်တွေ သွားနေတဲ့အချိန်၊ ပြုပြင်ပြောင်းလဲမှု လုပ်နေတဲ့အချိန်မှာ အချိန်ကိုက် ဖြစ်လာတာက ဘာကြောင့်လို့ သုံးသပ်မိပါသလဲ။

“ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်ကတော့ အစကလည်း ရှိတယ်လေ။ ဟိုဘက်က သိပ်ပြီး ဆင်းလည်းဆင်းရဲတယ်၊ အလုပ်ကလည်း ရှားပါး၊ လူဦးရေကလည်း သိပ်ပြီး ထူထပ်လာတော့ ဒီဘက်ကို သဘာဝအတိုင်း လာပြီး ရခိုင်ရွာတွေကို မီးရှို့ဖျက်ဆီးပြီး သူတို့က တက်နေကြတာ၊ ဒီဘက်မှာ နေလို့ရအောင် လုပ်တာ။ ဒီဟာတွေက သူတို့ရဲ့ ဆင်းရဲမှု အခြေအနေတွေအရ၊ လူဦးရေကလည်း များများလာတဲ့အခြေအနေအရ ရခိုင်က လူနည်းစုလို ဖြစ်သွားတယ် ရွာလေးတွေက။ အဲမှာ အနိုင်ကျင့်ပြီး အိမ်တွေဖျက်၊ မီးရှို့ပြီး လူတွေ မနေနိုင်အောင် မောင်းထုတ်နေကြတယ်လို့ ဒီလိုပဲ ယူဆတယ်၊ မြင်တယ်။

DVB

No comments:

Post a Comment