Wednesday, November 7, 2012

ရခိုင်နယ်စပ်ဒေသ ၊ ခိုးဝင်သူ နှင့် လာဘ်ပေးမှုပြဿနာ

                                                                                           
စစ်တွေ ၊ ၀၈ နိုဝင်ဘာ ၂၀၁၂ ၊ Coral Arakan News ၊ [ op-Ed ]

မြန်မာနိုင်ငံသည် ကမ္ဘာ့လူဦးရေအများဆုံး နိုင်ငံများနှင့် ထိစပ်လျက်ရှိပါသည်။ အရှေ့မြောက်ဖက်တွင် တရုတ်နိုင်ငံ (လူဦးရေသန်းပေါင်း ၁၃၃၀ခန့် ) ၊ အနောက်မြောက်ဘက်တွင် အန္ဒိယနိုင်ငံ (လူဦးရေသန်းပေါင်း ၁၁၇၀ခန့်)၊ အနောက်ဖက်တွင် ဘင်္ဂလာဒေ့ရှ်နိုင်ငံ (လူဦးရေသန်းပါင်း၁၆၀ခန့်) တို့ရှိကြသည်။ ယင်းအနက် ရခိုင်ပြည်နယ်သည် လူဦးရေသန်း(၁၆၀)ခန့်ရှိသော ဘင်္ဂလာဒေ့ရှ်နှင့်လည်းကောင်း လူဦးရေသန်း(၁၁၇၀) ခန့်ရှိသော အိန္ဒိယနိုင်ငံနှင့်လည်းကောင်း ထိစပ်လျက်ရှိပါသည်။

ဘင်္ဂလာဒေ့ရှ်သည် မြန်မာနိုင်ငံအကျယ်အ၀န်း၏ ငါးပုံတစ်ပုံ (၅၅၅၉၈ စတုရန်းမိုင်) သာရှိပြီး လူဦးရေမှာ သုံးဆခန့်ပိုများပါသည်။ တစ်စတုရန်းမိုင်တွင် လူဦးရေ(၂၈၂၇) ဦးနေထိုင်သဖြင့် သိပ်သည်းဆမှာ ပေါက်ကွဲလုမတတ်ရှိသည်။ ဘင်္ဂလာဒေ့ရှ်တွင် လူဦးရေတိုးနှုန်းမြင့်မားပြီး လူဦးရေ သိပ်သည်းလွန်းမှု၊ နေထိုင် လုပ်ကိုင်စားသောက်ရန် မြေနေရာရှားပါးမှု၊ (ဘင်္ဂလာဒေ့ရှ်၏ မြေဧရိယာအများစုမှာ မြစ်ဝကျွန်းပေါ်ဒေသများဖြစ်ပြီး ဒီရောက်တောများဖြင့် ဖုံးလွှမ်းနေကာ မုန်တိုင်းကြောင့် ရေလွှမ်းမိုးမှု မကြာခဏဖြစ်ပေါ်သဖြင့် လူအခြေချနေထိုင်ရန် မြေနေရာရှားပါးလှသည်။)၊ စားနပ်ရိက္ခာရှားပါးမှု၊ အလုပ်အကိုင်ရှားပါးပြီး ဆင်းရဲမွဲတေမှုကြောင့် (တစ်နေ့ဝင်ငွေ ၁.၂၅ ဒေါ်လာအောက်သာရှိသည်။) နိုင်ငံကိုစွန့်ခွာသွားလိုသူ တစ်နေ့တစ်ခြား များပြားလျက်ရှိသည်။ အများစုမှာ နယ်ချင်းစပ်နေသော အိန္ဒိယနိုင်ငံနှင့် ရခိုင်ပြည်နယ်သို့ ၀င်ရောက်နေထိုင်ရန် ကြိုးပမ်းလေ့ရှိကြသည်။

အိန္ဒိယက ဘင်္ဂလာဒေ့ရှ် နယ်စပ်တစ်လျှောက် ခြံစည်းရိုးများ (ယခုအထိ ၁၇၉၀မိုင် ရှိနေပြီဖြစ်သည်။ ၁၉၈၆-ခုနှစ်မှ စတင်တည်ဆောက်ခဲ့သည်) ကာရံထားပြီး ပစ်ခတ်မိန့်များပင် ပေးထားကြောင်း သိရသည်။ ယင်းသို့ ခြံစည်းရိုးကာရံခဲ့သော်လည်း ယနေ့အထိ ဘင်္ဂလာဒေ့ရှ်နိုင်ငံသား သန်း(၂၀)ခန့် အိန္ဒိယ အတွင်းသို့ရောက်ရှိနေခဲ့ပြီဟု သိရသည်။ ရခိုင်ပြည်နယ်ဖက်တွင်လည်း ခေတ်အဆက်ဆက် ခိုးဝင်မှုများ အဆက်မပြတ်ရှိခဲ့သည်။ ၂၀၀၉-ခုနှစ်တွင် နတ်မြစ်ကမ်းတစ်လျှောက် သံဆူးကြိုး ကာခြင်းကို မြန်မာဖက်မှ စတင်ခဲ့သော်လည်း ယခုအထိ ပြီးစီးခြင်းမရှိသေးသဖြင့် ထိရောက်သော တားဆီးမှုများ မပြုလုပ်နိုင်သေးချေ။

၂၀၀၀-ခုနှစ် နောက်ပိုင်းတွင် မြန်မာအစိုးရက နယ်စပ်ဒေသထိန်းချုပ်မှုများ ပိုမိုပြုလုပ်လာသဖြင့် ပင်လယ်ရေကြောင်းမှ ထိုင်း၊ မလေးရှား ၊ အင်ဒိုနီးရှားသို့တိုင် လှေစီးထွက်ခွာမှုများ ရှိလာခဲ့သည်။ စွန့်စားထွက်ခွာသူများလွန်းသဖြင့် ၂၀၁၂-ခုနှစ်သို့ရောက်သောအခါ လူကုန်ကူးသူများ၏ ဈေးကွက်တစ်ခု အဖြစ်သို့ပင်ရောက်လာခဲ့သည်။ ၂၀၁၂-ခုနှစ် ဇူလိုင်လက ဂွမြို့နယ်အတွင်း ဘင်္ဂါလီလူမျိုး (၇၀)ခန့်ကို လူကုန်ကူးသည့် မော်တော်ဘုတ်ဖြင့် ဖမ်းဆီးရမိခြင်း ၊ ၂၀၁၂-ခုနှစ် ဇူလိုင်လ (၂၀)ရက်နေ့ကလည်း ဘင်္ဂါလီလူမျိုး(၉၀)ဦးကို ပေါက်တောမြို့နယ် သဲခုံ၌ လူကုန်ကူးသည့် မော်တော်ဘုတ်ဖြင့် ဖမ်းဆီးရမိခြင်း တို့က အထင်အရှား သက်သေခံနေကြသည်။ ယင်းသို့ ခရီးရှည် ခရီးကြမ်းများကိုပင်လျှင် အသက်စွန့်၍ သွားရောက်နေကြလျှင် နယ်ချင်းစပ်နေသော ရခိုင်ပြည်နယ်သို့ ဘင်္ဂါလီဦးရေ မည်မျှအထိခိုးဝင်နေခဲ့ကြပြီကို တွက်ဆရန်မှာ ကြက်သီးထစရာပင် ဖြစ်သည်။
                                                                                           

မည်သို့ပင်ဆိုစေ ရခိုင်ပြည်နယ်တွင် ခိုးဝင်ဘင်္ဂါလီ အများအပြား ရှိနေပြီကိုကာ အရှိတရားတစ်ခုအဖြစ် လက်ခံ ထားရမည် သာဖြစ်သည်။ ယင်းခိုးဝင်ဘင်္ဂါလီများကြောင့် လူမှုရေး ၊ စီးပွားရေး အခြေအနေများတွင် လွန်စွာရှုပ်ထွေးလာခဲ့ပြီး အုပ်ချုပ်ရေးယန္တရား (အထူးသဖြင့် ရခိုင်မြောက်ပိုင်းဒေသ)တွင် တရားဥပဒေ စိုးမိုးမှုလွန်စွာ လျော့ရဲအားနည်းလာခဲ့ကြောင်းတွေ့ရပါသည်။ ခိုးဝင်သူဘင်္ဂါလီများမှာ ဥပဒေအရ တရားဝင်နေထိုင်ခွင့်ရှိသူများ မဟုတ်ကြသဖြင့် ဥပဒေကို အစဉ်ကြောက်ရွံ့နေကြရသူများဖြစ်သည်။ ယင်းကြောက်ရွံ့နေရမှုများ လျော့နည်းသက်သာစေရေးအတွက် အုပ်ချုပ်ရေးယန္တရားအတွင်းရှိ ၀န်ထမ်းအဆင့်ဆင့်အား လာဘ်ငွေ နှင့် ရုပ်ဝတ္တုပစ္စည်းများ (ဥပမာ ဆန်၊ ဆီ၊ သားငါး၊ အိမ်အသုံးအဆောင် စသည်တို့)အား စဉ်ဆက်မပြတ်ပေးကမ်းကာ ဆက်လက်နေထိုင်ခွင့်ရရေးအတွက် ကြိုးစားလေ့ရှိကြသည်။

အုပ်ချုပ်ရေးယန္တရားအတွင်း ၀န်ထမ်းအဆင့်ဆင့်မှာလည်း ယင်းသို့လာဘ်ငွေနှင့် ရုပ်ဝတ္တုပစ္စည်းများ မယူချင်အဆုံး ရရှိနေကြ၍ ခိုးဝင်ဘင်္ဂါလီများကို အရေးတယူ ဖမ်းဆီးမှု မပြုတော့ဘဲ လက်သပ်မွေးထားကာ ၀င်ငွေရလမ်းတစ်ခုအဖြစ် ခေတ်အဆက်ဆက် ဖန်တီးထားခဲ့ကြသည်။




                                                                                                    

ခိုးဝင်ဘင်္ဂါလီများအနေဖြင့် နေထိုင်မှုကြာပြီး အတည်တကျဖြစ်လာသောအခါ တစ်ဆင့်တက်၍ တိုင်းရင်းသားများ (နိုင်ငံသားလက်မှတ် ကိုင်ဆောင်ခွင့်ရှိသူ) သာ လုပ်ကိုင်ဆောင်ရွက်ခွင့်ရှိသော လုပ်ငန်းနှင့် ပိုင်ဆိုင်ခွင့်များကို သက်ဆိုင်ရာ ၀န်ထမ်းများသို့ လာဘ်ပေး၍ ရယူဆောင်ရွက်လာကြပြန်သည်။ ယင်းလုပ်ငန်းများမှာ နိုင်ငံသားလက်မှတ်ရှိမှ လုပ်ပိုင်ခွင့်ရှိသော လယ်မြေပိုင်ဆိုင်ခွင့်၊ ဆန်စက်ထူထောင်ခွင့်၊ ငါးဖမ်းနှင့် ခရီးသွားစက်လှေ ထူထောင်ပိုင်ခွင့်၊ ဈေးများ၌ ဆိုင်ရောင်းချခွင့်၊ နယ်စပ်ကုန်သွယ်ရေးလုပ်ပိုင်ခွင့် စသည်ဖြင့် အရေးပါသည့် လုပ်ငန်းများဖြစ်ပြီး လာဘ်ငွေပေးခြင်းဖြင့် လုပ်ပိုင်ခွင့်ရရှိသွားခဲ့ကြသည်။ ယင်းလုပ်ငန်းများမှ တစ်ဖက်နိုင်ငံနှင့် အဆက်အသွယ်ရှိသော ခိုးဝင်ဘင်္ဂါလီများအတွက် ၀င်ငွေရလမ်းမြောက်များစွာကို ဖန်တီးနိုင်ခဲ့သည်။ ၀န်ထမ်းအဆင့်ဆင့်အားလည်း မက်လောက်အောင် ပုံအော၍ လာဘ်ထိုးနိုင်ခဲ့ကြသည်။ ယင်းသို့ငွေကြေး အရင်းအနှီးများစွာကို ပိုင်ဆိုင်လာသောအခါ ဒေသအတွင်း သြဇာအာဏာထူထောင်နိုင်ရေးအတွက် အုပ်ချုပ်မှုယန္တရားမှ ထိပ်တန်းခေါင်းဆောင်များအထိ ပေါက်မြောက်နီးစပ်အောင် နည်းအမျိုးမျိုးဖြင့် ချဉ်းကပ် ဆောင်ရွက်ခဲ့ကြသည်။

ဤသို့ဖြင့် ဒေသခံ တိုင်းရင်းသား ရခိုင်လူမျိုးများကပင် ရရှိခံစားခွင့်မရှိသော အထူးအခွင့်အရေးများကို တရားမ၀င်ရယူနိုင်လာခဲ့ကြသည်။ စီးပွားရေး၊ လူမှုရေး၊ ဘာသာရေးတို့တွင် တိုင်းရင်းသားရခိုင်များနှင့် ယှဉ်ပြိုင်စရာ ဖြစ်လာခဲ့ပါကလည်း ထိပ်တန်းအုပ်ချုပ်သူ အာဏာပိုင်များကို အသွင်အမျိုးမျိုးဖြင့် ချဉ်းကပ်၍ တိုင်းရင်းသားများအပေါ် ဗိုလ်ကျအနိုင်ယူနိုင်အောင် ဆောင်ရွက်ခဲ့ကြသည်။ ဤသို့ဖြင့် နိုင်ငံ့ဝန်ထမ်း လောကတွင် “ကုလားလာရင် ပိုက်ဆံပါ၊ ရခိုင်လာရင် ပြဿနာရှာ” ဟူသော ဆိုရိုး ပေါ်ပေါက်ရသည်အထိ ပျက်စီးခြင်းငါးပါးတိုင်ခဲ့ရသည်။

ယင်းမှတစ်ဆင့်တက်၍ အရေးအကြီးဆုံးဖြစ်သည့် “နိုင်ငံသားလက်မှတ်” ရရှိကိုင်ဆောင်နိုင်ရေးအတွက် အာဏာရှိပုဂ္ဂိုလ်များအား နည်းမျိုးစုံဖြင့် ချဉ်းကပ်၍ တရားမ၀င်ရယူကိုင်ဆောင်ခဲ့ကြကြောင်း တွေ့ရသည်။ (ဤတွင် အချို့လ၀က အရာရှိများအနေဖြင့် ခိုးဝင်ဘင်္ဂါလီများကို နိုင်ငံသားလက်မှတ်ထုတ်မပေးလိုသော်လည်း နိုင်ငံအပေါ်သစ္စာမဲ့သော အာဏာပိုင်ဆိုသူအချို့က နှုတ်အမိန့်ညွှန်ကြားချက်များဖြင့် အတင်းအဓမ္မ ခိုင်းစေ သဖြင့် ထုတ်ပေးခဲ့ရကြောင်း သိရပါသည်။) ဤသို့ ၁၉၈၂-ခုနှစ် မြန်မာနိုင်ငံသားဥပဒေအရ မည်သို့မျှ နိုင်ငံသားလက်မှတ် ရနိုင်စွမ်းမရှိသူ ဘင်္ဂါလီ အများအပြားကို ရခိုင်ပြည်နယ်အတွင်း၌လည်းကောင်း၊ မြန်မာနိုင်ငံ အနှံ့အပြား၌လည်းကောင်း တွေ့မြင် နေရပါသည်။ ရခိုင်တိုင်းရင်းသားများမှာ ဤဖြစ်ရပ်အား သိသိကြီးဖြင့် အံကြိတ်ရင်းငုံ့ခံနေခဲ့ကြရပါသည်။ (ဤဘင်္ဂါလီများအနက် နိုင်ငံတော်၏ကျေးဇူးသစ္စာကို မစောင့်သိဘဲ ‘ရိုဟင်ဂျာ’ လှုပ်ရှားမှုများ၌ ပါဝင်နေကြသော၊ နောက်ကွယ်မှကြိုးကိုင်နေကြသော ဘင်္ဂါလီများကို ဖော်ထုတ်အရေးယူနိုင်ရန် ၀ိုင်းဝန်းဆောင်ရွက် သင့်ကြပါ သည်။)

တရားဝင်မဟုတ်သော်လည်း နိုင်ငံသားလက်မှတ်လက်ဝယ်ရှိနေသော ဘင်္ဂါလီများမှာ ရခိုင်ပြည်နယ်တွင်သာမက ရန်ကုန်မြို့အပါအ၀င် မြို့ကြီးများ၌ စီးပွားရေးလုပ်ငန်းကြီးများထူထောင်ကာ နိုင်ငံ၏ စီးပွားရေးကို ချယ်လှယ်သော အဆင့်သို့ ရောက်လာခဲ့သည်။ စီးပွားရေးလုပ်ပိုင်ခွင့်အတွက် အဆင့်တိုင်းတွင် ဘင်္ဂါလီတို့၏ သဘာဝအတိုင်း လာဘ်ပေးကာ ဆောင်ရွက်ခဲ့ကြသဖြင့် ကြီးကျယ်သော အဆင့်သို့ ရောက်ရှိသွားနိုင်ခဲ့ကြသည်။ အထူးသဖြင့် ဆောက်လုပ်ရေးလုပ်ငန်း၊ ကားအရောင်းအ၀ယ်လုပ်ငန်းများတွင် ရှေ့တန်းရောက်အောင် ဆောင်ရွက်ခဲ့ကြသည်။ ဗမာ၊ ရခိုင် စသော တိုင်းရင်းသားများမှာ တိုင်းရင်းသားဖြစ်၍ လုပ်ပိုင်ခွင့် အပြည့်အ၀ရှိသည်ဟု ခံယူကာ လာဘ်ပေးစေလို စိတ်မရှိသဖြင့် ဘင်္ဂါလီများအား မယှဉ်ပြိုင်နိုင်ဘဲ လုပ်ငန်းနယ်ပယ်အများအပြား၌ နောက်သို့ရောက်သွားခဲ့ကြသည်။ ဤကား နယ်စပ်မှ ခိုးဝင်သူ ဘင်္ဂါလီများ၏ အကျင့်စရိုက်ကြောင့် ၀န်ထမ်းများ အကျင့်စာရိတ္တပျက်စီးရကာ နယ်စပ်စည်းရိုးများ ကျိုးပေါက်ခဲ့ရခြင်း အကြောင်းတရားများပင်ဖြစ်သည်။

ဤသို့ ခိုးဝင်သူများကြောင့် ထိုင်းနိုင်ငံတွင်လည်း လူဝင်မှုကြီးကြပ်ရေးရဲများ နှင့် ပုလိပ်တပ်ဖွဲ့ဝင်များ စာရိတ္တပျက်ပြားကာ ထိန်းမနိုင် သိမ်းမရ ဖြစ်နေကြောင်း ကြားသိရပါသည်။ နယ်စပ်ခြံစည်းရိုးကာပြီး ပစ်သတ်မိန့်များ ပေးထားသော အိန္ဒိယနယ်စပ်၌ပင် ဘင်္ဂါလီများ၏ လာဘ်ပေးမှုဒဏ်ကို မခံနိုင်သဖြင့် အကျင့်ပျက်ခြစားမှုများ ရှိနေကြောင်း သိရသည်။ အမေရိကန်သို့ ခိုးဝင်သော မက္ကစီကို နယ်စပ်၌ပင် ရံဖန်ရံခါ လာဘ်ပေးမှုများရှိကြောင်းသိရသဖြင့် ခိုးဝင်သူ နှင့် လာဘ်ပေးမှုသည် တွဲနေသည့် သဘာဝပင်လားဟု စဉ်းစားရမလို ဖြစ်နေပါသည်။ ခိုးဝင်သူမှာ သူ၏တရားမ၀င်မှုကြောင့် အချိန်မရွေးလာဘ်ပေးရန် အဆင်သင့် ဖြစ်နေတတ်ပါသည်။ နောက်ဆုံးအဆင့် အသက်အန္တရယ်ကြုံလာလျှင် ရှိသမျှစည်းစိမ်အားလုံးကို ပုံပေးရန် ၀န်လေးမည် မဟုတ်ချေ။

တစ်ဖက်နိုင်ငံမှ လူခိုးဝင်မှုသည် မြန်မာနိုင်ငံတွင်သာ ဖြစ်နေခြင်းမဟုတ်ဘဲ အခြားသော ကမ္ဘာ့ဒေသများတွင်လည်း ဖြစ်ပွားလျက်ရှိကြောင်းသိရသည်။ သြစတြေလျသို့ အာဖဂန် နှင့် သီရိလင်္ကာ မှ လူများ ရေကြောင်းဖြင့် ခိုးဝင်မှု၊ သီရိလင်္ကာ မှ အိန္ဒိယ တမီးလ်နာဒူးမှ တမီးလ်များ ခိုးဝင်မှု၊ မက္ကဆီကိုမှ အမေရိကန်သို့ နယ်စပ်မှ ခိုးဝင်မှု၊ ဘင်္ဂလာဒေ့ရှ်မှ အိန္ဒိယသို့ နယ်စပ်မှ ခိုးဝင်မှု၊ ဘင်္ဂလာဒေ့ရှ်မှ ထိုင်းနှင့် မလေးရှားသို့ ပင်လယ်ရေကြောင်းမှ ခိုးဝင်မှုတို့သည် ထင်ရှားသော ဖြစ်ရပ်များဖြစ်သည်။ ဘင်္ဂလာဒေ့ရှ်မှ အိန္ဒိယသို့ ခိုးဝင်သူ သန်းနှစ်ဆယ်ခန့်၊ မက္ကဆီကိုမှ အမေရိကန်သို့ ခိုးဝင်သူ (၁၁.၂)သန်းခန့် ရှိမည်ဟု ခန့်မှန်းချက်များ ရှိသည်။ ရခိုင်ပြည်နယ်တွင် ခိုးဝင်သူနှင့် ယင်းမှ ပေါက်ပွားသူ ရှစ်သိန်း(အချို့က ဆယ်သိန်းအထိ ခန့်မှန်းကြသည်) အထိရှိနေပြီ ဖြစ်သည်။

၂၀၁၂-ခုနှစ် ဇွန်လအတွင်း ဘင်္ဂလီဆူပူမှု ဖြစ်ပွားခဲ့ရာတွင် သေကြေသူ ဘင်္ဂါလီ နှင့် ရခိုင်လူမျိုးများ အရေအတွက်မှာ ရှစ်ဆယ်ခန့်ရှိခဲ့သည်။ ငွေကြေးတန်ဖိုးအားဖြင့် ကြီးစွာ ဆုံးရှုံးခဲ့ကြရသည်။ သတ်ဖြတ်ခံရသော ရခိုင်အများစုမှာ လည်လှီးသတ်ဖြတ်ခံရခြင်း၊ မီးရှို့သတ်ဖြတ်ခံရခြင်း၊ ခန္ဓာကိုယ်အား အပိုင်းပိုင်းလှီးကာ သတ်ဖြတ်ခံရခြင်း၊ ဖုတ်ကင်၍စားပြခြင်း စသော လူမဆန်စွာ ရက်ရက်စက်စက် ပြုမူခြင်းကို ခံခဲ့ကြရသည်။ ဤဒဏ်ရာဓဏချက်များ အနာအကင်းမသေသေးမီ ဇွန်လအရေးအခင်းမျိုးတဖန် ကြုံကြရပြန်သည်။

ရခိုင်ပြည်တွင် ခံစားနေရသော ခိုးဝင် ဘင်္ဂါလီများအရေးကို မကြာသောအချိန်အတွင်း တစ်စုံတရာ ပြီးပြတ်အောင် ဖြေရှင်းကြရတော့မည်။ ဘင်္ဂါလီများကား လာဘ်ပေးရန်၊ ၀န်ထမ်းများကို ဖျက်ဆီးရန် အဆင်သင့် အနေအထားတွင် ရှိနေကြသည်။ နည်းနည်းပေး၍ မရလျှင် များများပေးကြလိမ့်မည်။ များများပေး၍ အလုပ်မဖြစ်လျှင် ပုံအော၍ပေးရန် ကြံစည်ကြပေလိမ့်မည်။ ပုံအောပေး၍ မပြတ်လျှင် ၂၀၁၂-ခုနှစ် ဇွန်လ နှင့် အောက်တိုလာလ တို့တွင် ဖြစ်ခဲ့သော ဆူပူတိုက်ခိုက်မှုများကို တစ်ဖန်ပြန်၍ ဖန်တီးကြမှာ သေချာသည်။

ဘင်္ဂါလီတို့၏သဘောကို ရခိုင်ပြည်နယ်၌သာမဟုတ်၊ အခြားဒေသများ၌လည်း တွေ့နေရသည်။ ၂၀၁၂-ခုနှစ် ဇူလိုင်လအတွင်းက အိန္ဒိယနိုင်ငံ အာသံပြည်နယ်၌ ဘိုဒိုလူမျိုးစု (ဒေသခံမွန်ဂိုလွိုက် တိုင်းရင်းသားများ) နှင့် ခိုးဝင် ဘင်္ဂါလီများ အကြားအဓိကရုဏ်းဖြစ်ပွား၍ ညမထွက်ရအမိန့်ထုတ်ပြန်ကာ အခြေအနေကို ထိန်းသိမ်းခဲ့ရသည်။ ဘင်္ဂါလာဒေ့ရှ်မှ ခိုးဝင်လာသူများကြောင့် (ဒေသခံ)ဟိန္ဒူတို့အဖို့ရာ ဘာသာပြောင်းလျှင်ပြောင်း မပြောင်းလျှင် ပင်လယ်ထံသို့ ဂျောင်း ကြတော့ရန်သာရှိတော့သည် ဟု အနောက် ဘင်္ဂလားပြည်နယ်မှ အထင်ကရ နိုင်ငံရေးသမားတစ်ဦးဖြစ်သည့် တပ်ဟာဂွတာရွိင် က ပြောသည်ကို ကြားဖူးပါသည်။

သို့ရာတွင် ရခိုင်တို့ကား ဗုဒ္ဓဘာသာကို မစွန့်လွှတ်နိုင်သလို ရခိုင်မြေကိုလည်း တစ်လက်မမျှပင် အဆုံးအရှုံး ခံကြမည် မဟုတ်ချေ။ ရခိုင်နယ်စပ်တွင် ၁၉၈၂-ခုနှစ် မြန်မာနိုင်ငံသားဥပဒေ အတိုင်း နိုင်ငံ့ဝန်ထမ်းများက ခိုးဝင်သူများအားစိစစ်ကြရသောအခါ လာဘ်ပေးမှုမှာ နံပါတ်တစ် သတိမူကြရမည့် ရန်သူကြီး ဖြစ်သည်။

                                                                                             
 
ခိုးထုပ်ခိုးထည်နှင့်မိလျှင် ရရှိမည့်ပြစ်ဒဏ်တွေကတော့ အဆင်သင့်ရှိနေပါ၏။ နိုင်ငံသားဥပဒေ ပုဒ်မ(၁၈) အရ ခိုးဝင်သူဘက်မှ ကျူးလွန်လျှင် ထောင်ဒဏ် ဆယ်နှစ် နှင့် ငွေဒဏ် ငါးသောင်း ကျခံရမည်ဖြစ်ပြီး၊ အားပေးကူညီသူများကမူ ပုဒ်မ(၁၉)အရ ထောင်ဒဏ် ခုနစ်နှစ် နှင့် ငွေဒဏ်တစ်သောင်း ကျခံစေရမည်ဖြစ်သည်။ သို့ရာတွင် သိန်းနှင့်ချီသော ဘင်္ဂါလီများထံမှ ထိုးဖောက်ဝင်ရောက်လာမည့် လာဘ်ငွေများကို သာမန် စိတ်ဓါတ်ကြံ့ခိုင်မှုမျိုးဖြင့် ကြံ့ကြံ့ခံနိုင်ရန်မှာ မလွယ်လှချေ။ ခိုင်ကျည်သော အမျိုးသားရေးစိတ်ဓါတ် ရှိသူများကိုသာ စိစစ်ရေးအလုပ်အတွက် ရွေးချယ်တာဝန်ပေးသင့်ပါသည်။ သို့မဟုတ်ပါက သမင်မွေးရင်းကျားစားရင်းဖြင့် သံသရာလည်နေဖွယ်ရာသာ မြင်မိပေသည်။

ပြဿနာဖြေရှင်းသည့် နည်းစနစ်ပိုင်းတွင်လည်း မက္ကဆီကိုနယ်စပ်မှ ခိုးဝင်ပြဿနာ ဖြေရှင်းနည်း၊ သီရိလင်္ကာမှ ခိုးဝင်တမီးလ်ပြဿနာ ဖြေရှင်းနည်း၊ ထိုင်းနယ်စပ် ခိုးဝင်ပြဿနာ ဖြေရှင်းနည်း၊ သြစတြေလျမှ ခိုးဝင်ပြဿနာ ဖြေရှင်းနည်း၊ အိန္ဒိယနယ်စပ်မှ ခိုးဝင်ပြဿနာ ဖြေရှင်းနည်း၊ ကိုဆိုဗိုမှ ခိုးဝင်ပြဿနာ ဖြေရှင်းနည်းများကို လေ့လာပြီး မဟာဗျူဟာ နည်းဗျူဟာကျကျ စေ့စေ့စပ်စပ် ကိုင်တွယ်နိုင်ပါမှ ရခိုင်ပြည်နယ်နှင့် ရခိုင်လူမျိုးများ၏ နောင်ရေး၊ ပြည်ထောင်စုကြီး နှင့် ပြည်ထောင်စုသားများ၏ နောင်ရေးကို ကာကွယ်နိုင်မည်ဖြစ်ကြောင်း ရေးသားလိုက်ရပါသည်။

(သူရိယသခင် ရေးသားသည်။)
4Like · ·

No comments:

Post a Comment