
၂၀၁၁ ခုနှစ် ရခိုင်ရိုးရာ နံ့သာသွေးပွဲကို တွေ့ရစဉ်
၂၀၀၄ ခုနှစ်မှစ၍ ရန်ကုန်မြို့၌ ကျင်းပခဲ့သည့် န၀မအကြိမ်မြောက် ရခိုင်ရိုးရာ သင်္ကြန်ပွဲတော်(ရန်ကုန်) ကို သိမ်ဖြူကွင်း၌ နောက်ဆုံးအကြိမ် အဖြစ် ကျင်းပမည်ဖြစ်ကြောင်း ရခိုင်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့(ရန်ကုန်)မှ သိရသည်။
ရခိုင်ရိုးရာ သင်္ကြန်ပွဲတော်(ရန်ကုန်) ကို ၂၀၀၄ ခုနှစ်မှစ၍ ရန်ကုန်မြို့ သိမ်ဖြူကွင်း၌ ကျင်းပခဲ့ရာ ယခုနှစ်တွင် န၀မအကြိမ်မြောက် ကျင်းပခြင်းဖြစ်ပြီး ၂၀၁၃ ခုနှစ် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲအတွက် အားကစားကွင်း တစ်ခု တည်ဆောက်မည်ဖြစ်၍ နောင်နှစ်များတွင် ကျင်းပခွင့်ရတော့မည် မဟုတ်သောကြောင့် ယခုနှစ်တွင် သိမ်ဖြူကွင်း၌ နောက်ဆုံးအကြိမ်အဖြစ် ကျင်းပခြင်းဖြစ်ကြောင်း ရခိုင်ရိုးရာ သင်္ကြန်ပွဲတော် ကျင်းပရေး ကော်မတီ မှ တာဝန်ရှိသူက ပြောပါသည်။
“ရခိုင်သင်္ကြန်ကို နောက်နှစ်တွေမှာ သိမ်ဖြူကွင်းမှာ ကျင်းပဖြစ်တော့မှာ မဟုတ်တော့ပါဘူး။ နောက်နှစ် တွေ ဘယ်မှာလုပ်ဖြစ်မယ်ဆိုတာ မသိသေးပါဘူး။ ဒီနှစ်မှာ နိုင်ငံရေးပါတီတွေကိုလည်း ဖိတ်ကြားထားပါတယ်။ တိုင်းရင်းသားတွေလည်း စုံစုံညီညီ တက်ရောက်ဖို့ ဖိတ်ခေါ်ပါတယ်။ ရခိုင်လူမျိုးတွေရဲ့ယဉ်ကျေးမှု၊ ဓလေ့ စရိုက်တွေကို တခြားတိုင်းရင်းသားတွေ သိရှိဖို့ ဒီလိုပွဲမျိုးကို နှစ်စဉ်နှစ်တိုင်း ကျင်းပခဲ့တာပါ”ဟု ရခိုင်ရိုးရာ သင်္ကြန်ပွဲတော် ကျင်းပရေးကော်မတီမှ ဥက္ကဋ္ဌ ဒေါ်စောခင်တင့်က ပြောပါသည်။
၂၀၁၂ ခုနှစ် ရခိုင်ရိုးရာသင်္ကြန် ပွဲတော်(ရန်ကုန်)ကို ဧပြီလ ၁၁ ရက် နေ့တွင် ရခိုင်ရိုးရာနံ့သာသွေးပွဲကို ကျင်းပမည်ဖြစ်ပြီး ၁၂ ရက်နေ့တွင် ဘုရားရေသပ္ပာယ်ပွဲနှင့် သင်္ကြန်ပွဲ တော်ဖွင့်ပွဲ၊ ဧပြီလ ၁၃ ရက်နေ့မှစ၍ ၁၆ ရက်နေ့အထိ သင်္ကြန်ရေလောင်းပွဲကို ကျင်းပမည်ဖြစ်ကြောင်းနှင့် ယခုနှစ်တွင် မြို့နယ်အသင်း၊ လူမှု ရေးအသင်း ၁၃ သင်းမှ ရေလောင်း မဏ္ဍပ်များ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
weeklyeleven-မှ
No comments:
Post a Comment