Sunday, June 16, 2013

`ပါကစ္စတန်အခြေစိုက် အစ္စလာမ္မစ်အကြမ်းဖက်အဖွဲ့အစည်းများနှင့် ပတ်သက်၍ အိမ်နီးချင်းဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငံတို့အား အိန္ဒိယနိုင်ငံမှ သတိပေး´

                                                             

၂၀၁၂ ခုနှစ်အတွင်း မြန်မာနိုင်ငံ ရခိုင်ကမ်းရိုးတန်းတစ်လျှောက် ဖြစ်ပွားခဲ့သော ဗုဒ္ဓဘာသာဝင် ဌာနေတိုင်းရင်းသားများနှင့် ရိုဟင်ဂျာခေါ် ဘင်္ဂါလီ မူဆလင်များ၏ အဓိကရုဏ်းကဲ့သို့သော ဖြစ်ရပ်များတွင် ပါကစ္စတန်အခြေစိုက် အစ္စလာမ္မစ်အကြမ်းဖက် အဖွဲ့အစည်းများ၏ ပါဝင်ပတ်သက်မှု အခန်းကဏ္ဍနှင့် ပတ်သက်၍ အိန္ဒိယအစိုးရမှ ၎င်း၏အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငံအား သတင်းအချက်အလက်များ မျှဝေပေးလိုက်ကြောင်း ဇန်န၀ါရီ ၃၀ ရက် အိန္ဒိယနိုင်ငံထုတ် ဟိန္ဒူစတန်တိုင်းမ် သတင်းစာမှ ဖော်ပြခဲ့သည်။



အဆိုပါ ပါကစ္စတန်အစ္စလာမ္မစ်အကြမ်းဖက် အုပ်စုများထဲတွင် အထင်ရှားဆုံး အကြမ်းဖက်အဖွဲ့အစည်းမှာ Lashkar-e-Taiba ဖြစ်သည်။ အိန္ဒိယအစိုးရ၏ ထိပ်တန်းထောက်လှမ်းရေး သတင်းအချက်အလက်များအရ ရိုဟင်ဂျာ ဘင်္ဂါလီမူဆလင်အကြမ်းဖက် လှုပ်ရှားမှုများကို နောက်ကွယ်မှ အဓိကငွေကြေးထောက်ပံ့ပေးနေသည်မှာ ဆော်ဒီအာရေးဗီးယားနိုင်ငံမှ အစ္စလာမ္မစ် အဖွဲ့အစည်းများဖြစ်ကြောင်း သိရှိရသည်။ အဆိုပါ အထူးလေ့ကျင့်ထားသည့် အကြမ်းဖက်သမားများသည် ပါကစ္စတန်နိုင်ငံ အခြေစိုက် အကြမ်းဖက်အုပ်စုများထံတွင် စခန်းသွင်းလေ့ကျင့်ခဲ့သူများဖြစ်ပြီး လိုအပ်သည့် လက်နက်ခဲယမ်း မီးကျောက်များကို ထိုင်းနိုင်ငံရှိ အစ္စလာမ္မစ်အုပ်စုများမှ တစ်ဆင့်ရရှိကြောင်း သိရှိရသည်။ ဘင်္ဂါလီရိုဟင်ဂျာများ ရင်ဆိုင်နေရသည့် စီးပွားရေး၊ လူမှုရေးအခက်အခဲများနှင့် ဆက်စပ်မှုမရှိဘဲ လက်နက်ခဲယမ်းနှင့် မူးယစ်ဆေးဝါးမှောင်ခို ကုန်သွယ်ရေးတွင် အဆိုပါ လူနည်းစု၏ ပါဝင်ပတ်သက်မှု၊ လေ့ကျင့်ရေးစခန်းထူထောင်ခြင်း အပါအ၀င် အကြမ်းဖက်အုပ်စုများအတွက် လုံခြုံစိတ်ချရသည့် နေရာများ ဖန်တီးပေးမှုစသည့် အချက်များသည် ဒေသတွင်း တည်ငြိမ်ရေးကို အဓိက အကြမ်းဖက်အုပ်စုများက စိန်ခေါ်နိုင်စေရေး ဖန်တီးပေးလျက်ရှိသည်ဟု အိန္ဒိယအစိုးရ ထိပ်တန်းအရာရှိတစ်ဦးက ပြောကြားသွားသည်။



နယူးဒေလီ၏ အဓိကစိုးရိမ်ပူပန်သည့်အချက်မှာ ပါကစ္စတန် အကြမ်းဖက်အုပ်စုများမှ ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငံမှ မူဆလင်များကို စုဆောင်းလေ့ကျင့်ပေးပြီး အိန္ဒိယအရှေ့မြောက်ပိုင်းတွင် အကြမ်းဖက်မှုများ ကျူးလွန်ရန်နှင့် ဒေသတွင်းတွင် အာသံအဓိကရုဏ်းကဲ့သို့ ဆူပူအုံကြွ သတ်ဖြတ်မှုများကို ဖန်တီးလာစေရန် နောက်ကွယ်မှ ကြိုးကိုင်အသုံးချမည်ကို ဖြစ်သည်။ ဘင်္ဂါလီရိုဟင်ဂျာ ဒုက္ခသည် အမြောက်အမြားရှိနေသော အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်တို့သည် Pakistani Inter - Services Intelligence နှင့် အစ္စလာမ္မစ်အကြမ်းဖက်အဖွဲ့ Lashkar-e-Taiba တို့၏ အရှိန်မြင့်လာသော ပူးပေါင်းစစ်ဆင်ရေးနှင့် ပတ်သက်၍ သတင်းအချက်အလက်များ အပြန်အလှန် ဖလှယ်ခဲ့ကြပြီးဖြစ်သည်။ အစိုးရနှစ်ခုစလုံးက စစ်တကောင်း တောင်တန်းဒေသအတွင်း ဘင်္ဂလားအစ္စလာမ္မစ် အစွန်းရောက်အဖွဲ့ Jaish-e-Mohammed (JeM)၏ အကြမ်းဖက် လှုပ်ရှားမှုများရှိကြောင်း ယုံကြည်ထားကြသည်။ ထိုအဖွဲ့သည် အထူးသဖြင့် ဘင်္ဂလားဒေ့ရှ်- မြန်မာနယ်စပ်တစ်လျှောက် Cox's Bazaar ခရိုင်မှ Teknaf sub-division အတွင်း လှုပ်ရှားလျက်ရှိကြောင်း သိရှိရသည်။ ရခိုင်ဒေသ ဆူပူအုံကြွမှု ဖြစ်ပွားပြီးနောက် Lashkar-e-Taiba နှင့် ၎င်း၏မိခင်အဖွဲ့အစည်းဖြစ်သော Jammaat-ud-Dawwa (JuD) တို့မှ ဦးဆောင်၍ ဖိုရမ်တစ်ခု ကျင်းပခဲ့ပြီး ၎င်းဖိုရမ်၏ အမည်မှာ Difa - e - Musalman Arakan - Burma Conference (Defence of Muslims in Myanmar) ဖြစ်ကြောင်း၊ ကျင်းပရခြင်း၏ ရည်ရွယ်ချက်မှာ အာဏာရ မြန်မာအစိုးရကို ဆန့်ကျင်ရန် မူဆလင်များအား စုစည်းမည့် ကမ်ပိန်းဖြစ်ကြောင်း သိရှိရသည်။



Lashkar-e-Taiba နှင့် Jammaat-ud-Dawwa (JuD) တို့မှ ၂၀၁၂ ခုနှစ် သြဂုတ်လ ၁၀ ရက်တွင် အဖွဲ့ဝင်နှစ်ဦးပါ အထူးကိုယ်စားလှယ်အဖွဲ့ကို ဖွဲ့စည်းပြီး ၎င်းတို့နှစ်ဦးမှာ Jammaat-ud-Dawwa (JuD)၏ ပြောရေးဆိုခွင့်ရှိသူ Nadeem Awari နှင့် လူမှုဆက်သွယ်ရေးအဖွဲ့မှ Shahid Mehmood Rehmatulah တို့ဖြစ်ကြောင်း သိရှိရသည်။ ၎င်းအဖွဲ့၏ တာဝန်မှာ ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငံရှိ အစ္စလာမ်ဘာသာရေးကျောင်းများမှ စီနီယာကိုယ်စားလှယ်များနှင့် ချိတ်ဆက်လှုပ်ရှားမှုကို တိုးမြှင့်ရန်ဖြစ်သည်။ အိန္ဒိယအစိုးရ၏ ထောက်လှမ်းရေးသတင်းများအရ Lashkar-e-Taiba ခေါင်းဆောင် Hafeez Saeed အပါအ၀င် စီနီယာအစွန်းရောက် အကြမ်းဖက်အဖွဲ့ ခေါင်းဆောင်များသည် မြန်မာနိုင်ငံကို ပစ်မှတ်ထားလျက်ရှိပြီး နိုင်ငံအတွင်းမှ အလားအလာရှိသည့် မူဆလင်များအား စုဆောင်းရန်နှင့် အကြမ်းဖက်လှုပ်ရှားမှုများကို အကောင်အထည်ဖော်ရန် တိုင်ပင်ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။ အဆိုပါအကြမ်းဖက်အဖွဲ့မှ ပြုပြင်ပြောင်းလဲရေးအတွက် ကြိုးပမ်းလျက်ရှိသည့် သမ္မတဦးသိန်းစိန် အစိုးရအား ရခိုင်ဒေသရှိ မူဆလင်များ၏ အတိဒုက္ခရောက်မှုအတွက် အဓိကတာဝန်ရှိကြောင်း ပြစ်တင်ဝေဖန်ခဲ့သည်။



Lashkar-e-Taiba ခေါင်းဆောင်များသည် ရခိုင်ဒေသရှိ ဘင်္ဂါလီရိုဟင်ဂျာများထံ Harkat ul Jihadi al Islami (HUJI), JeM နှင့် Jammaat ul Mujahideen Bangladesh (JMB) စသည့် ဘင်္ဂလားဒေ့ရှ် အခြေစိုက် အစ္စလာမ္မစ်အစွန်းရောက် အကြမ်းဖက်အဖွဲ့ဝင်များနှင့်အတူ အလည်အပတ်လာရောက်ရန် စီစဉ်နေကြောင်း၊ ၎င်းတို့၏ ရည်ရွယ်ချက်မှာ RSO (Rohingya Solidarity Organization) နှင့် ဆက်ဆံရေးတိုးမြှင့်ပြီး အကြမ်းဖက်လှုပ်ရှားမှုများကို တိုးမြှင့်မည့် အစီအစဉ်များ ရေးဆွဲရန်နှင့် အိန္ဒိယအရှေ့ဘက်ဒေသ အစွန်အဖျားတွင် အခြေစိုက်စခန်းတစ်ခု တည်ဆောက်ရန်ဖြစ်ကြောင်း အိန္ဒိယအစိုးရ ထိပ်တန်းအရောရှိတစ်ဦး၏ ပြောကြားချက်အရသိရှိရသည်။ အိန္ဒိယထောက်လှမ်းရေး အေဂျင်စီများမှ Jammaat ul Arakan (JuA) တည်ထောင်ခြင်း၊ JAM မှ လေ့ကျင့်ထားသည့် အကြမ်းဖက်သမားများအကြောင်းနှင့် တခြား ဘင်္ဂလီ ရိုဟင်ဂျာအစွန်းရောက်အကြမ်းဖက်အုပ်စုများနှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို ၀န်ကြီးချုပ် မန်မိုဟန်ဆင်း အစိုးရအဖွဲ့ထံ အစီရင်ခံ တင်ပြပြီးဖြစ်ကြောင်း သိရှိရသည်။



အိန္ဒိယထောက်လှမ်းရေးသတင်းများအရ JAM အဖွဲ့သည် ဘင်္ဂလားဒေ့ရှ် - မြန်မာနယ်စပ်အနီး Bandarban district အတွင်းရှိ လူသူအရောက်အပေါက်နည်းပါးသည့် ဝေးလံသော တောတွင်းတစ်နေရာ၌ လေ့ကျင့်ရေး စခန်းတစ်ခု တည်ဆောက်ကာ လူသစ်များအား စုဆောင်းလေ့ကျင့်သင်ကြားပေးခြင်းတွင် ပါဝင်ပတ်သက်နိုင်ကြောင်းနှင့် ၎င်းတို့တွင် မြန်မာနိုင်ငံအတွင်း ၀င်ရောက်ကာ လျှို့ဝှက် လှုပ်ရှားမည့် အစီအစဉ်များ ရှိနေကြောင်း ၎င်းအရာရှိက ဆက်လက်ပြေားကြားသွားသည်။ ပါကစ္စတန် စစ်ထောက်လှမ်းရေး (ISI)နှင့် ဘင်္ဂါလီ ရိုဟင်ဂျာအကြမ်းဖက်အဖွဲ့အစည်းများ ဆက်စပ်မှုကို အိန္ဒိယ ထောက်လှမ်းရေးမှ စတင်ခြေရာခံမိခြင်းမှာ ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့တွင် Cox's Bazaar ခရိုင်၊ Idgan madarassa ဒေသတွင် ဖမ်းဆီးရမိခဲ့သော Noor-ul-Amin ၏ ထုတ်ဖော်ပြေဆိုချက်အရ သိရှိခဲ့ခြင်းဖြစ်သည်။ အဆိုပါ ဘာသာရေးဆရာသည် ပါကစ္စတန်နိုင်ငံ Karachi မြို့ အခြေစိုက် Dar-ul-Uloom Islamiya madarassa တွင် လေ့ကျင့်ခဲ့သူဖြစ်ပြီး ယခင်က အရည်အသွေးရှိသည့် စစ်သွေးကြွများကို ရှာဖွေစည်းရုံးသည့်တာဝန်နှင့် ဘင်္ဂါလီရိုဟင်ဂျာများအား စည်းရုံးကာ အကြမ်းဖက်အဖွဲ့အဖြစ် စုဆောင်းလေ့ကျင့်ပေးခဲ့သူ ဖြစ်သည်။ ၎င်းကို အခန်းပိတ် စစ်ဆေးသည့်အချိန်တွင် သူ၏အဖွဲ့အစည်းသည် ပါကစ္စတန် စစ်ထေက်လှမ်းရေး (ISI) နှင့် ပတ်သက်မှုရှိသည့်အပြင် Karachi မြို့ အခြေစိုက် HUJI- (Arakan) ၏ စစ်ဦးစီးချုပ် Maulana Abdus Qudus Burmi နှင့်လည်း ပတ်သက်မှုရှိကြောင်း ၀န်ခံပြောကြားခဲ့သည်။ ဆက်လက်ပြီး ၎င်းက ပါကစ္စတန် စစ်ထောက်လှမ်းရေးအဖွဲ့သည် ဘင်္ဂါလီရိုဟင်ဂျာများအတွက် စစ်လက်နက်များ အရောင်းအ၀ယ် လုပ်ရာတွင်လည်း ပါဝင်ပတ်သက်ခဲ့ကြောင်း အတည်ပြု ပြောကြားသွားခဲ့သည်။ ၂၀၁၂ ခုနှစ် အောက်တိုဘာ ၈ ရက်နေ့တွင် Noor-ul-Amin ၏ အနီးစပ်ဆုံး လုပ်ဖော်ကိုင်ဖက် တစ်ဦးဖြစ်သည့် Ali Ahmed aka Abu Jibral ကို ဘင်္ဂလားဒေ့ရှ် လုံခြုံရေးတပ်ဖွဲ့မှ ဖမ်းဆီးရမိခဲ့သည်။ HUJI ၏ လက်ရှိ အဖွဲ့ဝင်တစ်ဦးဖြစ်သည့် Ahmed aka Abu Jibral အား ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ပတ်စပို့စာအုပ်နှင့် အတူ ပါကစ္စတန် နိုင်ငံဆိုင်ရာ စာရွက်စာတမ်းများနှင့် လက်ရ ဖမ်းဆီးမိခဲ့ခြင်း ဖြစ်သည်။ ၎င်းသည် လွန်ခဲ့သည့် လအနည်းငယ်က ပါကစ္စတန် စစ်ထောက်လှမ်းရေး (ISI) နှင့် Karachi မြို့ အခြေစိုက် Islamiya madarassa နှင့် ငွေကြေးအလွှဲအပြောင်းပြုလုပ်ရာတွင် ပါဝင် ပတ်သက်ခဲ့သူဖြစ်သည်။ Ali Ahmed aka Abu Jibral ကို အခန်းပိတ် စစ်ဆေးစဉ် ၎င်းက အာဖဂန်နစ္စတန် နိုင်ငံအတွင်း ဂျီဟတ်စစ်သားအဖြစ် တာဝန်ထမ်းဆောင်ခဲ့ကြောင်းနှင့် ၎င်း၏အဖွဲ့သည် ၁၉၈၅ ခုနှစ်မှ ၁၉၉၄ ခုနှစ်အထိ Waziristan မြောက်ပိုင်း၊ Miranshah ဒေသတွင် တာလီဘန်များနှင့် လက်တွဲခဲ့ကြောင်း ၀န်ခံပြောကြားသွားခဲ့သည်။



ဒါကာနှင့် နေပြည်တော်အစိုးရများသို့ ဘင်္ဂါလီရိုဟင်ဂျာ အကြမ်းဖက်ကွန်ရက်များနှင့် ပတ်သက်၍ တပ်လှန့်ပြီးချိန်တွင် အိန္ဒိယအစိုးရအနေဖြင့် ပါကစ္စတန် စစ်ထောက်လှမ်းရေး (ISI) မှ Lashkar-e-Taiba, Jaish-e-Mohammed (JeM), Harkat ul Jihadi al Islami (HUJI)နှင့် Tehrik-e-Azadi Arakan (TAA)ကဲ့သို့သော ဒေသတွင်း အစ္စလာမ္မစ်အစွန်းရောက် အဖွဲ့အစည်းများမှ တစ်ဆင့် ဘင်္ဂါလီမူဆလင် ဒုက္ခသည်များကို အစွန်းရောက် အကြမ်းဖက်အဖွဲ့ဝင်များအဖြစ် စုဆောင်းလေ့ကျင့်ကာ လုံခြုံရေးအားနည်းသည့် အိန္ဒိယအရှေ့မြောက်ပိုင်းဒေသများတွင် အကြမ်းဖက် တိုက်ခိုက်မှုများ ပြုလုပ်ရန် နောက်ကွယ်မှ ကြိုးကိုင်မည်ကို အထူးစိုးရိမ် ပူပန်လျက်ရှိကြောင်း သတင်းရရှိပါသည်။ ဘင်္ဂါလီရိုဟင်ဂျာ မူဆလင်များထံမှ ဘာသာရေးအစွန်းရောက်များစွာ တိုးပွားလာခြင်းသည် ရရှိထားသော သက်သေခံသတင်းအချက်အလက်များအရ ၎င်းတို့အား ပါကစ္စတန်အခြေစိုက်ဖောက်ခွဲရေး ပါရဂူများထံမှ ဒေသခံစစ်သွေးကြွများအဖြစ် လေ့ကျင့်မွေးထုတ်ပေးလျက်ရှိပြီး ဖောက်ခွဲရေးပစ္စည်းများကို ထုတ်လုပ်ခြင်းနှင့် မြန်မာ့တပ်မတော်အား ရင်ဆိုင်သည့်အခါ မည်သို့ အသုံးချရန် စနစ်တကျလေ့ကျင့်ပေးလျက်ရှိကြောင်း အခိုင်အမာသိရှိရပါသည်။


Source : Let seeks foothold in Myanmar Shishia, Hindustan Times.

ဘာသာပြန်ဆိုသူ - မြတ်သိန်းထွန်း
(၀ံသာနု)

No comments:

Post a Comment